backup og meta

လက်ဖက်ရည်ကြမ်း ဟာ ဆီးချိုကို ကာကွယ်ပေးနိုင်သလား

လက်ဖက်ရည်ကြမ်း ဟာ ဆီးချိုကို ကာကွယ်ပေးနိုင်သလား

Green tea လက်ဖက်ရည်ကြမ်း ဟာ အလှအပရေးရာအတွက်သာမက အခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာကိုလည်း ပေးနိုင်တဲ့အတွက် ရေပန်းစားလှပါတယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချပေးခြင်း၊ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးခြင်း၊ အသားအရေကို စိုပြည်တောက်ပစေခြင်း၊ ခုခံအားကို မြှင့်တင်ပေးနိုင်ခြင်းတို့အပြင် ဆီးချိုဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီတစ်ခေါက်ပြောပြပေးမှာက လက်ဖက်ရည်ကြမ်း ဟာ ဆီးချိုကို ကာကွယ်ပေးနိုင်သလား ဆိုတာပါ။

ဆီးချိုအကြောင်း တစေ့တစောင်း

ကာဘိုဟိုက်ဒရိတ်ဓာတ်များပြားတဲ့ အစားအစာတွေကို စားမယ်ဆိုရင် အစာချေခြင်းဖြစ်စဉ်မှာ ကာဘိုဟိုက်ဒရိတ်တွေဟာ သကြားဓာတ်တွေအဖြစ် ပြောင်းလဲခြင်းခံရပါတယ်။

ဒီနောက်မှာတော့ ခန္ဓာကိုယ်ကနေ အင်ဆူလင်ဓာတ်ကို ထုတ်လုပ်ပေးပြီး သွေးတွင်းသကြားဓာတ်တွေကို ဆဲလ်တွေထဲ စုပ်ယူစေကာ စွမ်းအင်အဖြစ် ပြောင်းလဲ အသုံးပြုခြင်းနည်းနဲ့ သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ပေးပါတယ်။

ဒါပေမယ့် ဆီးချိုဝေဒနာရှင်တွေမှာတော့ ဒီဖြစ်စဉ်ဟာ မတူညီနိုင်တော့ပါဘူး။ အမျိုးအစား ၁ ဆီးချိုမှာဆိုရင် အင်ဆူလင်ဟော်မုန်းကိုလုပ်ပေးတဲ့ ပန်ကရိယမှာရှိတဲ့ ဆဲလ်တွေကို ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က မှားယွင်းဖျက်ဆီးလိုက်ပါတယ်။ ဒါကြောင့် အင်ဆူလင်တွေလည်း ထွက်မလာနိုင်တော့ပါဘူး။

အမျိုးအစား ၂ ဆီးချိုမှာတော့ အင်ဆူလင်ဟော်မုန်းတွေကို ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေက ကောင်းကောင်းမွန်မွန် တုံ့ပြန်ခြင်းမရှိတော့တာပါ။ ဒါကြောင့် သွေးထဲမှာ ရှိတဲ့ သကြားဓာတ်တွေကို အသုံးမပြုနိုင်ဘဲ ဒီတိုင်းထားထားသလို ဖြစ်နေတာမို့ ကြာလာတဲ့အခါ သွေးတွင်းသကြားဓာတ်ပမာဏတွေ မြင့်တက်လာပြီး ဆီးချိုရောဂါ ဖြစ်ပွားလာရပါတော့တယ်။

လက်ဖက်ရည်ကြမ်း ဟာ ဆီးချိုကို ကာကွယ်ပေးနိုင်သလား

Green tea အမျိုးအစား လက်ဖက်ရည်ကြမ်းဟာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို ဆီးချိုရှိနေပြီဆိုရင်လည်း ရောဂါကို ထိန်းချုပ်ထားနိုင်ဖို့ ကူညီပေးနိုင်ပါတယ် (အထူးသဖြင့် အမျိုးအစား ၂ ဆီးချိုကိုပေါ့)။

လက်ဖက်ရည်ကြမ်းဟာ ခန္ဓာကိုယ်ထဲကို ရောက်ရှိလာတဲ့အခါ ရှုပ်ထွေးများပြားတဲ့ ဓာတ်ပြုမှုတွေကို ဖြစ်ပေါ်စေပြီး ရလဒ်အနေနဲ့ အင်ဆူလင်ကို မတုံ့ပြန်တဲ့ ဆဲလ်တွေ ပြန်လည်အလုပ်လုပ်လာအောင်၊ အင်ဆူလင်ကို တုံ့ပြန်လာအောင် ပြုလုပ်ပေးတဲ့အတွက် သွေးတွင်းသကြားဓာတ်ပမာဏကို ကျဆင်းလာစေပါတယ်။

ဒါ့အပြင် Green tea မှာပါဝင်တဲ့ polyphenols ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတမျိုးဖြစ်ပြီး သွေးလွှတ်ကြောတွေကို ကျယ်စေတဲ့အတွက် သွေးပေါင်ချိန်တက် ခြင်းကို သက်သာစေပြီး သွေးခဲတာကို ကာကွယ်ပေးတဲ့အပြင် သွေးတွင်းကိုလက်စထရောဓာတ်ကိုလည်း လျှော့ချပေးပါတယ်။

ဒါတွေအားလုံးက နှလုံးနဲ့ သွေးကြောတွေကို ပိုမိုကျန်းမာကောင်းမွန်စေဖို့ချည်းပဲ ဖြစ်ပါတယ်။

လက်ဖက်ရည်ကြမ်း ကို အကျိုးရှိသထက်ရှိအောင် ဘယ်လိုသောက်သုံးမလဲ။

နေ့စဉ်သုံးစွဲသင့်တဲ့ polyphenols ပမာဏက ၂၀၀ – ၁၀၀၀ မီလီဂရမ် ဖြစ်ပြီး လက်ဖက်ရည်တခွက်မှာ polyphenols ၅ မီလီဂရမ်ကနေ ၁၈၀ မီလီဂရမ်ထိ ပါဝင်ပါတယ်။

Green tea ကို သောက်တဲ့အခါ အခြားသော အရာတွေ (ဥပမာ သကြား၊နို့ဆီ၊နို့ စသည်)ကို မထည့်ဘဲ သဘာဝအတိုင်း အသန့်စင်ဆုံးအရသာကို ရရှိအောင် သောက်တာဟာ အကောင်းဆုံးဖြစ်ပါတယ်။

လတ်ဆတ်တဲ့ Green tea ကို သောက်နိုင်ရင် အကောင်းဆုံးပါ။ တကယ်လို့ ဒီလိုမျိုး လတ်လတ်ဆတ်ဆတ်မရနိုင်ဖူးဆိုရင် Green tea အမှုန့်ကို သောက်ရင်လည်း အဆင်ပြေပါသေးတယ်။

ဒါပေမယ့် အမှုန့်သောက်ရင်တော့ polyphenols ဓာတ်ကို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပမာဏအတိုင်းရရှိဖို့တော့ ခက်ခဲပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အမှုန့်အနေနဲ့ဆိုရင် နေ့စဉ်လိုအပ်တဲ့ polyphenols ပမာဏကို ရရှိလာဖို့အတွက် ကျွန်တော်တို့ဟာ green tea ဆယ်ခွက်လောက် သောက်ဖို့လိုအပ်တဲ့အတွက် ဖြစ်ပါတယ်။

(လစ်ပတန် တီး လိုမျိုး) အိတ်ကလေးတွေနဲ့ လုပ်ထားတဲ့ Green tea ကိုလည်း ရွေးချယ်သောက်သုံးနိုင်ပြီး ဆီးချိုဝေဒနာရှင်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ လက်ဖက်ခြောက်အိတ်ကလေးတွေကိုပါ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။

ဒါဆိုရင် ကျွန်တော်တို့အနေနဲ့ နေ့စဉ်လိုအပ်တဲ့ polyphenols ပမာဏကို လွယ်ကူအဆင်ပြေစွာ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Green Tea and Diabetes: Prevention and Management – Healthline.
http://www.healthline.com/health/diabetes/green-tea- and-diabetes Accessed January 20, 2017
Why Drinking Tea May Help Prevent and Manage Type 2 Diabetes. http://www.everydayhealth.com/type-2-
diabetes/diet/drinking-tea- diabetes-prevention/ Accessed January 20, 2017
Green Tea for Diabetes | Green Tea in 3. https://greenteain3.com.au/green-tea- for-diabetes/ Accessed
January 20, 2017

ယခုပုံစံ

19/03/2024

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရယ်မောခြင်းကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

ဆီးချိုရောဂါကြိုတင်ကာကွယ်နိုင်မယ့် နေထိုင်မှုပုံစံပြောင်းလဲမှု (၈) ချက်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement