backup og meta

ကင်ဆာကို အမြစ်ပြတ် ကုသနိုင်တော့မလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာကို အမြစ်ပြတ် ကုသနိုင်တော့မလား

    ကင်ဆာလို့ ကြားလိုက်တာနဲ့ လူတိုင်းရဲ့ ခေါင်းထဲကို အရင်ဆုံး ရောက်လာတဲ့အတွေးက အနှေးနဲ့အမြန် သေရတော့မှာလား ဆိုတာပါ။ ကင်ဆာဆိုရင် သေရတော့မှာပါလား ဆိုတဲ့ အတွေးလေးကို ဖယ်ရှားပေးနိုင်တော့မယ်လို့ ယူဆရတဲ့ ဆေးပညာရပ်နယ်ပယ်ရဲ့ အောင်မြင်မှု တစ်ရပ် ထွက်ပေါ်လာခဲ့ပါပြီ။ ကင်ဆာကို အမြစ်ပြတ် ကုသနိုင်တော့မလား ဆိုတာကို ဆောင်းပါးလေးထဲ ဆက်ကြည့်လိုက်ရအောင်နော်။

    ကင်ဆာကို အမြစ်ပြတ် ကုသနိုင်တော့မလား

    လက်ရှိစမ်းသပ်လေ့လာနေတဲ့ ကင်ဆာဆေးဝါးတစ်ရပ်က ကင်ဆာရောဂါကို ကုသပေးနိုင်ခဲ့တယ်လို့ တွေ့ရှိခဲ့ရပါတယ်။
    ဒီလေ့လာမှုမှာ အူမကြီးကင်ဆာ ခံစားနေရတဲ့ လူနာ ၁၂ ဦး ပါဝင်ခဲ့ပါတယ်။ လေ့လာမှုကို ၆ လ ကြာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ လေ့လာမှုအတွင်း dostarlimab လို့ခေါ်တဲ့ ဆေးဝါးနဲ့ ကုသပေးခဲ့တာ ဖြစ်ပါတယ်။
    ဒီအောင်မြင်မှုက ကင်ဆာ ကုထုံး ကြိုးပမ်းမှုတွေထဲမှာ ပထမဆုံးအကြိမ် အောင်မြင်မှုလည်း ဖြစ်ပါတယ်။ လို့ နယူးယောက်မှာ ရှိတဲ့ Memorial Sloan Kettering Cancer Center (MSKCC) က ကင်ဆာကုထုံးပညာရှင် ဒေါက်တာ Luis Diaz က ပြောကြားခဲ့ပါတယ်။

    ဒေါက်တာ Luis Diaz

    ဒီကုထုံး ခံယူမှုအတွင်း လူနာ တစ်ယောက်မှာမှ သိသိသာသာ ထိခိုက်တာမျိုး မရှိခဲ့ပါဘူး။ ဆေးကြောင့် ကျန်းမာရေးထိခိုက်တာမျိုးလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ထပ်ပြီး စမ်းသပ်မှုတွေ လုပ်ဆောင်ကြည့်ဖို့တော့ လိုဦးမှာပါ။

    ကင်ဆာကို အမြစ်ပြတ် ကုသနိုင်ခဲ့တဲ့ ကုထုံး အကြောင်း

    ဒီကုထုံးမှာ အဓိက အသုံးပြုခဲ့တာက Dostarlimab လို့ခေါ်တဲ့ ကိုယ်ခံအားကုထုံးဆိုင်ရာ ဆေးဝါးတစ်မျိုးကို အသုံးပြုပြီး ကုသခဲ့တာပါ။ ဒီဆေးကို အူမကြီးကင်ဆာ ခံစားနေရသူတွေကို ၆ လကြာ သောက်သုံးစေခဲ့တာပါ။ ဒီလို ဆေးသောက်နေရင်း ကင်ဆာကျိတ်တွေက သိသိသာသာ ပျောက်ကင်းလာခဲ့တာ ဖြစ်ပါတယ်။

    Dostarlimab မှာ ဓာတ်ခွဲခန်းမှာ ထုတ်လုပ်ထားတဲ့ မော်လီကျူးတွေ ပါဝင်နေပြီး လူ့ခန္ဓာကိုယ်ရဲ့ antibodies တွေနေရာမှာ အစားထိုးပြီး antibodies တွေရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါတယ်။

    Dostarlimab က သားအိမ်ခေါင်းကင်ဆာ ကုသမှုမှာ အသုံးပြုနေတဲ့ ကိုယ်ခံအားကုထုံးဆိုင်ရာ ဆေးဝါးတစ်မျိုးပါ။ အူမကြီးကင်ဆာ ရှိသူတွေမှာ ပထမဆုံးအကြိမ် အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။

    ဒီဆေးတွေက ကိုယ်ခံအား စနစ်ကို ကင်ဆာဆဲလ်တွေကို ရှာတွေ့အောင် လုပ်ဆောင်ပေးပြီး ကိုယ်ခံအားက ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်စေဖို့ ကူညီပေးပါတယ်။ ဒီလိုနည်းနဲ့ ကင်ဆာကျိတ်တွေ၊ ကင်ဆာဆဲလ်တွေကို ဖယ်ရှားပေးတာပါ။  ဒီကုသမှုကို ခွဲစိတ်ကုသမှု၊  chemoradiotherapy တို့နဲ့အတူ  လုပ်ဆောင်ခဲ့တာပါ။

    ၆ လကြာကုသမှု ခံယူပြီးတဲ့နောက် မှန်ပြောင်းကြည့်ခြင်း၊ PET သို့မဟုတ် MRI scans ဖတ်တာလိုမျိုး စစ်ဆေးမှုတွေ လုပ်ဆောင်ကြည့်တဲ့အခါမှာတော့ ကင်ဆာကျိတ်တွေ ကင်ဆာဆဲလ်တွေ လုံးဝမရှိတော့တာကို တွေ့ရှိခဲ့ရတာပါ။

    ဒီဆေးက ကင်ဆာကျိတ်တွေကို တိုက်ရိုက် တိုက်ဖျက်တာမျိုး မဟုတ်ဘဲ လူရဲ့ ကိုယ်ခံစွမ်းအားကို ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်စေဖို့ ကူညီပေးတာပါ။

    ဒီကုသမှုက နောက်ထပ် စမ်းသပ်မှုတွေ လုပ်ဆောင်ဖို့ လိုနေသေးတယ်ဆိုပေမယ့် လောလောဆယ် ရလဒ်ကတော့ အားရစရာပါ။ ဒီကုသမှု ခံယူပြီးသူတွေမှာ ကင်ဆာ ကုထုံးတွေကို ဆက်လက် ခံယူဖို့ မလိုတော့လောက်တဲ့အထိ ကင်ဆာလက္ခဏာတွေ ပျောက်ကင်းသွားတာကို တွေ့ရှိခဲ့ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 09/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement