backup og meta

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား!

    မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ။ မနက်ခင်းတိုင်းကို ခေါင်းကိုက်ရင်း နိုးထနေရပြီဆိုရင်တော့ တစ်ခုခုတော့ မှားယွင်းနေပြီလို့ ပြောချင်ပါတယ်။ မနက်ခင်းတိုင်းမှာ ဘာကြောင့် ခေါင်းကိုက်ရင်း နိုးထနေရတာလလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ အဖြေရှာကြည့်လိုက်ရအောင်နော်။

    မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ဘာကြောင့်များ ဖြစ်မလဲ။

    မနက်ခင်းတိုင်းမှာ ခေါင်းကိုက်တာကို ခံစားရသူကတော်တော်များများတော့ ရှိပါတယ်။ တကယ်ကတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ နေ့စဉ်ဘဝမှာ နေထိုင်မှုပုံစံတွေကြောင့်အပြင် အိပ်စက်မှုပုံစံ မမှန်တာကြောင့် အဖြစ်များပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    ကဲ ….. ဒီတော့ ကိုယ်တိုင်ရော မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ကိုက်နေရတာဟာ ဘာကြောင့်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    • အိပ်ရေးမဝတာ

    အိပ်ရာနိုးလာချိန်မှာ ခေါင်းကိုက်တယ်လို့ ခံစားရတာက အိပ်ရေးပျက်တာကြောင့်ဖြစ်နိုင်ပါတယ်။ ညဘက်မှာ အိပ်ရာဝင်နောက်ကျတာ၊ ကောင်းကောင်း အိပ်မပျော်တာတွေက နောက်နေ့မနက်စောစောမှာ ခေါင်းကိုက်တာကို ခံစားရစေနိုင်ပါတယ်။ နောက်ပြီး ညနက်သန်းခေါင် အိပ်ရာက နိုးလာပြီး ပြန်အိပ်မရတာကလည်း မနက်ခင်းမှာ ခေါင်းကိုက်ရင်း နိုးထတာကို ဖြစ်စေနိုင်ပါတယ်။

    ညဘက် အိပ်မပျော်တဲ့ ဝေဒနာကို ခံစားနေရမယ်ဆိုရင်လည်း မနက်ခင်းနိုးချိန်မှာ ခေါင်းကိုက်တာကို ခံစားရစေနိုင်ပါတယ်။

    • အိပ်ဟောက် အသက်ရှူပိတ် ပြဿနာ ရှိတာ၊ အိပ်ရင်းဟောက်တာ

    အိပ်ဟောက် အသက်ရှူပိတ် ပြဿနာရှိနေတာ၊ အိပ်ရင်းဟောက်တာတွေက လူတစ်ယောက်ရဲ့ အိပ်စက်မှုကို ထိခိုက်စေတဲ့ အကြောင်းတရားတွေပါပဲ။ ဒီအခြေအနေတွေက မနက်ခင်းမှာ အိပ်ရာနိုးနိုးချင်း ခေါင်းကိုက်တာကို ခံစားရစေနိုင်ပါတယ်။

    ဒီအခြေအနေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနည်းကတော့ ဝိတ်ချတာ၊ ဆေးလိပ်ဖြတ်တာ၊ အရက်ဘီယာ စတာတွေကို ရှောင်ရှားတာပါပဲ။

    • အအိပ်များနေတာ

    အိပ်ရေးမဝခြင်းက ခေါင်းကိုက်စေနိုင်သလို အအိပ်များလွန်းတာကလညး မနက်ခင်း အိပ်ရာနိုးနိုးချင်းမှာ ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဓာတ်ကျနေချိန်မှာ ကောင်းကောင်းအိပ်မပျော်ပေမယ့် အချိန်အကြာကြီး အိပ်ရာထဲမှာ ကုန်ဆုံးတတ်ကြပါတယ်။ ဒီအခြေအနေကလည်း ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။

    • ကြွက်သားတွေ တောင့်တင်းနေတာ

    ဇက်ကြောတဝိုက် ဦးခေါင်းအောက်ဖက်နားက ကြွက်သားတွေက တောင့်တင်းနေမယ်ဆိုရင် ခေါင်းထဲမှာ တင်းအားဖြစ်စေပြီး ခေါင်းကိုက်တာကို ခံစားရစေနိုင်ပါတယ်။ နာတာရှည် စိတ်ဖိစီးမှုကို ခံစားနေရတာ၊ ကိုယ်နေဟန်ထား မူမမှန်တာ၊ ဆံပင်ကို တင်းတင်းကျပ်ကျပ်စည်းနှောင်ထားတာ၊ အိပ်စက်မှုပုံစံ မမှန်တာတွေကလည်း ကြွက်သားတွေကို တောင့်တင်းစေပြီး ခေါင်းကိုက်စေနိုင်ပါတယ်။

    • သွားကြိတ်တာ

    သွားကြိတ်တာက မေးရိုးတွေကို ပင်ပန်းစေပြီး နာကျင်မှုကို ခံစားရစေနိုင်သလို ခေါင်းကိုက်ပြီး နိုးထလာစေနိုင်ပါတယ်။ တစ်ညလုံး သွားကြိတ်တာက မေးရိုးမှာရှိတဲ့ ကြွက်သားတွေ နဲ့ အရွတ်တွေကို ဝန်ပိစေပြီး မနက်ခင်းတိုင်းမှာ ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။

    • အချို့သော ဆေးဝါးတွေ

    အကိုက်အခဲပျောက်ဆေးတွေက မနက်စောစော ခေါင်းကိုက်တာကို သက်သာစေနိုင်ပေမယ့် ဆေးဝါးတွေကို အလွန်အကျွံ သုံးစွဲတာကလည်း ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ အချို့သော OTC ဆေးတွေ၊ ဆေးညွှန်းပါမှ ဝယ်ယူလို့ရတဲ့ ဆေးဝါးတွေက မနက် အိပ်ရာနိုးချိန်မှာ ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ ဘယ်လိုဆေးတွေလဲဆိုတော့ စတီးရွိုက် မပါတဲ့ အရောင်ကျဆေးတွေ၊ အက်စီတမော်ဖင်း၊ အက်စပရင်၊ ဆေးညွှန်းပါမှ ဝယ်ယူလို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေက အိပ်စက်မှု စက်ဝန်းကို ထိခိုက်စေပြီး ခေါင်းကိုက်စေနိုင်ပါတယ်။

    ဒါတွေအပြင် ဟော်မုန်းပါတဲ့ သန္ဓေတားဆေးတွေ၊ သွေးဆုံးအကြိုကာလအတွက် သောက်သုံးရတဲ့ ဟော်မုန်းပါတဲ့ ဆေးတွေ၊ အမျိုးသားတွေမှာဆိုရင် လိင်တံထောင်မတ်နိုင်စွမ်း ကျဆင်းတာကို သက်သာစေနိုင်မယ့် ဆေးဝါးတွေ၊ သွေးပေါင်ကျဆေး၊ နှလုံးရောဂါအတွက် သောက်ရတဲ့ ဆေးဝါးတွေ၊ ကဖင်းတွေကလည်း အိပ်စက်မှုကို ထိခိုက်စေပြီး အိပ်ရာထချိန်မှာ ခေါင်းကိုက်တာကို ခံစားရစေနိုင်ပါတယ်။

    • အရက်သောက်တာ

    အိပ်ချိန်နဲ့ နီးနီးကပ်ကပ် အရက်သောက်တာက အိပ်စက်မှုကို ထိခိုက်စေပြီး ကောင်းကောင်းအိပ်ပျော်ဖို့ ခက်စေပါတယ်။ အကျိုးဆက်ကတော့ မနင်္ကအိပ်ရာနိုးချိန်မှာ ခေါင်းကိုက်တာပါပဲ။ အရက်ကို ၁ ခွက် ဒါမှမဟုတ် ၂ ခွက်သောက်တာက အိပ်ချင်သလို ဖြစ်စေပေမယ့် တစ်ညလုံး ကောင်းကောင်း အိပ်ပျော်စေဖို့တော့ ခက်ပါတယ်။ အရက်သောက်တာက အိပ်ရေးပျက်စေပြီး ခေါင်းကိုက်စေမှာပါ။

    • ခေါင်းတစ်ခြမ်းကိုက်တာ

    ခေါင်းတစ်ခြမ်းကိုက်တာကလည်း ညဘက်တွေမှာ အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ခက်စေပြီး မနက်ခင်းမှာ ခေါင်းကိုက်ခြင်းနဲ့အတူ နိုးထစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်တတ်လားဆိုတာလည်း ကိုယ်တိုင် ဆန်းစစ်ကြည့်စေချင်ပါတယ်။

    • အိပ်စက်မှုပြဿနာ ရှိနေတာ

    ကိုယ်တွင်းဇီဝနာရီက ဟန်ချက်ပျက်ပြီး ညဘက်တွေမှာ တစ်ရေးနိုးပြီး ပြန်အိပ်မပျော်တာ၊ အိပ်ပျော်ဖို့ ခက်တာ၊ တစ်ညလုံး တစ်ဆတ်ဆတ် နိုးနေတာတွေကလည်း မနက်ခင်း အိပ်ရာထချိန်မှာ ခေါင်းကိုက်ခြင်းကို ခံစားရစေနိုင်တဲ့ အကြောင်းအရင်းတွေပါပဲ။

    • စိတ်ဓာတ်ကျ စိတ်ဖိစီးနေတာ

    စိတ်ကျန်းမာရေး ပြဿနာတွေဖြစ်ကြတဲ့ စိတ်ဓာတ်ကျတာ စိတ်ဖိစီးတာတွေကို ခံစားနေရမယ်ဆိုရင်လည်း မနက်ခင်းတိုင်း အိပ်ရာထချိန်မှာ စိတ်မကြည်သာမှုနဲ့အတူ ခေါင်းကိုက်တာကိုပါ ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်ရင်း အိပ်ရာက နိုးထလာရပြီဆိုရင် ကိုယ်တိုင်မှာ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေ ခံစားနေရပြီလားဆိုတာ ဆန်းစစ်ကြည့်ပါ။

    အိပ်ရာနိုးနိုးချင်းခေါင်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲ။

    ခေါင်းကိုက်ပြီး အိပ်ရာကနေ နိုးထနေရတာကို သက်သာစေဖို့ဆိုရင်တော့

    • ရေများများ သောက်ပါ
    • အကိုက်အခဲပျောက်ဆေးတွေကိုလည်း ရံဖန်ရံခါ သောက်ပေးလို့ ရပါတယ်
    • ကဖင်းလျှော့သောက်ပါ
    • ဖုန်းလျှော့ကြည့်ပါ
    • ဇက်ကြောကို ရေနွေးဝတ်လေး ကပ်ပေးပါ
    • နဖူးကို ရေအေးဝတ်လေး ကပ်ပေးပါ
    • နားသယ်စပ်၊ နဖူး၊ ဇက်ကြောစတာတွေကို ခပ်ဖွဖွလေး နှိပ်ပေးပါ။

    အချို့သော ဘဝနေထိုင်မှုပုံစံနဲ့ အိပ်စက်မှု အလေ့အထတွေကို ပြောင်းလဲလိုက်တာက အိပ်ရာနိုးနိုးချင်းမှာ ခေါင်းကိုက်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement