backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆီးချိုနောက်ဆက်တွဲ မျက်စိပြသနာများ-အမြင်အာရုံချို့ယွင်းခြင်း


Dr. Thant Zin မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆီးချိုနောက်ဆက်တွဲ မျက်စိပြသနာများ-အမြင်အာရုံချို့ယွင်းခြင်း

ဆီးချိုကြောင့်ဖြစ်သော မျက်စိပြသနာများ

အမြင်အာရုံချို့ယွင်းခြင်း

ဆီးချိုရောဂါဟာ အမြင်အာရုံချို့ယွင်းစေတဲ့ အခြေအနေတွေ အထူးသဖြင့် အမြင်လွှာပျက်စီးခြင်းနဲ့ နီးစပ်စွာ ဆက်စပ်မှု ရှိပါတယ်။ သတင်းကောင်းကတော့ ၄င်းမျက်စိပြဿနာများကို သိရှိခြင်းနဲ့ ကုသခြင်းနေရာတွေမှာ တိုးတက်နေပါတယ်။

အမြင်အာရုံချို့ယွင်းခြင်းဆိုတာ ဘာလဲ

အမြင်အာရုံချို့ယွင်းခြင်းဆိုတာ မျက်မှန်တပ်ခြင်း၊ မျက်ကပ်မှန်တပ်ခြင်းများနဲ့ အပြည့်အ၀ ပြန်မကောင်းလာနိုင်တဲ့ အမြင်ချို့ယွင်းမှုပဲ ဖြစ်ပါတယ်။

ကမ္ဘာတဝှမ်းမှာ လူပေါင်း ၂၈၅ သန်းဟာ အမြင်အာရုံချို့ယွင်းတယ်လို့ ခန့်မှန်းထားပြီး ဒီအထဲမှာမှ ၃၉ သန်းဟာ လုံးဝကွယ်နေပြီး ၂၄၆ သန်းဟာ အမြင်အာရုံ အားနည်းပါတယ်။

ဘယ်သူတွေ ဒီပြသနာရှိနိုင်လဲ

အမြင်အာရုံချို့ယွင်းသူတွေရဲ့ ၆၅ ရာခိုင်နှုန်းခန့်ဟာ အသက် ၅၀နဲ့ အထက်မှာဖြစ်ပြီး ဒီအသက်အရွယ်တွေဟာ ကမ္ဘာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းခန့် ရှိပါတယ်။ နိုင်ငံပေါင်းများစွာမှာ အသက်အရွယ်ကြီးသူတွေ များလာတာနဲ့အမျှ နာတာရှည်မျက်စိရောဂါနဲ့ အိုမင်းခြင်းကြောင့်ဖြစ်ရတဲ့ အမြင်အာရုံချို့ယွင်းခြင်းတွေ အဖြစ်များလာကြပါတယ်။

ဆီးချိုဖြစ်သူတွေရဲ့ အမြင်အာရုံဆုံးရှုံးမှုဖြစ်နိုင်ခြေဟာ ဆီးချိုမရှိသူတွေထက် ၂၅ ဆ ပိုများပါတယ်။ ဒါကြောင့် အမြင်အာရုံချို့ယွင်းခြင်းဟာ ဆီးချိုရဲ့ ကြောက်စရာအကောင်းဆုံး နောက်ဆက်တွဲပြသနာ ဖြစ်ပါတယ်

အမြင်ချို့ယွင်းမှု လက္ခဏာတွေက ဘာတွေလဲ

အမြင်ချို့ယွင်းခြင်းကို အမြင်ချို့ယွင်းမှုနဲ့ ဆိုးရွားသော အမြင်ချို့ယွင်းမှုဆိုပြီး ၂မျိုးသတ်မှတ်နိုင်ပါတယ်။

အမြင်ချို့ယွင်းမှု

ယခင်က တစ်စိတ်တစ်ပိုင်း အမြင်ချို့ယွင်းမှုလို့ ခေါ်ပြီး အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။

  • မြင်နိုင်စွမ်း အားနည်းပါတယ်။ ဒါပေမယ့် မြင်ကွင်းတစ်ခုလုံး မြင်ရပါသေးတယ်။
  • မြင်နိုင်စွမ်းရော မြင်နေရတဲ့ မြင်ကွင်းပါ အနည်းငယ် ကျဆင်းလာပါတယ်။ မြင်ကွင်းအလယ်မှာ မကြည်မလင်ဖြစ်ပြီး ေဝဝါးလာတတ်ပါတယ်။
  • မြင်နိုင်စွမ်းတော့ ကောင်းနေပါသေးတယ်။ ဒါပေမယ့် မြင်ကွင်းဟာ သိသိသာသာ ကျဆင်းသွားပါတယ်။

ဆိုးရွားသော အမြင်ချို့ယွင်းမှု

ဆေးပညာဖွင့်ဆိုချက်မှာတော့ ဆိုးရွားသောအမြင်ချို့ယွင်းမှုဆိုတာ လူပုဂ္ဂိုလ်တဦးဟာ မျက်စိကွယ် နေတာကြောင့် အမြင်အာရုံကိုသုံးပြီး လုပ်ကိုင်ရသမျှအလုပ်တွေကို မလုပ်ကိုင်နိုင်တော့တဲ့အခါလို့ ဖွင့်ဆိုထားပါတယ်။

အောက်ပါ ၃ချက်မှာ တချက်ပါဝင်ပါတယ်။

  • အလွန်ဆိုးရွားတဲ့ မြင်နိုင်စွမ်းအားနည်းမှုရှိပါတယ်။ ဒါပေမယ့် မြင်ကွင်းတော့ အပြည့်မြင်ရပါသေးတယ်။
  • အားနည်းတဲ့ မြင်နိုင်စွမ်းရှိပြီး မြင်ကွင်းဟာ အလွန်ဆိုးရွားစွာ ကျဆင်းတတ်ပါတယ်။
  • မြင်နိုင်စွမ်း အနည်းငယ်ကျဆင်းပြီး မြင်ကွင်းဟာ သိသိသာသာ ကျဆင်းနေပါတယ်။

ဘာကြောင့် အမြင်အာရုံချို့ယွင်းတတ်သလဲ

ဆီးချိုကနေ မျက်စိကို ထိခိုက်မှုအများဆုံးဖြစ်စေတာကတော့ အမြင်လွှာထဲက သွေးကြောတွေပျက်စီးပြီး အမြင်လွှာကွာကျခြင်း ဖြစ်ပါတယ်။

ဆီးချိုကြောင့် အမြင်ချို့ယွင်းခြင်းသည် အမြင်အာရုံဆုံးရှုံးခြင်းကို သေချာပေါက်တော့ မဖြစ်စေပါဘူး။ သိပ်အခြေအနေမဆိုးခင် သိမယ်ဆိုရင် ကုသနိုင်၊ နှေးကွေးအောင် လုပ်နိုင်ပါတယ်။

ဆီးချိုကြောင့် အတွင်းတိမ်၊ ရေတိမ်စတဲ့ မျက်စိရောဂါများ ပိုဆိုးစေနိုင်ပါတယ်။

ရောဂါကို ဘယ်လို အတည်ပြုမလဲ

အမြင်အာရုံစမ်းသပ်နိုင်တဲ့ အဓိကနယ်ပယ် ၂ခုရှိပါတယ်။

  • မြင်နိုင်စွမ်း။ ပင်မအမြင်အာရုံနဲ့ ပစ္စည်းတွေကို အသေးစိတ်ကြည့်ပါတယ်။ စာဖတ်ခြင်း၊ တယ်လီဗီးရှင်း ကြည့်ခြင်း စတာတွေ ဖြစ်ပါတယ်။
  • မြင်ကွင်း။ ရှေ့တည့်တည့်ကို ကြည့်နေစဉ်မှာ မြင်ကွင်းဘေးပတ်လည်ကို မြင်နိုင်စွမ်း ဖြစ်ပါတယ်။

မြင်နိုင်စွမ်း စစ်ဆေးခြင်း

မြင်နိုင်စွမ်းကို စစ်ဆေးဖို့ Snellen စစ်ဆေးနည်းဆိုတဲ့ နည်းတစ်ခုကို သုံးတတ်ပါတယ်။ ကားချပ်တခုမှာ ရေးထားတဲ့စာလုံးတွေကို တဖြည်းဖြည်းချင်း သေးသွားစေပြီး ဖတ်ခိုင်းတဲ့နည်း ဖြစ်ပါတယ်။ ဒီကားချပ်ဟာ ပုံမှန်စစ်ဆေးနေကျ မျက်စိစမ်းသပ်ရာမှာ သုံးပါတယ်။

စစ်ဆေးပြီးနောက်မှာ သင့်ရဲ့မြင်နိုင်စွမ်းကို အမှတ်ပေးပါတယ်။ Snellen ပေးမှတ်မှာ ကိန်းဂဏန်း ၂မျိုး ပါဝင်ပါတယ်။ ပထမဂဏန်းဟာ ကားချပ်ပေါ်က စာလုံးတွေကို ဘယ်လောက်ဝေးဝေးကနေ သင်ဖတ်နိုင်လဲဆိုတာ အတွက်ပါ။

ဒုတိယဂဏန်းကတော့ ပုံမှန်မြင်နိုင်စွမ်းရှိသူတယောက်ဟာ ကားချပ်ကို ဘယ်လောက်ဝေးဝေးကနေ ဖတ်နိုင်သလဲဆိုတာ ကိုယ်စားပြုပါတယ်။

မြင်ကွင်းစစ်ဆေးခြင်း

မြင်ကွင်းစစ်ဆေးဖို့ နည်းလမ်းပေါင်းများစွာ သုံးနိုင်ပါတယ်။

စမ်းပ်နည်းတခုကတော့ ရှေ့တည့်တည့်က ပစ္စည်းကို ကြည့်နေစေပြီး ဘေးဖက်ကနေ မီးအလင်းရောင် တခုကို ဖွင့်ချည်ပိတ်ချည်လုပ်တာပါ။ အလင်းရောင်ကို မြင်တိုင်းမှာ ခလုတ်တခုကို သင်နှိပ်ရပါမယ်။ အဲဒီနည်းနဲ့ သင့်မြင်ကွင်းမှာ ဟာကွက်ရှိမရှိ သိနိုင်ပါတယ်။

နောက်တနည်းကတော့ ဆရာဝန်ဟာ သင့်ကို မြင်ကွင်းရှေ့ကိုဖြတ်ပြီး ရွေ့နေတဲ့ ပစ္စည်းတခုခုနောက် (စစ်ဆေးသူရဲ့လက်ဖြစ်စေ) လိုက်ကြည့်စေပါတယ်။ ဆရာဝန်ဟာ သင် အဲဒီအရာကို ဘယ်အချိန်မှာ စမြင်သလဲ၊ ဘယ်အချိန်မှာ မမြင်ရတော့လဲ မေးပါလိမ့်မယ်။

အမြင်အာရုံချို့ယွင်းခြင်းအတွက် ကုသမှုတွေဟာ ဘာတွေလဲ

မျက်စိကွယ်နေသူ၊ အမြင်ချို့ယွင်းသူတွေအတွက် အထောက်အကူပစ္စည်းတွေဟာ တိုးတက်လာနေပါတယ်။ ဆော့ဝဲတွေ၊ အမြင်အာရုံပြဿနာရှိသူတွေအတွက် ဆီးချိုကုသဖို့ အထောက်အကူပြုပစ္စည်းတွေကို ရရှိနိုင်ပါတယ်။

ကုသမှုနည်းလမ်းတွေမှာ ခွဲစိတ်ကုသမှုရော ဆေးပေးကုသခြင်းပါ နည်းလမ်းတွေ ရှိပါတယ်။ သွေးတွင်းဂလူးကို့စ်ဓါတ်၊ သွေးပေါင်ချိန်နဲ့ အဆီဓါတ်မြင့်တက်ခြင်းတွေကို ထိန်းချုပ်တာဟာ ဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်းနဲ့ တခြား အမြင်အာရုံဆိုင်ရာပြသနာတွေကို တွန်းလှန်ဖို့ အဓိကနေရာမှာ ပါဝင်နေပါတယ်။

လေဆာရောင်ခြည်သုံးစွဲစေခြင်းဟာ ဆီးချိုကြောင့်အမြင်လွှာ အတွင်းပိုင်းရောင်ခြင်းအတွက် လက်ရှိအဆင့်မီ ကုသမှုတခုပဲ ဖြစ်ပါတယ်။ အချိန်မီကုသရင် လက်ရှိမြင်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ပြီး အမြင်အာရုံကို တိုးတက်မှုနည်းပါးစေပေမယ့် လုံးဝကွယ်သွားတာမျိုး မဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။

သုတေသီတွေဟာ ယနေ့အခါမှာ မျက်လုံးထဲကို ဆေးထိုးပြီး VGEF ဆိုတဲ့ သွေးကြောတွေ ဖွံ့ဖြိုးကြီးထွားမှုအကြောင်းရင်းကို ပိတ်ဆို့စေတဲ့ နည်းလမ်းကို ရှာဖွေထားနိုင်ပါတယ်။ အဲဒီ VGEF ဖွံ့ဖြိုးမှုဆန့်ကျင် ပစ္စည်းတွေဟာ အမြင်လွှာအတွင်းပိုင်းသွေးကြောတွေ ပေါက်ပြီး ရောင်ရမ်းတာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

လက်ရှိ သူတေသနအားထုတ်မှုတွေမှာ ဆီးချိုကြောင့် အမြင်လွှာပျက်ခြင်းဖြစ်ပွားလာခြင်းကို ကာကွယ်ခြင်း၊ ဖွံ့ဖြီုးမှုကိုနှေးကွေးစေခြင်း နဲ့ ကုသမှုနည်းလမ်းများ ရှာဖွေခြင်းတို့ ပါဝင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement