backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဓါတ်မတည့်ခြင်း၏နောက်ဆက်တွဲပြဿနာများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဓါတ်မတည့်ခြင်း၏နောက်ဆက်တွဲပြဿနာများ

ဓါတ်မတည့်ခြင်းနှင့် နောက်ဆက်တွဲပြဿနာ

ဓါတ်မတည့်ခြင်းဆိုသည်မှာ ခန္ဓါကိုယ်၏ခုခံအားစနစ်က အန္တရာယ်မရှိသော ပန်းဝတ်မှုန် ၊ မှို ၊ တိရစ္ဆာန်အမွှေးများနှင့် အချို့သောအစားအစာတို့ကို ပြင်းထန်စွာပြန်လည်တုန့်ပြန်သည့် အခြေအနေတစ်ခုဖြစ်သည်။ အချို့သောဖြစ်စဉ်များတွင် အသက်အန္တရာယ်ရှိသည်အထိဆိုးရွားတတ်ပြီးနောက်ဆက်တွဲ ပြဿနာများကိုလည်း ဖြစ်စေနိုင်သည်။

(၁) သာမန်နောက်ဆက်တွဲပြဿနာများ

လူအများစုသည် သူတို့၏ဘဝတွင်သာမန်ဓါတ်မတည့်မှုကို ကြုံဖူးတတ်ကြသည်။ နှာရည်ယိုခြင်း ၊ နှာစေးခြင်းတို့သည်အဖြစ်များသောဓါတ်မတည့်မှု၏အကျိုးဆက်များဖြစ်သည်။ နှာရည်ယိုခြင်းသည် နှာခေါင်းတွင်ရောင်ရမ်းခြင်းကြောင့် ဖြစ်ရသည်။ နှာခေါင်းပိတ်ခြင်း ၊ နှာရည်ယိုခြင်းအပြင် မျက်ရည်ပူများကျခြင်းပါ ဖြစ်ပွားတတ်သည်။ နှာခေါင်းဘေးရှိ Sinusဟုခေါ်သောကလိုဏ်ခေါင်းလေးများရောင်ရမ်းခြင်းလည်း

ဖြစ်တတ်သည်။ အသက်ရှူလမ်းကြောင်းပိတ်ခြင်း၊ အစိမ်း (သို့မဟုတ်) ညိုပုပ်ပုပ်နှပ်ချေးများကျခြင်း ၊ နှာရည်များ လည်ချောင်းထဲစီးကျခြင်းနှင့် မျက်နှာတွင် ပူရှိန်းရှိန်းစပ်တပ်တပ် ဖြစ်ခြင်းတို့ ခံစားရတတ်သည်။ ခေါင်းအဆက်မပြတ်ကိုက်ခြင်း ၊ ဖျားခြင်းနှင့် ချောင်းဆိုးခြင်းတို့လည်း ဖြစ်ပွားတတ်သည်။ ဆေးဆိုင်တွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သောဆေးများက သာမန်အားပျော့သော ရောဂါလက္ခဏာများကို သက်သာစေနိုင်သော်လည်း အချို့လူများတွင် ဆရာဝန်နှင့် တိုင်ပင်၍ လိုအပ်သော ခုခံအားဆိုင်ရာကုထုံးများကို လည်းခံယူရလေ့ရှိသည်။

(၂) ယားယံသောအနီကွက်များ (အင်ပျဉ်ထခြင်း)

အင်ပျဉ်ထခြင်းဆိုသည်မှာအရေပြားတွင်ယားယံသောအနီကွက် ၊ အနီဖုများထခြင်းဖြစ်သည်။ ဓါတ်မတည့်သောအစားအစာ ၊ ဆေးဝါးတစ်ခုခုနှင့် ထိတွေ့ပြီးလျှင် ဖြစ်ပေါ်လာလေ့ရှိသည်။ ထိုထိတွေ့မှုကသွေးထဲရှိဟစ်စ်တမင်း ( Histamine ) ဟုခေါ်သော ပစ္စည်းတစ်မျိုးကို ထွက်စေသည်။ ထိုအခါ နှုတ်ခမ်းများ ထူထဲရောင်ကိုင်းလာခြင်း ၊ အရေပြားများ နီရဲဖူးရောင်ခြင်း မှတစ်ဆင့် ခြေလက်အင်္ဂါပုံပျက်ခြင်းအထိဖြစ်တတ်ပါသည်။ အကယ်၍ ထိုရောင်ရမ်းမှုသည် လည်ချောင်းအတွင်းတွင် ဖြစ်ပါကရုတ်တရက် ဓါတ်မတည့်မှုဖြစ်စဉ် ( Anaphylaxis ) ကိုပါ ဖြစ်ပေါ်စေသည်။ ထိုသို့ဖြစ်ပေါ်ပါက ဆရာဝန်နှင့်ပြသရန် လိုအပ်ပါသည်။ ဟစ်စ်တမင်း၏ အာနိသင်ကို ချေဖျက်သော ဆေးဝါးများသည်လည်း အင်ပျဉ်ထခြင်းကိုသက်သာစေသည်။

(၃) ပန်းနာရင်ကြပ်ရောဂါ

ဓါတ်မတည့်ခြင်းနှင့် ပန်းနာရင်ကြပ်ရောဂါသည် ဆက်စပ်နေသည်။ ဓါတ်မတည့်မှု မှတစ်ဆင့်ဖြစ်ပေါ်သော ပန်းနာရင်ကြပ်ရောဂါသည် အမေရိကန်ပြည်ထောင်စုတွင် အဖြစ်အများဆုံး ပန်းနာရင်ကြပ်ရောဂါ အမျိုးအစားဖြစ်သည်။ ဓါတ်မတည့်မှု ဖြစ်စေသော အရာတစ်ခုခုကို ထိတွေ့မိသောအခါ ခန္ဓါကိုယ်မှ ဓါတ်မတည့်မှုဖြစ်စဉ်ကို ဖြစ်ပွားစေသည့် ပဋိဇီဝပစ္စည်းများကို ထုတ်လွှတ်သည်။ ထိုဖြစ်စဉ်တွင် အသက်ရှူလမ်းကြောင်း ရောင်ရမ်းခြင်း ဖြစ်ပွားပြီး ရုတ်တရက် ပန်းနာရင်ကြပ်ရောဂါထခြင်းကို ဖြစ်စေသည်။ ထို့ကြောင့် ထိုရောဂါရှိသူများသည် လေပြွန်ချဲ့ဆေး ( Albuterol ) ပါဝင်သောရှူဆေးကိုသွားလေရာသယ်ဆောင်သွားသင့်သည်။ ဓါတ်မတည့်စေသော ပစ္စည်းများကို မထိတွေ့အောင် ရှောင်ရှားခြင်းနှင့် စောစီးစွာကုသမှု ခံယူပါက ပန်းနာရင်ကြပ်ရောဂါကို သက်သာစေပါသည်။

(၄) ရုတ်တရက်ပြင်းထန်ဓါတ်မတည့်မှုဖြစ်စဉ် ( Anaphylaxis )

ထိုဖြစ်စဉ်သည် ဆိုးရွားပြင်းထန်ပြီးသေဆုံးသည်ထိဖြစ်စေနိုင်သည်။ ပါဝင်သောရောဂါလက္ခဏာများမှာ-

• နီရဲယားယံသောအနီကွက်များထွက်ခြင်း

• အသက်ရှူလမ်းကြောင်းရောင်ရမ်းခြင်း

• အသက်ရှူကြပ်ခြင်း

• အသက်ရှူမဝခြင်း

• အစာမြိုရခက်ခဲခြင်း

• ဗိုက်အောင့်ခြင်း

• မျက်နှာနီရဲခြင်း( သို့မဟုတ်) ဖြူဖျော့သွားခြင်းတို့ဖြစ်သည်။

ထိုလက္ခဏာများဖြစ်ပေါ်ပါကနီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားသင့်သည်။ အသင့်ဖျော်ပြီး အက်ပီနပ်ဖရင်း ( Epinephrine ) ထိုးဆေးသည် ရောဂါလက္ခဏာများကို သက်သာစေနိုင်သော်လည်း ဆေးရုံ ၊ ဆေးခန်းသွားခြင်းကတော့ အကောင်းဆုံးဖြစ်သည်။

ဓါတ်မတည့်မှုကို ခံစားထိတွေ့မှုမှာ တစ်ဦးနှင့် တစ်ဦး မတူညီသည့်အတွက် ဓါတ်မတည့်ဖြစ်စဉ်များလည်း တစ်ယောက်နှင့်တစ်ယောက် ကွာခြားနိုင်သည်။ သာမန်နှာရည်ယိုခြင်းမှသည် အသက်အန္တရာယ်ရှိသော ရုတ်တရက် ပြင်းထန်ဖြစ်စဉ်အထိရှိတတ်သည်။ လူနာများအနေဖြင့် မိမိတို့၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ အကောင်းဆုံး ကုသမှုကို ခံယူသင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement