backup og meta

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer)

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer)

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer) ဆိုတာက ပါးစပ်၊ လည်ချောင်း၊ နှာခေါင်း၊ တံထွေးဂလင်းတွေမှာဖြစ်တဲ့ ကင်ဆာတွေနဲ့ ခံတွင်းကင်ဆာအမျိုးမျိုး၊ ဦးခေါင်းနဲ့ ဇက်တဝိုက်မှာဖြစ်တဲ့ ကင်ဆာတွေကို ဆိုလိုတာပါ။

များသောအားဖြင့် ဒီကင်ဆာ အမျိုးအစားက ပါးစပ်အတွင်းနံရံတွေ၊ နှာခေါင်းနဲ့ လည်ချောင်းအတွင်းနံရံတွေကနေ စဖြစ်တာများပါတယ်။ ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာကို ခံစားရသူ အများစုက ဆေးရွက်ကြီးသုံးစွဲတာ၊ ဆေးရွက်ကြီးနဲ့ အရက်သောက်သုံးမှုများတာတွေကြောင့် ဖြစ်ရတာပါ။

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာက ဘယ်အပိုင်းတွေမှာ အဖြစ်များသလဲ။

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာက ဦးခေါင်းနဲ့ ဇက်ပိုင်းတွေကနေစဖြစ်တာပါ။ အထူးသဖြင့်

  • ခံတွင်း – နှုတ်ခမ်း၊ လျှာအရှေ့ပိုင်း၊ သွားဖုံး၊ ပါးနဲ့နှုတ်ခမ်းအတွင်း အမြှေုးပါးနံရံ၊ လျှာအောက်ဘက်နားက ခံတွင်းကြမ်းခင်း၊ အာခေါင်မာ၊ အံဆုံးသွားအရှေ့ဘက်နားက သွားဖုံး စတဲ့နေရာတွေပါ။
  • လည်ချောင်း – လည်ချောင်းဆိုတဲ့နေရာမှာ နှာခေါင်းအနောက်ဘက် အစာရေမျိုနဲ့ဆက်ထားတဲ့ ပြွန်ရဲ့ အထက်ပိုင်း၊ အလယ်ပိုင်း၊ အောက်ပိုင်းတွေပါ။
  • အသံအိုး 
  • နှာခေါင်းအထက်နားက အစိတ်အပိုင်း
  • တံထွေးဂလင်း စတဲ့နေရာတွေမှာ ဖြစ်တဲ့ကင်ဆာတွေပါ။ 
ဦးနှောက်၊ မျက်လုံး၊ အစာရေမျိုနဲ့ သိုင်းရွိုက်ဂလင်းတွေမှာဖြစ်တဲ့ ကင်ဆာတွေ၊ ဦးခေါင်းနဲ့ လည်ပင်းတဝိုက်က  ဦးရေပြား၊ အရေပြား၊ ကြွက်သားနဲ့ အရိုးတွေမှာဖြစ်တဲ့ ကင်ဆာတွေကို ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာလို့ သတ်မှတ်လေ့ မရှိပါဘူး။

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ  ဖြစ်ရတဲ့အကြောင်းအရင်း

အရက်နဲ့ ဆေးရွက်ကြီးသုံးစွဲမှုက ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေပါ။ ဒီအချက်အပြင် human papillomavirus (HPV) ဗိုင်းရပ်စ် ကူးစက်ခံရတာကလည်း ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer)ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။

ဒါတွေတင်မကသေးပါဘူး။
  • ကွမ်းဝါးတာ
  • တာရှည်ခံအစားအစာတွေစားတာ
  • အငန်ကဲတဲ့ အစားအစာတွေ စားတာ
  • အလုပ်ခွင်မှာ ထိတွေ့ရတဲ့ ဓာတုပစ္စည်းတွေ
  • ဓာတ်ရောင်ခြည်ကုထုံး
  • Epstein-Barr ဗိုင်းရပ်စ် ကူးစက်ခံရတာတွေကလည်း ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သောကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ 

ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ။

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သောကင်ဆာ  ခံစားရတဲ့အခါ

  • ပြန်ရည်ကျိတ်တွေ ရောင်ရမ်းတာက အချိန်အတော်ကြာတဲ့အထိ မသက်သာတာ
  • လည်ချောင်းနာကတ အချိန်အတော်ကြာတဲ့အထိ မသက်သာတာ
  • အစာမျိုချရခက်လာတာ
  • အသံဝင်တာ
  • သွားဖုံး၊ လျှာ၊ ပါးစပ်အတွင်းနံရံတွေမှာ အနီစက်တွေ ထွက်တာ
  • မေးရိုးတွေရောင်တာ
  • သွားဖုံးကနေ သွေးယိုစီးတာ
  • သွားတွေနဲ့တာ
  • အသက်ရှူတဲ့အခါ၊ စကားပြောတဲ့အခါ လည်ချောင်းနာတာ
  • မျိုချတဲ့အခါ လည်ချောင်းနာတာ
  • မကြာခဏ ခေါင်းကိုက်တာ
  • ခေါင်းထဲက နာတာ၊ နားထဲမှာ အသံတွေကြားနေရတာ
  • အကြားအာရုံပြဿနာတွေ ခံစားရတာ
  • နှာခေါင်းက သွေးယိုတာ
  • အပေါ်သွားတွေနာတာ
  • နာတာရှည် sinus infections ကို ခံစားရတာ
  • ပါးနဲ့မေးရိုးတလျှောက် ရောင်ရမ်းတာ
  • မျက်နှာကြွက်သားတွေ ထုံတာ၊ ရွဲ့တာ
  • မျက်နှာက နာတာ
  • မေးရိုးနဲ့ ဇက်တဝိုက်ကနာတာတွေကို ခံစားရနိုင်ပါတယ်။

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာကို ဘယ်လို စစ်ဆေးသိရှိနိုင်မလဲ။

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သောကင်ဆာ ခံစားနေရလားဆိုတာကို အပေါ်မှာပြောခဲ့တဲ့ လက္ခဏာတွေအပြင် လူနာရဲ့ ဆေးမှတ်တမ်း၊ ရုပ်ပိုင်းဆိုင်ရာ အနေအထား၊ စစ်ဆေးမှုရလဒ်တွေကို စစ်ဆေးမှုကနေ သိရှိနိုင်ပါတယ်။  ရောဂါကို စစ်ဆေးတဲ့အခါ ခံစားနေရတဲ့အခြေအနေ လက္ခဏာတွေပေါ်မူတည်ပြီး ကွာခြားမှုတွေရှိနိုင်ပါတယ်။

တစ်ရှူးစနမူနာယူစစ်ဆေးတာ၊ ပုံရိပ်ဖော်စစ်ဆေးနည်းတွေနဲ့ စစ်ဆေးတာ၊ဓာတ်ခွဲစမ်းသပ်မှုနည်းလမ်းတွေနဲ့ စစ်ဆေးတာမျိုးတွေကို လုပ်ဆောင်လို့ရပါတယ်။ ခံစားနေရတဲ့အခြေအနေကို သိရှိမှ ကုသမှုနည်းလမ်းတွေကို အကောင်းဆုံး လုပ်ဆောင်ပေးနိုင်မှာပါ။

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာအတွက် ကုထုံးများ

ခံစားနေရတဲ့ အခြေအနေကိုလိုက်ပြီး တစ်ဦးနဲ့တစ်ဦး ကုသမှုတွေ ကွာခြားနိုင်ပါတယ်။ ကင်ဆာကျိတ်ရှိနေတဲ့နေရာ၊ ကင်ဆာအဆင့်၊ အသက်အရွယ်၊ အခြားကျန်းမာရေးပြဿနာတွေအပေါ်မူတည်ပြီး တစ်ဦးနဲ့တစ်ဦ ခံယူရတဲ့ ကုသမှုတွေ ကွာခြားမှာဖြစ်ပါတယ်။
  • ခွဲစိတ်ကုသမှု (surgery)
  • ဓာတ်ရောင်ခြည်ကုထုံး (radiation therapy)
  • ဆေးသွင်းကုထုံး (chemotherapy)
  • ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထား ဖျက်ဆီးပစ်တဲ့ ကုထုံး (targeted therapy)
  • ပေါင်းစပ်ကုထုံး ဆိုပြီး ကုသနည်းတွေက အမျိုးမျိုးပါ။

ဒီလိုကုထုံးတွေ ခံယူတဲ့အခါ HPV ရောဂါပိုးရှိသူနဲ့ ရောဂါပိုးမရှိသူတွေမှာလည်း ကုသမှုတွေ ကွာခြားနိုင်ပါသေးတယ်။

Takeaways

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ မခံစားရစေဖို့ ဆေးလိပ်ဖြတ်တာ၊ အရက်လျှော့သောက်တာတွေကို လုပ်ဆောင်ပေးဖို့လိုပါမယ်။ အပေါ်မှာပြောခဲ့တဲ့ လက္ခဏာတွေ တွေ့လာရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Head and Neck Cancers https://www.cancer.gov/types/head-and-neck/head-neck-fact-sheet Accessed Date 28 December 2020

Head and neck cancer https://www.cancercenter.com/cancer-types/head-and-neck-cancer Accessed Date 28 December 2020

ယခုပုံစံ

21/11/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခံတွင်းကင်ဆာအကြောင်းသိကောင်းစရာ

ဆီးကျိတ်ကင်ဆာ (Prostate Cancer)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 21/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement