backup og meta

ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine)

Migraine ဆိုတာ ပြင်းထန်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်း ပါ။ ဖြစ်လာရင် တဒိန်းဒိန်းနဲ့ ခေါင်းထိုးနေတာကြောင့် အလုပ်ပျက်အကိုင်ပျက်ဖြစ်တဲ့အထိ ပြင်းထန်တတ်ပါတယ်။ တစ်ခါကိုက်ရင် နာရီပိုင်းလောက်ကနေ ရက်ပိုင်းအထိကြာတတ်ပါတယ်။ မကြာခဏခေါင်းကိုက်တတ်သူတွေ ဒီmigraineရဲ့ ထူးခြားတဲ့လက္ခဏာတွေကို လေ့လာကြည့်ရအောင်။

ခေါင်းတစ်ခြမ်းကိုက်ခြင်း ရဲ့ လက္ခဏာများ

Migraineက တခြားခေါင်းကိုက်တာနဲ့မတူဘဲ သူ့မှာအဆင့်၄ဆင့်ရှိပါတယ်။ လူတိုင်းဒီ၄ဆင့် ရှိချင်မှရှိပါတယ်။

(၁)အကြိုအဆင့်

ခေါင်းမကိုက်ခင် ၁ရက် ၂ရက်အလိုမှာ

  • ဝမ်းချုပ်တာ
  • စိတ်အပြောင်းအလဲဖြစ်တာ (စိတ်ကျတာ)
  • အစာစားချင်စိတ်များတာ
  • ရေဆာတာ၊ ဆီးသွားများတာ
  • မကြာခဏသမ်းတာ

(၂) Aura (ဖြစ်ခါနီးအဆင့်)

တချို့သူတွေက ခေါင်းမကိုက်ခင် ဒီအဆင့်ကိုဖြတ်ရပါတယ်။ ၈၀ရာခိုင်နှုန်းမှာတော့ မရှိပါဘူး။ ဒါကို migraine without auraလို့ခေါ်ပါတယ်။ ဖြည်းဖြည်းခြင်းစဖြစ်လာပြီး မိနစ်၂၀ကနေ ၆၀အထိကြာတတ်ပါတယ်။ လက္ခဏာတွေကတော့

  • မျက်လုံးထဲမှာ အစက်အပြောက်တွေဖြစ်တာ၊ လျှပ်စီးလက်သလိုဖြစ်တာ
  • အမြင်ခဏပျောက်သွားတာ
  • လက်နဲ့ခြေထောက်မှာ အပ်နဲ့ထိုးသလို စူးတာ
  • မျက်နှာ ဒါမှမဟုတ် ကိုယ်တစ်ခြမ်းထုံတာ၊ အားနည်းတာ
  • စကားလေးတာ
  • ​နားထဲမှာ အသံတွေကြားနေရတာ
  • အကြောဆွဲတာ စတာတွေဖြစ်ပါတယ်။

(၃) လက္ခဏာပြတဲ့အဆင့်

Migraineက ဒီတိုင်းထားရင် ၄နာရီကနေ ၃ရက်အထိကြာတတ်ပါတယ်။ တစ်ခါတစ်လေ တစ်လထဲမှာ ခဏခဏဖြစ်တာမျိုးလည်းရှိပါတယ်။ ခံစားရနိုင်တာတွေကတော့

  • ခေါင်းတစ်ခြမ်း တစ်ခါတစ်လေ တစ်ခေါင်းလုံးကိုက်တတ်ပါတယ်။
  • တဒိန်းဒိန်းနဲ့ထိုးကိုက်ပါတယ်။
  • အသံ၊ အလင်း၊ တစ်ခါတစ်လေ အနံ့တွေ၊ အထိအတွေ့ကို မခံနိုင်ပါဘူး။

(၄) သက်သာတဲ့အဆင့်

ခေါင်းတစ်ခြမ်းကိုက်တာ သက်သာသွားပြီးရင်တော့ လူလည်း အားကုန်ပြီး ပုံကျသွားပါတယ်။ နည်းနည်းလှုပ်တာနဲ့ ခေါင်းကနာလိုလို ခံစားရပါတယ်။

မိုက်ဂရင်း ဘာလို့ဖြစ်တာလဲ

တကယ်တော့ ဘာလို့ဖြစ်လဲဆိုတာ သေချာတော့ မပြောနိုင်သေးပါဘူး။ လေ့လာချက်တွေအရ ဦးနှောက်ထဲမှာရှိတဲ့ ဆီရိုတိုနင်(serotonin)လို့ခေါ်တဲ့ ဓာတ်ပစ္စည်းမမျှတလို့ ဖြစ်ရတာလို့ ပြောကြပါတယ်။ သူက အာရုံကြောစနစ်ရဲ့ နာကျင်မှုတွေကို ထိန်းပေးတဲ့ ဓာတ်ပစ္စည်းပါ။

Migraineကို ပိုဆိုးစေတဲ့အကြောင်းတွေရှိပါတယ်။

ဒါတွေကတော့

  • ဟော်မုန်းအပြောင်းအလဲ – ရာသီလာခါနီး၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးဆုံးခါနီးမှာဖြစ်တဲ့ ဟော်မုန်းအပြောင်းအလဲတွေက ပိုဆိုးစေပါတယ်။
  • အရက်အပါအဝင် ဝိုင်တွေ၊ ကဖင်းတွေ၊ ချောကလက်တွေ
  • စိတ်ဖိစီးမှုများတာတွေ
  • တချို့သူတွေမှာ အလင်းစူးတာ၊ အသံဆူတာ၊ အနံ့ပြင်းပြင်းတွေရတာတွေ
  • အိပ်ရေးပျက်တာ၊ အအိပ်လွန်တာ၊ အိပ်နေရင်းလန့်နိုးတတ်တာ
  • လှုပ်ရှားမှုများတာ (အတူနေတာအပါအဝင်)
  • ရာသီဥတုအပြောင်းအလဲဖြစ်တာ
  • ဆေးဝါးတွေ
  • ​အချိုမှုန့်လိုမျိုး အရသာဖြည့်အမှုန့်တွေ စတာတွေပဲဖြစ်ပါတယ်။

မိုက်ဂရင်းက ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

  • အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် လူငယ်တွေကပိုဖြစ်ပါတယ်။ အသက်၃၀ဝန်းကျင်မှာ အတွေ့ရအများဆုံးပါ။ အသက်ကြီးလာရင်တော့ တဖြည်းဖြည်း သက်သာလာပါတယ်။
  • အမျိုးသမီးတွေက အမျိုးသားတွေထက် ၃ဆပိုဖြစ်ပါတယ်။
  • မိသားစုရာဇဝင်ရှိရင်လည်းဖြစ်နိုင်ပါတယ်။
  • ရာသီလာခါနီးရင် ပိုဖြစ်တတ်ပါတယ်။ သွေးဆုံးပြီးသွားရင်တော့ သက်သာသွားပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်း ရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

နောက်ဆက်တွဲကတော့ ကြီးကြီးမားမားမရှိပါဘူး။ အကိုက်အခဲပျောက်ဆေးတွေ စွဲသောက်ရလို့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်လို့ အကိုက်အခဲပျောက်ဆေးကို သောက်ရာကနေ ဆေးမသောက်ရင် ခေါင်းကိုက်လာတဲ့အထိ ဆေးစွဲတာမျိုးဖြစ်တတ်ပါတယ်။

သတိထားသင့်တဲ့အခြေအနေ

  • ရုတ်တရက် ပြင်းပြင်းထန်ထန်ခေါင်းကိုက်ရင် (ဘဝမှာ အဆိုးဆုံးခေါင်းကိုက်ခြင်း)
  • ခေါင်းကိုက်တာအပြင် ဖျားတာ၊ ဇက်တောင့်တာ၊ တက်တာ၊ အမြင်နှစ်ထပ်မြင်တာ၊ စကားလေးတာ
  • ခေါင်းခိုက်မိပြီး ခေါင်းကိုက်တာ
  • နာတာရှည်ခေါင်းကိုက်တာ (ချောင်းဆိုးရင်၊ ဝမ်းညှစ်ရင်၊ အထိုင်အထလုပ်ရင်ပိုဆိုးတာ)
  • ​အသက်၅၀ကျော်မှ မကြာမကြာခေါင်းကိုက်တာ

ခေါင်းတစ်ခြမ်းကိုက်ခြင်း အတွက် ကုသနည်းများ

ဆရာဝန်နဲ့တိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရပါတယ်။ ကိုယ်တိုင်လုပ်နိုင်တာတွေကတော့

  • အကြောလျှော့ပါ။
  • တိတ်ဆိတ်ပြီး အလင်းရောင်နည်းတဲ့ အခန်းထဲမှာ လှဲပါ။ ဦးရေပြားနဲ့ နားထင်ကိုနှိပ်ပါ။ နဖူးပေါ် ဒါမှမဟုတ် ဂုတ်ပိုးမှာ ရေစိုဝတ်ကပ်ပါ။
  • ကိုယ့်ကိုခေါင်းကိုက်စေတဲ့အချက်တွေကိုမှတ်ထားပြီး ရှောင်ပါ။
  • ရေများများသောက်ပါ။
  • အစားပုံမှန်စားပါ။
  • အိပ်ရေးဝအောင်အိပ်ပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • စိတ်ဖိစီးမှုနည်းအောင်နေပါ။
  • လေ့ကျင့်ခန်းလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mayoclinic.org/diseases-conditions/migraine-headache/diagnosis-treatment/drc-20360207

https://www.webmd.com/migraines-headaches/migraines-headaches-migraines#1

https://www.nhs.uk/conditions/migraine/

https://www.healthline.com/health/migraine#prevention

https://www.medicinenet.com/migraine/article.htm

ယခုပုံစံ

21/12/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Migraine Headaches (ခေါင်းတစ်ခြမ်းကိုက်ခြင်း)

ခေါင်းတစ်ခြမ်းကိုက်တာ သက်သာစေဖို့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/12/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။