brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အစာရေမျိုပြွန် ကင်ဆာ

အစာရေမျို ဆိုတာ ပိုက်လုံးနဲ့တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပြီး အစာတွေကို သယ်ပို့ပေးပါတယ်။ အစာရေမျိုပြွန် တလျှောက် ဘယ်နေရာမှာဖြစ်ဖြစ် ကင်ဆာဖြစ်နိုင်ပါတယ်။ အစာရေမျိုပြွန် ကင်ဆာက ကမ္ဘာ့အဖြစ်အများဆုံးကင်ဆာတွေထဲမှာ နံပါတ် ၆ ချိတ်ပါတယ်။ အမျိုးသားတွေမှာ ပိုဖြစ်ပါတယ်။

အစာရေမျိုပြွန် ကင်ဆာ

အစာရေမျိုပြွန် ကင်ဆာ ဘယ်သူတွေမှာဖြစ်မှာလဲ။

အစာရေမျိုပြွန် မှာရှိတဲ့ ဆဲလ်တွေကို ခဏခဏ ဆွမိလို့ ဆဲလ်တွေ ခဏခဏ ပျက်စီးရင် ပိုဖြစ်ပါတယ်။ ဥပမာ

  • GERD လို့ ခေါ်တဲ့ စားချဉ်ရည်ပြန်တဲ့ ရောဂါ
  • စားချဉ်ရည် ခဏခဏ ပြန်တက်လို့ ဆဲလ်တွေ ပျက်စီးတာ (Barrett’s esophagus)
  • ဆေးလိပ် အပါအဝင် ဆေးတံ၊ ဆေးပေါ့လိပ် သောက်တာ၊ဆေးရွက်ကြီး ငုံတာ
  • အဝလွန်တာ
  • အရက် သောက်တာ
  • သည်းခြေရည် ပြန်တက်တာ
  • Achalasia (အစာရေမျိုပြွန်ကျဉ်းလို့ အစာ‌‌‌တွေ အစာအိမ်ထဲ မရောက်တဲ့ ရောဂါ)
  • အလွန်ပူတဲ့ အရည်တွေကို အရသာခံ သောက်တာ
  • အသီးအရွက် အစားနည်းတာ
  • ရင်ဘတ် အပေါ်ပိုင်းကို ခဏခဏ ဓာတ်ရောင်ခြည် သင့်တာတွေက ကင်ဆာ ဖြစ်နိုင်ခြေကို များစေပါတယ်။
  • ဘာလက္ခဏာတွေပြမှာလဲ။

    အစာရေမျိုပြွန် ကင်ဆာက အစောပိုင်းမှာ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ နည်းနည်း ကြာလာရင်တော့

    • အစာ မျိုရ ခက်ပါမယ်။

    စစချင်းတော့ အစာ လည်ပင်းမှာ ကပ်နေတယ်လို့ ပြောပါမယ်။ အစာ စားရင် သီးပါမယ်။ နောက်ပိုင်း အစာမာတွေကို မျိုရ ခက်ပါမယ်။ ဒီထက် ပိုဆိုးလာရင် အစာပျော့၊ အစာပျော့ ကနေ ရေတောင် ကောင်းကောင်း မျိုနိုင်မှာ မဟုတ်ပါဘူး။

    • စားပြီးသား အစာတွေ ဒီတိုင်း ပြန်ထွက်လာပါမယ်။
    • အစာမကြေတာ၊ ရင်ပူတာ ဖြစ်ပါမယ်။
    • ရင်ခေါင်း တောင့်၊ ရင်ခေါင်း အောင့်ပါမယ်။
    • တဖြည်းဖြည်း ပိန်လာပါမယ်။
    • အန် ပါမယ်။
    • ​ဝမ်းဗိုက် အပေါ်ပိုင်း၊ ရင်ဘတ် နဲ့ နောက်ကျောတွေ အောင့်ပါမယ်။
    • ချောင်းဆိုးမယ်။
    • အသံ ပြောင်းလာမယ်။
    • ​သွေးအားနည်းသလို ဖြူဖျော့ပြီး အားနည်း လာမယ်။

    နောက်ဆက်တွဲဘာဖြစ်မှာလဲ။

    • အစာရေမျိုပြွန် ပိတ်တာ

    ကျဉ်းနေရင် နှာခေါင်းပိုက် ကနေ အစာ ထည့်လို့ ရပါသေးတယ်။ ဒီထက်ပိုဆိုးလို့ လုံးဝ ပိတ်သွားရင်တော့ ဗိုက်ကနေ အပေါက် ဖောက်ပြီး အစာ ထည့်ရပါမယ်။

    • ကင်ဆာဆဲလ်တွေ ပျံ့သွားတဲ့အခါ နာပါမယ်။
    • တခြား နေရာတွေကို ပျံ့သွားနိုင်ပါတယ်။
    • ကင်ဆာ အကျိတ်ကနေ တစိမ့်စိမ့် သွေးထွက် နေတတ်ပါတယ်။

    အစာရေမျိုပြွန် ကင်ဆာ ကုသနည်းများ

    ရောဂါ အခြေအနေ၊ လူနာ အခြေအနေပေါ် မူတည်၍ ကုသနည်း များစွာ ရှိပါသည်။

    • ခွဲစိတ်နည်း
    • ဓာတ်ရောင်ခြည်ပြနည်း
    • ဆေးသွင်းနည်း
    • Targeted therapy
    • Immunotherapy စသဖြင့်နည်းလမ်းပေါင်းများစွာရှိပါတယ်။

    ကာကွယ်နည်းများ

    အစာရေမျိုပြွန် ကင်ဆာ ဖြစ်တာကို လျှော့ချချင်တယ်ဆိုရင်

    • ဆေးလိပ် ဖြတ်ပါ။ ဆေးလိပ် မသောက်တတ်ရင် မသောက်ပါနဲ့။ စွဲနေရင် ဖြတ်လိုက်ပါ။
    • အရက် လျှော့သောက်ပါ။ အရက် မဖြတ်နိုင်သေးရင်လျှော့သောက်ပါ။
    • အသီးအရွက် များများစားပါ။
    • အဝမလွန်အောင် ထိန်းပါ။
    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/06/2023 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။