backup og meta

ယာယီလေဖြတ်ခြင်း အကြောင်း သိထားသင့်သမျှ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 08/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယာယီလေဖြတ်ခြင်း အကြောင်း သိထားသင့်သမျှ

    မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ယာယီလေဖြတ်ခြင်း (Transient Ischemic Attack) ဟာလည်း တစ်ခုအပါအဝင်ပါ။ ယာယီလေဖြတ်ခြင်းဟာ များသောအားဖြင့် လေဖြတ်တော့မယ်ဆိုတဲ့ နိမိတ်လက္ခဏာတစ်ခုဖြစ်ပြီး ဂရုမစိုက်ဘူးဆိုရင် သိပ်မကြာခင်ကာလမှာ လေဖြတ်ဝေဒနာခံစားရနိုင်ခြေ မြင့်မားလှပါတယ်။

    ပုံမှန်အားဖြင့် Ministroke လို့လည်းခေါ်ဆိုကြတဲ့ ယာယီလေဖြတ်ခြင်း ဟာ လေဖြတ်ဝေဒနာနဲ့ လက္ခဏာအားလုံး တူညီနေတတ်ပါတယ်။ အဓိက ကွဲပြားချက်ကတော့ အချိန်ကာလဖြစ်ပြီးတော့ ယာယီလေဖြတ်တယ်ဆိုရင် အချိန်ကာလ အနည်းငယ်သာဖြစ်လေ့ဖြစ်ထရှိပါတယ်။

    ယာယီလေဖြတ်တာဟာ မိနစ် အနည်းငယ်ကနေ နာရီပိုင်း၊ တစ်ခါတစ်ရံ ၂၄ နာရီဝန်းကျင်အထိ ကြာမြင့်တတ်ပါတယ်။ များသောအားဖြင့် ယာယီလေဖြတ်တာဖြစ်ပြီး ၄၈နာရီဝန်းကျင်မှာ လေဖြတ်ဝေဒနာကို ကြုံရတတ်ပါတယ်။

    ဘာကြောင့် ယာယီလေဖြတ်ခြင်း ဖြစ်ရတာလဲ

    ယာယီလေဖြတ်ခြင်းဟာ လေဖြတ်ဝေဒနာအမျိုးအစားတစ်မျိုးဖြစ်တဲ့ Ischemic Stroke နဲ့ မူလဇစ်မြစ်ခြင်းတူညီပါတယ်။ Ischemic Stroke ဖြစ်ရတဲ့အကြောင်းအရင်းက ဦးနှောက်ကို သွေးစီးဆင်းမှု နည်းပါးပြီး အောက်ဆီဂျင်လုံလောက်စွာမရရှိတာကြောင့် သွေးမရတော့တဲ့ အာရုံကြောက ထိန်းချုပ်ထားတဲ့ အစိတ်အပိုင်းတွေ မလှုပ်မရှားနိုင်ဖြစ်သွားတာပါ။

    ယာယီလေဖြတ်တာနဲ့ Ischemic Stroke နဲ့ အကြားက ကွာဟချက်က ယာယီလေဖြတ်ခြင်းဟာ အချိန်ကာလတိုတစ်ခုအတွင်းမှာသာ ဖြစ်ပွားပြီး ရုတ်တရက်ပြန်လည်သက်သာလာတတ်တာပါပဲ။

    Ministroke ကိုဖြစ်စေတဲ့ နောက်ထပ် အဓိက အကြောင်းအရင်းတစ်ချက်ကတော့ သွေးကြောတွေထဲမှာ ကိုလက်စထရောတွေစုဝေးမှုပိုများလာတာပါ။ ဒီအချက်ကလည်း ဦးနှောက်ဆီကို အောက်ဆီဂျင်လုံလုံလောက်လောက်ပေးပို့မှုကို ဟန့်တားလေ့ရှိပါတယ်။

    ယာယီလေဖြတ်ခြင်း အကြောင်း သိထားသင့်သမျှ

    ရောဂါ လက္ခဏာများ

    ယာယီလေဖြတ်တဲ့အခါမှာ ရောဂါလက္ခဏာတချို့ ခဏတာ ပြသပြီး ပြန်လည်သက်သာသွားတတ်ပါတယ်။ မိနစ်အနည်းငယ် ဒါမှမဟုတ် နာရီအနည်းငယ်လောက် ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ လှုပ်မရတာ၊ ဆိုင်းသွားတာတွေဖြစ်ပြီး သိပ်မကြာခင်မှာပဲ ပြန်ကောင်းသွားတတ်ပါတယ်။ ၂၄ နာရီထက်ပိုကြာတဲ့ ယာယီလေဖြတ်ခြင်းမျိုးက သိပ်ကိုရှားပါးတယ်လို့ လေ့လာချက်တွေကဆိုပါတယ်။

    များသောအားဖြင့် ယာယီလေဖြတ်တဲ့အခါ အောက်ပါ လက္ခဏာတွေပြသတတ်ပါတယ်။

    • မျက်နှာ၊ လက်၊ ခြေထောက်နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ အကြောဆွဲတာ၊ အားလျော့သွားတာ၊
    • စကားပြောရာမှာ ဗလုံးဗထွေး ဖြစ်နေတာ၊
    • ရုတ်တရက် အမြင်အာရုံဆုံးရှုံးတာ၊ အမြင်နှစ်ထပ်ဖြစ်နေတာ၊
    • ချာချာလည်အောင်မူးနေတာ၊
    • ခန္ဓာကိုယ်က ဟန်ချက်မညီဖြစ်နေတာစတာတွေပါပဲ။

    ကာကွယ်နိုင်သော အန္တရာယ်နှင့် မကာကွယ်နိုင်သော အန္တရာယ်

    ယာယီလေဖြတ်ခြင်း ဖြစ်ပြီဆိုရင် တစ်နှစ်အတွင်း လေဖြတ်နိုင်ခြေများနေပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒါကြောင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်ဖို့ Ministroke မဖြစ်အောင်ကြိုတင်ကာကွယ်နိုင်ဖို့ လိုအပ်ပါတယ်။

    ယာယီလေဖြတ်ခြင်းကို မကြုံရဘူးဆိုရင် လေဖြတ်နိုင်ခြေလည်း လျော့ကျသွားမယ်ဆိုပေမယ့် တစ်ခါတစ်လေမှာတော့ ရုတ်တရက်ကြီး အပြီးလေဖြတ်တာမျိုးကလည်း ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စဖြစ်ပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် ယာယီလေဖြတ်တာကို ကာကွယ်နိုင်မယ်ဆိုရင် လေဖြတ်ဝေဒနာခံစားရနိုင်ခြေကို အများကြီး လျှော့ချပေးနိုင်မယ်ဆိုတာကတော့ အမှန်တရားပါ။ ယာယီလေဖြတ်ခြင်း ကို ကာကွယ်မယ်ဆိုရင် ကာကွယ်နိုင်သော အန္တရာယ်နဲ့ မကာကွယ်နိုင်သော အန္တရာယ်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

    ယာယီလေဖြတ်ခြင်း အကြောင်း သိထားသင့်သမျှ

    တချို့ပြဿနာတွေကို အောက်ပါနည်းလမ်းတွေနဲ့ ကိုယ်တိုင် ကာကွယ်နိုင်ပါတယ်။

  • သွေးတိုးမဖြစ်အောင်၊ ဖြစ်လာရင်လည်း တည်ငြိမ်အောင် နေထိုင်တာ၊
  • ကိုယ်လက်စထရော မှီဝဲမှုကို နည်းပါးအောင် ဂရုစိုက်တာ၊
  • နှလုံးရောဂါမဖြစ်အောင် နေထိုင်တာ၊
  • နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေမဖြစ်အောင် ဂရုစိုက်နေထိုင်တာ၊
  • ဆီးချိုရောဂါ မရှိအောင် နေထိုင်တာ၊
  • Homocysteine ပမာဏ မမြင့်တက်အောင် ဂရုစိုက်ဖို့လိုတာ၊
  • ကိုယ်အလေးချိန် မမြင့်မားအောင် ဂရုစိုက်နေထိုင်တာ မျိုးတွေဖြစ်ပါတယ်။
  • ကိုယ်တိုင်ကာကွယ်လို့မရနိုင်တဲ့ အခြေအနေတွေကတော့

    • လေဖြတ်ဖူးတဲ့ မျိုးရိုးရှိတာ၊
    • အသက်အရွယ်က ၅၅ နှစ်ကိုကျော်လွန်လာတာ၊
    • လိင်အမျိုးအစားအရ အမျိုးသားဖြစ်နေတာကြောင့် လေဖြတ်နိုင်ခြေမြင့်မားတာ၊
    • ယာယီလေဖြတ်မှု တစ်ကြိမ်ထက်မနည်းဖြစ်ခဲ့ဖူးတာ၊
    • Sickle cell disease ဝေဒနာရှိနေတာတွေပါ။

    ယာယီလေဖြတ်တာကို ကာကွယ်ဖို့ဆိုရင် လူနေမှုပုံစံကို ပြောင်းလဲနိုင်ဖို့ လိုအပ်ပါတယ်။ အဆီအဆိမ့်တွေ၊ အချိုတွေ၊ အငံတွေကို လျှော့ချစားသောက်ရမှာဖြစ်ပြီးတော့ ကျန်းမာပြီးတက်ကြွတဲ့ လူနေမှုပုံစံမျိုးနဲ့ ပြောင်းလဲနေထိုင်ဖို့လိုအပ်ပါတယ်။

    • ဆေးလိပ်သောက်သုံးမှုကို ရှောင်ကျဉ်တာ၊
    • ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊
    • အာဟာရပြည့်ဝအောင်စားတာ၊
    • အရက်သေစာ သောက်စားမှုကို လျှော့ချတာ၊
    • မူးယစ်ဆေးဝါး အသုံးပြုမှုကို ရှောင်ကျဉ်တာ၊
    • ဆီးချိုကို ထိန်းချုပ်တာ စတဲ့ လူနေမှုပုံစံပြောင်းလဲမှုတွေကလည်း ယာယီလေဖြတ်ခြင်းမဖြစ်အောင် ကူညီကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 08/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement