brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သားအိမ်ခေါင်းကင်ဆာအဆင့်အလိုက် အသက်ရှင်နှုန်းများ

ကင်ဆာရှိပြီဆိုရင် လူနာတွေ ပြန်‌မေးတတ်ကြတာက ကျွန်တော်/ ကျွန်မ ဘယ်လောက်အသက်ရှင်မှာလဲဆိုတာပါ။ ရုပ်ရှင်တွေထဲကို ၆လပဲ ခံတော့မယ်တို့ ၃လပဲ ကျန်တော့မယ်လို့ဆိုတာက တကယ့်လက်တွေ့မှာ ပြောရခက်ပါတယ်။ လူ့သက်တမ်းဆိုတာ ပြောရအခက်သားမလား။ ၆လပဲခံမယ်လို့ ပြောပြီး ချက်ချင်း ခေါက်ခနဲ ဆုံးသွားတာတွေလည်း ရှိနိုင်တာကိုး။ သားအိမ်ခေါင်းကင်ဆာကလည်း ဒီသဘောအတိုင်းပါပဲ။ လူ့သက်တမ်းကို မှန်းရခက်တယ်ဆိုပေမယ့် သိပ္ပံနည်းလမ်းကျ တွက်ချက်ထားတဲ့ သားအိမ်ခေါင်းကင်ဆာအဆင့်အလိုက် အသက်ရှင်နှုန်းများ ဆိုတာတော့ ရှိပါတယ်။

သားအိမ်ခေါင်းကင်ဆာအဆင့်အလိုက် အသက်ရှင်နှုန်းများ

သားအိမ်ခေါင်းကင်ဆာအဆင့်အလိုက် သတ်မှတ်ချက်

သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်ပြီး အသက်ရှင်နှုန်းကို မပြောခင် သားအိမ်ခေါင်းကင်ဆာ အဆင့်တွေကို သိထားဖို့ လိုပါတယ်။ ဒါမှ ဘယ်အဆင့်မှာ ဘယ်လောက်ရာခိုင်နှုန်း အသက်ရှင်မယ်ဆိုတာ နားလည်နိုင်မှာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အမျိုးမျိုးက သားအိမ်ခေါင်းကင်ဆာကို ပုံစံအမျိုးမျိုးနဲ့ အဆင့်သတ်မှတ်ထားပါတယ်။ ဒါပေမယ့် အခြေခံယူဆချက်တွေကတော့ တူတူပါပဲ။ ဥပမာ ကင်ဆာနုသေးရင် သားအိမ်ခေါင်းနဲ့ သားအိမ်နားလောက်ပဲ ရှိမယ်။ တခြားနေရာတွေကို ပြန့်နေပြီဆိုရင်တော့ ကင်ဆာရင့်နေပြီပေါ့။

ဒီဆောင်းပါးမှာတော့ FIGO (International Federation of Gynecology and Obstetrics) staging systemနဲ့ ရှင်းပြသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း သားအိမ်ခေါင်းကင်ဆာအတွက် ဒါကိုအများဆုံး သုံးပါတယ်။

သူ့ရဲ့ အဆင့်သတ်မှတ်ချက်ကတော့

FIGO အဆင့်နံပါတ်

ကင်ဆာပျံ့နှုံ့မှု

I

ကင်ဆာဆဲလ်တွေက သားအိမ်ခေါင်းမျက်နှာပြင်ကနေ အတွင်းထဲကို စပျံ့နေပါပြီ။
ပြန်ရည်ကျိတ်နဲ့ တခြားအင်္ဂါတွေဆီ မပြန့်သေးပါ။

IA

ကင်ဆာဆဲလ်တွေကို မိုက်ခရိုစကုပ်နဲ့သာ တွေ့နိုင်ပါတယ်။ ဆိုလိုတာက ကင်ဆာက သေးပါသေးတယ်။
ပြန်ရည်ကျိတ်နဲ့ တခြားအင်္ဂါတွေဆီ မပြန့်သေးပါ။

IA1

ကင်ဆာကို မိုက်ခရိုစကုပ်နဲ့ပဲ မြင်နိုင်ပြီး အတွင်းထဲကို ၃မီလီမီတာပဲ ဖောက်ဝင်ပါသေးတယ်။
ပြန်ရည်ကျိတ်နဲ့ တခြားအင်္ဂါတွေဆီ မပြန့်သေးပါ။

IA2

ကင်ဆာကို မိုက်ခရိုစကုပ်နဲ့ပဲ မြင်နိုင်ပြီး အတွင်းထဲကို ၃-၅မီလီမီတာပဲ ဖောက်ဝင်ပါသေးတယ်။
ပြန်ရည်ကျိတ်နဲ့ တခြားအင်္ဂါတွေဆီ မပြန့်သေးပါ။

IB

ကင်ဆာက သားအိမ်ခေါင်းအတွင်းထဲကို ၅မီလီမီတာကျော် ဖောက်ဝင်နေပါပြီ။
ပြန်ရည်ကျိတ်နဲ့ တခြားအင်္ဂါတွေဆီ မပြန့်သေးပါ။

IB1

ကင်ဆာက သားအိမ်ခေါင်းအတွင်းထဲကို ၅မီလီမီတာကျော် ဒါပေမဲ့ ၂စင်တီမီတာမကျော်ဘဲ ဖောက်ဝင်နေပါပြီ။
ပြန်ရည်ကျိတ်နဲ့ တခြားအင်္ဂါတွေဆီ မပြန့်သေးပါ။

IB2

ကင်ဆာက သားအိမ်ခေါင်းအတွင်းထဲကို ၂စင်တီမီတာကျော် ဒါပေမယ့် ၄စင်တီမီတာမကျော်ဘဲ ဖောက်ဝင်နေပါပြီ။
ပြန်ရည်ကျိတ်နဲ့ တခြားအင်္ဂါတွေဆီ မပြန့်သေးပါ။

IB3

ကင်ဆာက သားအိမ်ခေါင်းအတွင်းထဲကို ၄စင်တီမီတာအထိ ဖောက်ဝင်နေပါပြီ။ ခုချိတ်ထိတော့ သားအိမ်ခေါင်းမှာပဲ ရှိပါသေးတယ်။
ပြန်ရည်ကျိတ်နဲ့ တခြားအင်္ဂါတွေဆီ မပြန့်သေးပါ။

II

ကင်ဆာက သားအိမ်ခေါင်းနဲ့ သားအိမ်ကို ကျော်သွားပါပြီ။ ဒါပေမဲ့ တင်ပါးဆုံနံရံနဲ့ မွေးလမ်းကြောင်းအောက်ပိုင်းတွေအထိ မရောက်သေးပါ။
ပြန်ရည်ကျိတ်နဲ့ တခြားအင်္ဂါတွေဆီ မပြန့်သေးပါ။

IIA

ကင်ဆာက သားအိမ်ခေါင်းနဲ့ သားအိမ်ကို ကျော်သွားပေမယ့် သားအိမ်ခေါင်းနားက တစ်ရှူးတွေဆီ မပြန့်သေးပါ။
ပြန်ရည်ကျိတ်နဲ့ တခြားအင်္ဂါတွေဆီ မပြန့်သေးပါ။
IIA1ကင်ဆာအရွယ်အစားက ၄စင်တီမီတာ မကျော်သေးပါ။ ပြန်ရည်ကျိတ်နဲ့ တခြားအင်္ဂါတွေဆီ မပြန့်သေးပါ။

IIA2

ကင်ဆာက ၄စင်တီမီတာ ကျော်သွားပါပြီ။ ပြန်ရည်ကျိတ်နဲ့ တခြားအင်္ဂါတွေဆီ မပြန့်သေးပါ။

IIB

ကင်ဆာက သားအိမ်ခေါင်းနဲ့ သားအိမ်ကို ကျော်သွားတဲ့အပြင် သားအိမ်ခေါင်းနားက တစ်ရှူးတွေဆီပါ ပြန့်သွားပါပြီ။
ပြန်ရည်ကျိတ်နဲ့ တခြားအင်္ဂါတွေဆီ မပြန့်သေးပါ။

III

ကင်ဆာက တင်ပါးဆုံနံရံ သို့မဟုတ် မွေးလမ်းကြောင်းအောက်ပိုင်းတွေအထိ ရောက်သွားပါပြီ။ ကင်ဆာက ဆီးပို့ပြွန်ကိုလည်း ဖိထားနိုင်ပါတယ်။

ပြန်ရည်ကျိတ်တွေကို ပြန့်‌ကောင်းပြန့်နေနိုင်ပါတယ်။

တခြားအင်္ဂါတွေဆီ မပြန့်သေးပါ။

IIIA

ကင်ဆာက မွေးလမ်းကြောင်းအောက်ပိုင်းကို ပြန့်နေပြီး တင်ပါးဆုံနံရံအထိ မပြန့်သေးပါ။
ပြန်ရည်ကျိတ်နဲ့ တခြားအင်္ဂါတွေဆီ မပြန့်သေးပါ။

IIIB

ကင်ဆာက တင်ပါးဆုံနံရံအထိ ပြန့်နှံ့နေနိုင်သလို ဆီးပို့ပြွန်ကို ဖိထားတာကြောင့် ကျောက်ကပ်ထဲ ရေဝင်နေနိုင်ပါတယ်။
ပြန်ရည်ကျိတ်နဲ့ တခြားအင်္ဂါတွေဆီ မပြန့်သေးပါ။

IIIC

ကင်ဆာက ဘယ်အရွယ်အစားမဆိုဖြစ်နိုင်ပါတယ်။ ပုံရိပ်ဖော်စက် သို့မဟုတ် အသားစရလဒ်အရ ကင်ဆာက တင်ပါးဆုံက ပြန်ရည်ကျိတ်တွေကို ပျံ့နှံ့တာ (IIIC1) သို့မဟုတ် သွေးလွှတ်ကြောမကြီးနားက ပြန်ရည်ကျိတ်ကို ပျံ့နှံ့တာ (IIIC2) ဖြစ်နိုင်ပါတယ်။ တခြားအင်္ဂါတွေဆီ မပြန့်သေးပါ။

IV

ကင်ဆာက ဆီးအိမ် သို့မဟုတ် မစင်အိမ်ကို ပျံ့နှံ့နေနိုင်သလို အဝေးက အဆုတ်တွေ၊ အရိုးတွေဆီကိုလည်း ပြန့်နေနိုင်ပါတယ်။

IVA

ကင်ဆာက ဆီးအိမ် သို့မဟုတ် မစင်အိမ်ကို ပျံ့နှံ့နေနိုင်သလို တင်ပါးဆုံးထဲကနေ အပြင်ကို ပြန့်နေနိုင်ပါတယ်။

IVB

ကင်ဆာက တင်ပါးဆုံအပြင်ကနေ ထွက်ပြီး အဝေးက ပြန်ရည်ကျိတ်တွေ၊ အဆုတ်နဲ အရိုးတွေဆီ ပျံ့နှံ့နေနိုင်ပါတယ်။

ဒါဆိုရင်တော့ သားအိမ်ခေါင်းကင်ဆာအဆင့်တွေကို သိလောက်ပါပြီ။ ဒီလောက်အများကြီး မသိရင်တောင် အဆင့် ၁ဆို သားအိမ်ခေါင်းထဲမှာပဲ ရှိသေးတယ်။ အဆင့် ၂ဆို သားအိမ်ခေါင်းကနေ အပြင်ကို စပြန့်လာပြီ။ အဆင့် ၃ဆို မျိုးပွားအင်္ဂါတော်တော်များများကို ပြန့်နေပြီး အဆင့် ၄ဆို တခြားကိုယ်တွင်းအင်္ဂါတွေအထိ ပြန့်နေပြီဆိုတာကို သိရင် ရပါပြီ။

သားအိမ်ခေါင်းအဆင့်အလိုက် အသက်ရှင်နှုန်းများ

သားအိမ်ခေါင်းကင်ဆာအပါအဝင် ကင်ဆာတွေရဲ့ အသက်ရှင်နှုန်းကို ပြောတဲ့အခါ 5 years survival rateနဲ့ ပြောပါတယ်။ ၅နှစ်ကြာ အသက်ရှင်နိုင်နှုန်းပေါ့။ ဒီလိုပြောလို့ ကင်ဆာတိုင်းက ၅နှစ်ပဲ ရှင်မယ်လို့ ပြောတာ မဟုတ်ပါဘူး။ ၅နှစ်မက ရှင်သွားတဲ့သူတွေ အများကြီး ရှိပါတယ်။

ဆေးပညာမှာ တွက်တဲ့ နည်းကို အစွဲပြုပြီး ခေါ်ထားတာပါ။ ကင်ဆာစသိတဲ့အချိန်ကနေ နောင်၅နှစ်အထိ အသက်ရှင်နိုင်ခြေ ဘယ်‌လောက်လဲဆိုတာကို တွက်ချက်ထားတာ ဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာအဆင့်အလိုက် အသက်ရှင်နှုန်းများ ကိုပြောရမယ်ဆိုရင် အမေရိကန် ကင်ဆာအဖွဲ့အစည်းကြီးက National Cancer Institute (NCI)က ဒေတာတွေကို ယူပြီးတွက်ချက်ထားပါတယ်။ သူက အပေါ်ကလိုမျိုး ခပ်ရှုပ်ရှုပ် အဆင့်တွေနဲ့ မဟုတ်ဘဲ ရိုးရိုးရှင်းရှင်း ၃ခုပဲ ခွဲထားပါတယ်။

  • Localized – ကင်ဆာက သားအိမ်ခေါင်း သို့မဟုတ် သားအိမ်ရဲ့ ပြင်ပကို မပြန့်သေးတဲ့ အခြေအနေပါ။ ဒီအဆင့်ဆိုရင်တော့ ကင်ဆာမရှိသူနဲ့ ယှဉ်ရင် နောက်၅နှစ်အထိ အသက်ရှင်နိုင်ခြေက ၉၂% ရှိပါတယ်။
  • Regional – ကင်ဆာက သားအိမ်ခေါင်း သို့မဟုတ် သားအိမ်ကို ကျော်လွန်ပြီး အနီးအနားက ပြန်ရည်ကျိတ်ကို ပြန့်နေပြီ ဖြစ်ပါတယ်။ ဒီအဆင့်ဆိုရင်တော့ ကင်ဆာမရှိသူနဲ့ ယှဉ်ရင် နောက်၅နှစ်အထိ အသက်ရှင်နိုင်ခြေက ၅၉% ရှိပါတယ်။
  • Distant – ကင်ဆာက အနီးအနားက ဆီးအိမ်လို၊ မစင်အိမ်လို အင်္ဂါတွေကိုဖြစ်ဖြစ်၊ အဝေး အဆုတ် ဒါမှမဟုတ် အရိုးကို ပြန့်ပြီး ဖြစ်ပါတယ်။ ဒီအဆင့်ဆိုရင်တော့ ကင်ဆာမရှိသူနဲ့ ယှဉ်ရင် နောက်၅နှစ်အထိ အသက်ရှင်နိုင်ခြေက ၁၇% ရှိပါတယ်။

ဒီဂဏန်းတွေက အကြမ်းဖျင်းသတ်မှတ်ထားတာ ဖြစ်ပြီး နိုင်ငံအလိုက်၊ လူနာတစ်ဦးချင်းဆီရဲ့ ကျန်းမာရေးအခြေအနေ၊ ကုသမှုခံယူမယူ စတာတွေပေါ်လည်း မူတည်ပါသေးတယ်။

လိုရင်းကတော့ ကင်ဆာဆိုတာနဲ့ သေမိန့်ကျသွားတာမဟုတ်ဘဲ အသက်ရှင်နှုန်းတွေ ရှိသေးတယ်။ အထူးသဖြင့် စောစောသိ၊ စောစောကုရင် သာမန်လူနီးပါး နေနိုင်တယ်ဆိုတာကို ပြသချင်တာ ဖြစ်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/01/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။