backup og meta

ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ အယူအဆမှား ၉ ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ အယူအဆမှား ၉ ချက်

    ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာအဖြစ်များတဲ့ ကင်ဆာတစ်ခုအဖြစ် လူသိများကြပေမယ့် သူနဲ့ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတက ပြည့်စုံချင်မှ ပြည့်စုံပါလိမ့်မယ်။ ရင်သားမှာ အကျိတ်တွေ့မှ ရင်သားကင်ဆာကိုတွေးမိတတ်ကြသလို တစ်ယောက်ပြော၊ နှစ်ယောက်ပြော စကားတွေနဲ့ပဲ သိထားကြတာများပါတယ်။ ဗဟုသုတရှိထားကြတဲ့ကျန်းမာရေးလိုက်စားသူတွေတောင်မှ တစ်ခါတလေ ထင်မှတ်မှားနေတဲ့ အသိတွေရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ ကိုယ်သိထားတာတွေက မှားနေသလား မှန်နေသလားဆိုတာ တစ်ချက်လောက် ဆန်းစစ်ကြည့်လိုက်ပါဦး။

    ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ အယူအဆမှား ၉ ချက်

    (၁) အမျိုးသမီးတွေမှာပဲ ရင်သားကင်ဆာဖြစ်တယ်

    မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ရင်သားတစ်ရှူးတွေရှိပါတယ်။ အမျိုးသမီးတွေရဲ့ ရင်သားတစ်ရှူးတွေလိုပဲ အမျိုးသားတွေရဲ့ရင်သားအတွင်းက ဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ်ပြောင်းလဲလာနိုင်ပါတယ်။ အမျိုးသမီးတွေနဲ့ယှဉ်ရင် ဖြစ်နိင်ခြေ အရမ်းနည်းတယ်၊ဖြစ်ခဲတယ်ဆိုပေမယ့် အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်ပါတယ်။

    (၂) ရင်သားမှာ အကျိတ်ဖြစ်လာတာမှ ရင်သားကင်ဆာလက္ခဏာလို့ထင်တယ်

    ရင်သားကင်ဆာဖြစ်ရင် ရင်သားအကျိတ်ရှိလာတတ်တာ မှန်ပါတယ်။ ဒါပေမယ့် အမြဲတော့ ဒီလက္ခဏာပဲ ပြမှာ မဟုတ်ပါဘူး။ ပြောင်းလဲလာတဲ့တခြားလက္ခဏာတွေရှိနိုင်သလို အကျိတ်က ချိုင်းအောက်နား ပြန်ရည်ကျိတ်တွေထိ ကင်ဆာပျံ့နှံ့လာတတ်ပါတယ်။ ကနဦးအကျိတ်က မသိသာသေးခင်မှာ တခြားနေရာတွေမှာ အကျိတ်ပေါ်လာနိုင်ပါတယ်။

    ဒါ့အပြင် အကျိတ်မရှိဘဲ ရင်သားရောင်ရမ်းလာတာ၊ နာကျင်လာတာ၊ အထိမခံနိုင်တာ၊ ရင်သားထိပ် ရှုံ့ဝင်နေတာ၊ နို့ရည်လိုလို အရည်တွေထွက်လာတာ စတဲ့မူမမှန်လက္ခဏာတွေရှိနိုင်ပါတယ်။ အကျိတ်မရှိတိုင်း ရင်သားကင်ဆာကို ပေါ့ဆနေလို့မရပါဘူး။ ပြောင်းလဲလာသမျှလက္ခဏာတွေကို သတိထားပြီးစောစောစစ်ဆေးမှုခံယူပါ။

    (၃) ရင်သားကင်ဆာအန္တရာယ်က အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှုတို့နဲ့ မဆိုင်ဘူး

    ရင်သားကင်ဆာက မျိုးရိုးရှိမှဖြစ်တာ၊ သူ့အလိုလိုဖြစ်တာ၊ အနေအထိုင် အစားအသောက်ဆင်ခြင်လို့ ဘာမှမထူးဘူးလို့ တွေးကောင်းတွေးမိကြပါလိမ့်မယ်။ အမှန်က ကိုယ်အလေးချိန်၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ အစားအသောက် အားလုံးက ရင်သားကင်ဆာဖြစ်နိုင်ခြေအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။

    သင့်တင့်တဲ့ကိုယ်အလေးချိန်ကိုထိန်းသိမ်းဖို့၊ ထိုက်သင့်သလောက် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုရှိဖို့၊ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်ဖို့ ကင်ဆာကာကွယ်ရေးကျန်းမာရေးလမ်းညွှန်ချက်တွေမှာပါရှိပါတယ်။

    (၄) ဘရာစီယာဝတ်တာ ရင်သားကင်ဆာဖြစ်စေနိုင်တယ်

    ဘရာစီယာအတွင်းခံဝတ်ရင် ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများစေနိုင်တယ်လို့ ထင်သူတွေရှိပေမယ့် မဟုတ်ပါဘူး။ ဘရာဝတ်တာ ရင်သားရဲ့ပြန်ရည်စနစ်ကို ဖိချုပ်သလိုဖြစ်စေနိုင်ပြီး အဆိပ်အတောက်ဓာတ်တွေ ပိုများစေတယ်လို့ အယူအဆမှားတတ်ကြပါတယ်။ ဒါပေမယ့် ဘရာဝတ်ရင် ကင်ဆာဖြစ်စေတယ်လို့ တိကျခိုင်မာတဲ့ သိပ္ပံနည်းအရ သက်သေအထောက်အထားမရှိပါဘူး။

    (၅) ကိုယ်ဝန်ပျက်ကျဖူးရင် ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများတယ်

    မဟုတ်ပါဘူး။ ကိုယ်ဝန်ဖျက်ချတာ၊ ပျက်ကျတာက ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများစေနိုင်တယ်လို့ အရင်ကတွေ့ရှိခဲ့ကြဖူးပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းပိုအသေးစိတ်တဲ့လေ့လာမှုတွေအရ ကိုယ်ဝန်ပျက်ကျတာရော၊ ဖျက်ချတာရောက ရင်သားကင်ဆာနဲ့ဆက်နွှယ်မှုရှိတဲ့ အထောက်အထားမတွေ့ရပါဘူး။

    (၆)ချွေးနံ့ပျောက်ဆေးသုံးတာ ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများတယ်

    ချွေးနံ့ပျောက်ဆေးတချို့မှာ တာရှည်ခံစေဖို့သုံးတဲ့ Parabensတွေက အက်စထရိုဂျင်ဟော်မုန်းလို အာနိသင်ဆင်တူတယ်လို့ အစကတွေ့ရှိခဲ့ပေမယ့် Parabens နဲ့ ရင်သားကင်ဆာကြားက ကျိုးကြောင်းဆက်နွှယ်မှုကို အတည်မပြုနိုင်သလို Parabens က ရင်သားအကျိတ်တွေ ဖြစ်စေနိုင်တယ်ဆိုတာ သက်သေမပြနိုင်ခဲ့ပါဘူး။

    (၇) ကိုယ့်ရင်သားကိုယ် စမ်းသပ်ရုံနဲ့ ရင်သားကင်ဆာရှိမရှိ စစ်ဆေးဖို့လုံလောက်တယ်

    ကိုယ့်ရင်သားကိုယ်စမ်းသပ်ရုံနဲ့ မလုံလောက်ပါဘူး။ ရောဂါကို စောစောသိနိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပေမယ့် တစ်ခါတရံ သိသာတဲ့ အကျိတ်မပေါ်ဘဲရောဂါရှိနေနိုင်တဲ့အတွက် အသက် ၄၀ကျော်အမျိုးသမီးတိုင်း ၁နှစ် (သို့) ၂နှစ် တစ်ခါ ရင်သားဓာတ်မှန်စစ်ဆေးမှု (mammogram) ပုံမှန်ခံယူသင့်ပါတယ်။ဒီနေ့အထိကတော့ Mammography ဟာ အကောင်းဆုံးရောဂါ ရောဂါအစောပိုင်းကို စစ်ဆေးနည်းဖြစ်ပြီး ရောဂါလက္ခဏာမပြတဲ့ ကင်ဆာတွေကိုပါ ရှာဖွေ တွေ့ရှိနိုင်ပါတယ်။

    (၈) မျိုးရိုးမရှိရင် ရင်သားကင်ဆာ ကိုယ့်မှာမဖြစ်နိုင်ဘူး

    မိသားစုထဲမှာ ရင်သားကင်ဆာမျိုးရိုးရှိရင် ကိုယ့်မှာလည်းဖြစ်နိုင်ခြေအန္တရာယ်များတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် မျိုးရိုးမရှိလည်း အမျိုးသမီးတိုင်းဖြစ်နိုင်ခြေရှိနိုင်တယ်လို့မမေ့ပါနဲ့။ ရင်သားကင်ဆာဖြစ်တဲ့အမျိုးသမီး ဆယ်ယောက်မှာ ကိုးယောက်က မျိုးရိုးကြောင့်မဟုတ်တဲ့အတွက် ကိုယ့်မှာကင်ဆာမျိုးရိုးမရှိတာနဲ့ပဲ လက္ခဏာတွေကိုပေါ့ပေါ့ဆဆမနေပါနဲ့။

    (၉) ရင်သားသေးတဲ့ အမျိုးသမီးတွေ ရင်သားကင်ဆာဖြစ်နိုင်ခြေနည်းတယ်

    ရင်သားတစ်ရှူး ထူတဲ့သူ တစ်နည်း ရင်သားကြီးတဲ့သူက သာမန်လူထက် ကင်ဆာဖြစ်နိုင်ခြေ အနည်းငယ်များပါတယ်။ ဒီလိုဆိုလို့ ရင်သားသေးရင် ကင်ဆာမဖြစ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ရင်သားကြီးတဲ့သူတွေက သေးသူတွေထက် စမ်းသပ်စစ်ဆေးရပိုခက်လို့ အကျိတ်ကို သတိမထားမိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် mammogram နဲ့ MRI စစ်ဆေးမှုတွေကိုသာ အားကိုးသင့်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ရင်သားကြီးတာသေးတာ ထည့်မတွေးဘဲ ပြုလုပ်သင့်တဲ့စစ်ဆေးမှုတွေကို ပုံမှန်လုပ်ဆောင်သင့်တာဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement