backup og meta

စိတ်ချရတဲ့ Mask တစ်ခုရဲ့ လက္ခဏာ ၆ ရပ်

စိတ်ချရတဲ့ Mask တစ်ခုရဲ့ လက္ခဏာ ၆ ရပ်
စိတ်ချရတဲ့ Mask တစ်ခုရဲ့ လက္ခဏာ ၆ ရပ်

COVID-19 ကပ်ဘေးကာလကြီးမှာ မဖြစ်မနေ အိမ်ပြင်ထွက်ကြတဲ့အခါ Mask (မျက်နှာဖုံး) တစ်ခုခုတော့ တပ်ဆင်သွားဖို့ မဖြစ်မနေလိုအပ်ပါတယ်။

အိမ်ထဲမှာ နေနေတုန်းကတော့ Social Distancing လုပ်ရတာ အဆင်ပြေနိုင်ပေမယ့် အပြင်ထွက်ပြီဆိုရင် လူတစ်ယောက်နဲ့ တစ်ယောက်အကြား Physical Distancing လုပ်ဖို့ ခက်ခဲတဲ့ အနေအထားမျိုးတွေ ရှိလာမှာဖြစ်ပါတယ်။

တစ်စုံတစ်ယောက်နဲ့ နီးနီးကပ်ကပ်နေရှိနေခဲ့မယ်ဆိုရင် စကားပြောတာ၊ သီချင်းဆိုတာ၊ အော်ဟစ်ရယ်မောတာကနေစလို့ နှာချေ၊ ချောင်းဆိုးတာအထိ ဘာမဆိုဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ထွက်လာတဲ့ အမှုန်အမွှားတွေမှာ ရောဂါပိုးတစ်စုံတစ်ရာ ပါရှိနေမယ်ဆိုရင် အသက်ရှူလမ်းကြောင်းထဲကနေ တဆင့် ရောဂါပိုးကူးနိုင်ချေရှိလို့ပါ။

ဒါကြောင့် ဘယ်သွားသွား Mask တပ်သွားဖို့ လိုတယ်လို့ ဆိုတာပါ။ Mask တပ်ဆင်ရာမှာလည်း စိတ်အချရဆုံးဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေအတွက် ရည်ရွယ်ထုတ်ထားတဲ့ N95 ရယ်၊ Surgical Mask ရယ်၊ အဝတ် Mask ရယ်ဆိုပြီး အမျိုးမျိုးရှိနိုင်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ သာမန်လူတွေအနေနဲ့ မဖြစ်မနေအခြေအနေမှာ အဝတ်နဲ့ ချုပ်လုပ်ထားတဲ့ Mask တွေကို တပ်လို့ရတယ်လို့ ဆိုထားပါတယ်။ အဝတ်နဲ့ ဖန်တီးချုပ်လုပ်ထားတဲ့ Mask တွေဟာ ရောဂါပိုးကို ကာကွယ်နိုင်ချေနည်းပေမယ့် ဘာမှမတပ်ထားတာထက်စာရင်တော့ အများကြီး အထောက်အကူဖြစ်စေ နိုင်တာကြောင့်ဖြစ်ပါတယ်။

စိတ်ချရတဲ့ Homemade Mask တစ်ခုဖြစ်ဖို့ဆိုရင်

ဘယ်လို Mask အမျိုးအစားကို တပ်ဆင်အသုံးပြုသည်ဖြစ်စေ အရေးပါတဲ့ အချက် ၆ ချက်နဲ့ ကိုက်ညီဖို့တော့လိုအပ်ပါတယ်။ Mask တစ်ခုရဲ့ အရေးပါတဲ့ စရိုက်သဘာဝလို့ ဆိုရမလားပဲ။

မိမိရဲ့ နေအိမ်ကနေပြီး ကိုယ်တိုင်လုပ် Mask တစ်ခုဖန်တီးတော့မယ်ဆိုရင် အောက်ပါ အချက်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။

၁။ ချုပ်ရိုးပေါ်တာလား? မပေါ်တာလား?

မိမိရွေးချယ်သုံးစွဲမယ့် Mask ဟာ ချုပ်ရိုးပါတဲ့ဟာလား၊ ချုပ်ရိုးပျောက်ဟာလား ဆိုတာကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ ရွေးချယ်မှုကတော့ ချုပ်ရိုးမပေါ်တဲ့ဟာကို အသုံးပြုတာပါပဲ။ နေအိမ်ထဲမှာ အသုံးပြုရာမှာ ဘယ်ဟာကိုမဆို သုံးနိုင်ပေမယ့် အပြင်သွားချိန်တွေမှာတော့ ချုပ်ရိုးမပါတဲ့ အမျိုးအစားတွေကို ရွေးချယ် အသုံးပြုရမှာဖြစ်ပါတယ်။

၂။ အထည်စ

စိတ်ချရတဲ့ အထည်စပါရှိတဲ့ Mask မျိုးကသာ သင့်ကို ရောဂါပိုးအန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ပိတ်စတိုင်းက သင့်ကို မကာကွယ်ပေးနိုင်ဘူးဆိုတာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးရွေးချယ်မှုကတော့ အနည်းဆုံး အလွှာ ၂ ထပ်ပါဝင်ပြီး စနစ်တကျ ကျစ်လျစ်စွာ ယက်လုပ်ထားတဲ့ ချည်ထည်ပိတ်စမျိုးပါ။

ဒါမှသာ အသက်ရှူဖို့ အဆင်ပြေနိုင်မှာဖြစ်သလို အသက်ရှူလမ်းကြောင်းထဲကို အရည်စက်တွေ ဝင်ရောက်မှုကိုလည်း တားဆီးနိုင်မှာပါ။

၃။ Filter

တချို့တွေဟာ Mask ထဲကို ထည့်သွင်းတဲ့ Filter ကို ဖြစ်သလို ထည့်သွင်းတတ်ကြပါတယ်။ တစ်ခါတစ်လေမှာ နေရာလွဲချော်နေတာမျိုးတောင် ရှိတတ်ပါတယ်။ တချို့ဆို ထည့်ကိုမထားပါဘူး။ Filter ဟာ Mask ရဲ့ အသက်ဖြစ်ပါတယ်။ CDC ကတော့ တစ်ခါသုံး ကော်ဖီစစ် ဆန်ကာဟာ အိမ်လုပ် Mask တွေအတွက် အသင့်လျော်ဆုံးလို့ ဆိုထားပါတယ်။ အလွယ်တကူရနိုင်ပြီးတော့ အသုံးပြုရလွယ်တာကြောင့်ဖြစ်ပါတယ်။

ဒါ့အပြင် polypropylene ပါဝင်တဲ့ ဖိုက်ဘာစတွေ၊ မီးဖိုချောင်သုံး နိုင်လွန်စတွေ၊ တစ်ခါသုံးလက်သုတ်စတွေ၊ ဘရာစီယာအခွံသန့်သန့်တွေနဲ့ ကင်းဗတ်စသန့်သန့်တွေကိုလည်း အသုံးပြုနိုင်တယ်လို့ ဆိုထားပါတယ်။

၄။ အံဝင်ခွင်ကျမှု

Mask တစ်ခုဟာ ဘေးအန္တရာယ်ကင်းကင်း အသက်ရှူသွင်းနိုင်ဖို့ အရေးကြီသလို မျက်နှာပေါ်က လိုအပ်တဲ့ အစိတ်အပိုင်းတွေကို အပြည့်အဝ ကာကွယ်နိုင်ဖို့ကလည်း အရေးပါပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ မျက်နှာဖုံးက မဟသင့်တဲ့နေရာတွေဟနေမယ်၊ မချောင်သင့်တဲ့နေရာတွေချောင်နေမယ်၊ မကျပ်သင့်တဲ့နေရာတွေ ကျပ်နေမယ်ဆိုရင် အသုံးပြုရတာအဆင်မပြေတာ၊ မကြာခဏ ချွတ်မိတာတွေ ဖြစ်နိုင်ပြီး ပိုးကူးစက်လာအောင် ဖိတ်ခေါ်သလိုဖြစ်စေပါလိမ့်မယ်။

၅။ အဆင်ပြေပြေ အသုံးပြုနိုင်စွမ်း

ပစ္စည်းတစ်ခုကို အသုံးပြုလိုက်တာနဲ့ ကိုယ်နဲ့ အဆင်ပြေမပြေ ခံစားမိကြမှာပါပဲ။ ဘယ်လောက်ကောင်းတဲ့ ပစ္စည်းမဆို ကိုယ်နဲ့ အံဝင်ခွင်ကျမဖြစ်ဘူး၊ သက်သောင့်သက်သာလို့ မခံစားရဘူးဆိုရင် ကြာလာရင် မသုံးချင်ကြတော့ပါဘူး။ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာဟာ ကျန်းမာရေးပြဿနာဖြစ်ပြီးတော့ ကူးစက်ရောဂါဘေးဆိုးတစ်ခုပါ။

မျက်နှာဖုံးတစ်ခုကို သုံးရတာ အဆင်မပြေလို့ ခဏခဏ ချွတ်မိနေမယ်ဆိုရင် ဒါဟာ ကောင်းမွန်တဲ့အလေ့အထိမဟုတ်ပါဘူး။ ဒီအချက်ဟာ သတိထားသင့်တဲ့အချက်ဖြစ်ပြီး ကိုယ်နဲ့ ကိုက်ညီပြီး ကိုယ်တိုင် ကျေနပ်နှစ်သက်မှုကို ခံစားရစေမယ့် အရာမျိုးကို ဖန်တီးသင့်ပါတယ်။

၆။ အကြမ်းခံနိုင်စွမ်း

တပ်လိုက်ရုံနဲ့ ပြုတ်ထွက်သွားတာမျိုး၊ လူလည်ကောင်ရောက်မှ ကြိုးပြတ်သွားတာမျိုးတွေမဖြစ်အောင် ခိုင်ခံ့မှုရှိတဲ့ Mask မျိုးကို ဂရုတစိုက် ချုပ်လုပ်ဖန်တီးသင့်ပါတယ်။ လျှော်လို့ရရမယ်၊ ခိုင်မာရမယ်၊ မကြာခဏ ပျက်ဆီးနေလို့ ခနခန ပြန်လုပ်နေရတာမျိုးမဖြစ်ဖို့ လိုအပ်ပါတယ်။

Mask တစ်ခုခုကို ခဏခဏ အစကနေ ပြန်လည်ချုပ်လုပ်နေဖို့ လူတိုင်း အားချင်မှ အားမှာပါ။ အားရင်တောင်မှ အဲ့လိုလုပ်ဖို့ စိတ်ပါချင်မှ ပါတော့မှာပါ။ ဒါကြောင့် စတင်ပြုလုပ်စဉ်ကတည်းက သေချာအစီအစဉ်ချပြီး ခိုင်ခိုင်ခန့်ခန့်လေး ချုပ်လုပ်ဖို့ တိုက်တွန်းလိုပါတယ်။

အနှစ်ချုပ်

အချုပ်ပြောရမယ်ဆိုရင် အပြင်သွားတိုင်း Mask တပ်ပါ။ ကိုယ်က အချုပ်အလုပ်တတ်တယ်ဆိုရင် အိမ်လုပ် Mask လေးတွေကို အပေါ်က စံနှုန်းတွေနဲ့ ကိုက်ညီစွာ ချုပ်လုပ်နိုင်ပါတယ်။

ခုလို Mask တပ်ပါလို့ ပြောနေရတဲ့ အကြောင်းအရင်းက အများအပြားရှိနေပါတယ်။ အဓိက အချက်ကတော့ ရောဂါပိုးကူးစက်ခံရသူ ဒါမှမဟုတ် ဖြန့်ဝေမိသူ ၂၅% ကနေ ၅၀% လောက်အထိဟာ ရောဂါလက္ခဏာမပြသခဲ့ကြတာကြောင့်ပဲဖြစ်ပါတယ်။

သာမန်လူတစ်ယောက်လိုဖြစ်နေတဲ့ ရောဂါပိုး သယ်ဆောင်သူတစ်ယောက်ကို အမြင်နဲ့ ခွဲခြားဖို့ ခက်ပါတယ်။ မိမိပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဘယ်သူဟာမဆို အသံတိတ် ရောဂါပိုး သယ်ဆောင်သူဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ Mask အသုံးပြုတာဟာ ရောဂါပိုးကူးစက်နိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် Mask တပ်ဖို့ တိုက်တွန်းနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် မဖြစ်မနေ သိထားရမှာက Mask တပ်ထားရုံနဲ့ ရောဂါကို အပြည့်အဝ မကာကွယ်နိုင်ပါဘူး။ ခုထက်ထိ လက်ဆေးတာ၊ Social Distancing လုပ်တာ၊ အိမ်မှာနေတာတွေက ရောဂါကာကွယ်ရေးရဲ့ အကောင်းဆုံး ကာကွယ်ရေးနည်းလမ်းတွေ ဖြစ်နေတုန်းပါပဲ။

[covid_19]

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://blogs.webmd.com/webmd-doctors/20200507/6-essentials-for-an-effective-face-mask

https://www.cdc.gov/coronavirus/2019-ncov/prevent-getting-sick/diy-cloth-face-coverings.html

https://www.healthline.com/health/best-face-mask-2

https://theconversation.com/coronavirus-wearing-a-cloth-face-mask-is-less-about-science-and-more-about-solidarity-138461

ယခုပုံစံ

01/07/2022

Ye Zon Aung မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Mask တွေ လက်အိတ်တွေကို စွန့်ပစ်မယ်ဆိုရင်

COVID-19 ဗိုင်းရပ်စ်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ Mask



Ye Zon Aung မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement