ဆီးချိုရောဂါစစ်ဆေးခြင်း -သွေးတွင်းဂလူးကို့စ်ဓါတ်စစ်ဆေးခြင်း

    ဆီးချိုရောဂါစစ်ဆေးခြင်း -သွေးတွင်းဂလူးကို့စ်ဓါတ်စစ်ဆေးခြင်း

    သွေးတွင်းဂလူးကို့စ်ဓါတ် စစ်ဆေးခြင်းကို ဆီးချိုရောဂါ နဲ့အကြိုဆီးချိုရောဂါ ရှိမရှိ သိအောင် စစ်ဆေးပါတယ်။

    သွေးတွင်းဂလူးကို့စ်ဓါတ် စစ်ဆေးခြင်း

    သင့်သွေးထဲမှာရှိတဲ့ ဂလူးကို့စ်ပမာဏကို စစ်ဆေးတာဖြစ်ပါတယ်။ သကြားလို့ခေါ်တဲ့ ဂလူးကို့စ်ဓါတ်ဟာ သင့်ကိုယ်ခန္ဓါရဲ့ အဓိကစွမ်းအင်ရင်းမြစ်ပါပဲ။ သင့်ရဲ့ ကိုယ်ခန္ဓါဟာ သင်စားလိုက်တဲ့ ကစီဓါတ်တွေကို ဂလူးကို့စ်အနေနဲ့ ပြောင်းလဲပေးပါတယ်။

    ဂလူးကို့စ်စစ်ဆေးခြင်းကို အမျိုးအစား (၁)၊ (၂) ဆီးချိုရောဂါနဲ့ ကိုယ်ဝန်ဆောင်ကာလ ဆီးချိုရောဂါတွေအတွက် ကနဦး စစ်ဆေးဖို့ သုံးပါတယ်။ ဆီးချိုရောဂါဆိုတာ သင်ရဲ့ သွေးထဲကဂလူးကို့စ်ဓါတ်ကို မြင့်တက်စေပါတယ်။

    ကျန်းမာသူတွေမှာတော့ သူတို့ရဲ့ ဂလူးကို့စ်ပမာဏကို အင်ဆူလင်လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးနဲ့ ထိန်းသိမ်းထားပါတယ်။

    ဒါပေမယ့် ဆီးချိုဖြစ်လာရင်တော့ သင့်ကိုယ်ခန္ဓါဟာ အင်ဆူလင်လုံလောက်အောင် မထုတ်နိုင်တာ ဒါမှမဟုတ် အင်ဆူလင်ဟာ ကောင်းစွာ အလုပ်မလုပ်တော့တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအတွက်ကြောင့် သင့်သွေးထဲမှာ ဂလူးကို့စ်ဓါတ် မြင့်တက်လာနိုင်ပါတယ်။

    ဒါကို မကုဘဲနေရင် ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

    တစ်ခါတလေမှာ ဂလူးကို့စ်ဓါတ်စစ်ဆေးတာကို သွေးတွင်း ဂလူးကို့စ်ဓါတ် အရမ်းနည်းသွားတဲ့ hypoglycemia လို့ခေါ်တဲ့ အခြေအနေကို သိဖို့လည်း သုံးတတ်ပါတယ်။

    ဆီးချိုရောဂါနှင့် သွေးတွင်းဂလူးကို့စ်ဓါတ်စစ်ဆေးခြင်း

    အမျိုးအစား (၁) ဆီးချိုရောဂါကို ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ တွေ့ရတတ်ပါတယ်။ သူတို့ရဲ့ခန္ဓါကိုယ်တွေဟာ အင်ဆူလင်ကို လုံလုံလောက်လောက် မထုတ်နိုင်လို့ဖြစ်တာပါ။ ဒါဟာ နာတာရှည် ရောဂါတစ်မျိုးဖြစ်ပြီး ဘဝတလျှောက်လုံး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ အဖြစ်နောက်ကျတဲ့ အမျိုးအစား (၁) ဆီးချိုကိုတော့ အသက် ၃၀၊ ၄၀ အရွယ်တွေမှာလည်း တွေ့ရလေ့ရှိပါတယ်။

    အမျိုးအစား (၂) ဆီးချိုကတော့ ကိုယ်အလေးချိန်များသော အဝလွန်သော လူကြီးတွေမှာ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေဟာ ကိုယ်ခန္ဓါက အင်ဆူလင်လုံလောက်စွာ မထုတ်တော့တဲ့အခါ၊ ထုတ်လိုက်တဲ့ အင်ဆူလင်ဟာလည်း ကောင်းစွာ အလုပ်မလုပ်နိုင်တဲ့အခါ ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ခြင်းအားဖြင့် ဒီရောဂါအမျိုးအစားရဲ့ အကျိုးသက်ရောက်မှုတွေလည်း နည်းလာတတ်ပါတယ်။

    ကိုယ်ဝန်ဆောင်စဉ် ဆီးချိုဖြစ်ခြင်းကတော့ ကိုယ်ဝန်ရှိနေစဉ်မှာ ဆီးချိုဖြစ်လာပေမယ့် ကလေးမွေးပြီးရင် ဒီရောဂါပျောက်သွားတတ်ပါတယ်။

    ရောဂါအတည်ပြုပြီးတဲ့အခါ ဆီးချိုရောဂါသည်တွေရဲ့ အခြေအနေကို ကောင်းစွာထိန်းချုပ်နိုင်ခြင်း ရှိမရှိ ဆုံးဖြတ်ဖို့ သွေးတွင်းဂလူးကို့စ်ကို စစ်ဆေးရပါတယ်။ ဆီးချိုရောဂါရှိသူတယောက် ဂလူးကို့စ်ဓါတ်မြင့်နေခြင်းဟာ ဆီးချိုကိုမှန်ကန်စွာ မထိန်းချုပ်နိုင်ဘူးလို့ ယူဆရပါတယ်။

    ဂလူးကို့စ်ဓါတ်ကို မြင့်စေတဲ့ တခြားအကြောင်းတွေကတော့ –

    • အကြိုဆီးချိုရောဂါ (အမျိုးအစား ၂ ဆီးချို ဖြစ်လာနိုင်ခြေရှိပါတယ်)

    • Hyperthyroidism ရောဂါ (သိုင်းရွိုက်ဂလင်း အလုပ်လုပ်လွန်ခြင်း)

    • ကျောက်ကပ်ပြဿနာများ

    • ပန်ကရိယရောင်ခြင်း

    • ပန်ကရိယကင်ဆာ စတာတွေဖြစ်ပါတယ်။

    ရှားရှားပါးပါး တွေ့ရတတ်တာတွေကတော့ ဂလူးကို့စ်ဓါတ်တက်ခြင်းဟာ acromegaly ခေါ် ကြီးထွားမှုမမှန်တဲ့ ရောဂါ၊ Cushing syndrome ခေါ် ဟော်မုန်းများတဲ့ရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်းနဲ့ adrenal ဂလင်း အကျိတ်ဖြစ်ခြင်း စတာတွေကို ညွှန်ပြတတ်ပါတယ်။

    တစ်ခါတလေ ဂလူးကို့စ်ဓါတ် အရမ်းနည်းနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီရလဒ်က သိပ်တော့ မတွေ့ရပါဘူး။ သွေးထဲမှာ ဂလူးကို့စ်နည်းရခြင်းဟာ အောက်ပါအကြောင်းတွေကြောင့် ဖြစ်ပါတယ်။

    • အင်ဆူလင်အသုံးလွန်ခြင်း

    • အစာငတ်မွတ်ခြင်း

    • Pituitary ဂလင်းမှ ဟော်မုန်းအထွက်နည်းခြင်း

    • Thyroid ဂလင်း အလုပ်လုပ်နည်းခြင်း

    Addison ရောဂါ၊ အရက်အလွန်အကျွံသောက်ခြင်း၊ အသည်းရောဂါနဲ့ insulinoma (အင်ဆူလင်အကျိတ်) ရောဂါတွေမှာလည်း ရှားရှားပါးပါး တွေ့ရတတ်ပါတယ်။

    စစ်ဆေးချက်အတွက် ဘယ်လိုပြင်ဆင်ရမလဲ

    ဂလူးကို့စ်ဓါတ်စစ်ဆေးနည်း ၂မျိုး ရှိပါတယ်။ အစာမစားဘဲ စစ်ဆေးနည်းနဲ့ ကျပန်းစစ်ဆေးနည်း ဖြစ်ပါတယ်။

    ပထမတစ်မျိုးကို စစ်မယ်ဆိုရင် မစစ်ဆေးခင် ၈နာရီအလိုကတည်းက မစားမသောက်ရပါဘူး။ ရိုးရိုးသောက်ရေပဲ သောက်ရပါတယ်။ ဒီစစ်ဆေးနည်းကို စစ်မယ်ဆိုရင် မနက်ပိုင်းမှာ စစ်သင့်ပါတယ်။ ဒါဆိုရင် နေ့ခင်းမှာ အစာမစားဘဲ နေစရာ မလိုတော့ပါဘူး။

    ကျပန်းစစ်ဆေးနည်းမှာတော့ စားသောက်နိုင်ပါတယ်။

    စိတ်ဖိအားများလွန်းရင် ဂလူးကို့စ်ဟာ ယာယီ မြင့်တက်တတ်ပါတယ်။ ခွဲစိတ်မှုခံယူခြင်း၊ ဒဏ်ရာရခြင်း၊ လေဖြတ်ခြင်း၊ နှလုံးဖောက်ခြင်း စတဲ့အခြေအနေတွေမှာ စိတ်ဖိအား များတတ်ပါတယ်။ တချို့ဆေးဝါးတွေဟာလည်း ဂလူးကို့စ်ဓါတ်ကို မြင့်တက်စေပါတယ်။

    သင့်အနေနဲ့ ဆရာဝန်ညွှန်ကြားသောဆေး၊ ဆေးဆိုင်မှဝယ်သောက်သောဆေး၊ တိုင်းရင်းဆေး အပါအဝင် ဘာဆေးတွေသောက်နေရတယ်ဆိုတာ ဆရာဝန်ကို အမြဲပြောပြထားရပါမယ်။ ဒါမှ ဆရာဝန်ဟာ ဆီးချိုမစစ်မီ ဘယ်ဆေးတွေရပ်ထားသင့်လဲ၊ ဆေးပမာဏဘယ်လိုပြောင်းလဲသင့်လဲဆိုတာ ညွှန်နိုင်ပါလိမ့်မယ်။

    သွေးတွင်းဂလူးကို့စ်ပမာဏကို အပြောင်းအလဲရှိစေနိုင်တဲ့ ဆေးများကတော့-

    • acetaminophen
    • corticosteroid ဆေးများ
    • steroid ဆေးများ
    • ဆီးဆေးများ
    • ပဋိသန္ဓေတားဆေး (သောက်ဆေး)
    • ဟော်မုန်းဓါတ်ကုသခြင်း
    • Asprin သွေးကျဲဆေး
    • စိတ်ရောဂါကုသောက်ဆေးများ
    • lithium
    • epinephrine
    • tricyclic စိတ်ကျရောဂါဆေး
    • monoamine oxidase inhibitors (MAOIs)
    • phenytoin
    • sulfonylurea ဆေးများ စတာတွေပဲ ဖြစ်ပါတယ်။

    စစ်ဆးချိန်အတွင်း ဘာတွေကြုံရမလဲ

    ဒီစစ်ဆေးနည်းမှာ သွေးပမာဏ နည်းနည်းဖောက်ဖို့ပဲ လိုပါတယ်။

    သင့်သွေးပြန်ကြောထဲကသွေးကို တံတောင်ဆစ်ကွေးကဖြစ်ဖြစ် လက်ကနေဖြစ်ဖြစ် နည်းနည်း ထုတ်ယူပါလိမ့်မယ်။ သွေးမယူခင်မှာ သွေးဖောက်မယ့်နေရာကို ပိုးသေမယ့် အရည်တမျိုးမျိုးနဲ့ သန့်ရှင်းပေးပါလိမ့်မယ်။ လက်မောင်းမှာ သားရေကြိုးတစ်ခုခုစည်းပြီး သွေးတွေ သွေးပြန်ကြောထဲမှာ အိုင်လာဖို့ လုပ်ပါမယ်။

    ပြီးတဲ့အခါမှာ ပိုးသတ်ထားတဲ့အပ်နဲ့ သွေးပြန်ကြောထဲ ထိုးပါလိမ့်မယ်။ သွေးကို ပြွန်ထဲထည့်ပြီးရင် လက်စည်းထားတာကို ဖြုတ်ပါမယ်။ သင့်အနေနဲ့ အပ်နဲ့ပေါက်သလောက် မီးနဲ့တို့မိသလောက် အနည်းငယ်နာကျင်ပါလိမ့်မယ်။ ပြီးရင် လက်မောင်းကို လျော့ထားလိုက်ရင် နာတာလျော့နိုင်ပါတယ်။

    သွေးစုပ်ယူအပြီး အပ်နှုတ်ပြီးရင် အပ်ပေါက်နေရာကို ဖိထားရပါမယ်။ သွေးခြေဥတာမဖြစ်အောင် မိနစ်အနည်းငယ်လောက် ဆက်ဖိပေးထားရပါမယ်။ သွေးနမူနာကိုတော့ ဓါတ်ခွဲခန်းပို့စစ်မှာ ဖြစ်ပါတယ်။ ဆရာဝန်ဟာ သင့်ကိုပြန်ချိန်းပြီး အဖြေပြောပါလိမ့်မယ်။

    အစာမစားဘဲစစ်ဆေးနည်း အဖြေများ

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ သတ်မှတ်ချက်အရ အစာမစားဘဲစစ်ရင် ရရှိသင့်တဲ့ ရလဒ်ကတော့

    ပုံမှန်။ ၆.၀ mmol/L နဲ့အောက် (၁၁၀ mg/dl အောက်)

    သိပ်မကောင်းသောအဆင့်။ ၆.၁ မှ ၆.၉ mmol/L ကြား (၁၁၀ mg/dl မှ ၁၂၅ mg/dl ကြား)

    ဆီးချိုရောဂါ။ ၇.၀ mmol/L နှင့်အထက် (၁၂၆ mg/dl နှင့်အထက်)

    သိပ်မကောင်းသောအဆင့်ဟာ အကြိုဆီးချိုအဆင့် (ဆီးချိုရောဂါဖြစ်လာနိုင်ခြေအဆင့်) ဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Blood Glucose Test. (n.d.). Cleveland Clinic.
    http://my.clevelandclinic.org/services/blood_glucose_test/hic_blood_glucose_test.aspx

    Glucose. (2011, September 28). Lab Tests Online.
    http://labtestsonline.org/understanding/analytes/glucose/tab/test
    Glucose Test—Blood. (2011, May 22). National Library of Medicine – National Institutes of Health. http://www.nlm.nih.gov/medlineplus/ency/article/003482.htm

    စာရေးသူ ဓာတ်ပုံbadge
    Dr. Thant Zin မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။