သွေးဆိပ်သင့် တယ်ဆိုတာ ခန္ဓာကိုယ်ထဲကို ရောဂါပိုးဝင်တာတဲ့အခါ ခုခံအားစနစ်က ဓာတ်ပစ္စည်းတွေကို ထုတ်ပြီး ပြန်တိုက်ခိုက်လို့ ဖြစ်လာတာပါ။ ဒီရောဂါက ဆိုးရွားပြီး သေနိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။ သွေးဆိပ်သင့် တာကို ၃ဆင့်ခွဲလို့ ရပါတယ်။
- ရောဂါပိုးတွေ သွေးထဲကို ရောက်လာပြီး ခန္ဓာကိုယ်ရောင်ရမ်းလာတာကို ‘သွေးဆိပ်သင့်’တယ်လို့ ခေါ်ပါတယ်။
- သွေးဆိပ်သင့်တာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ အရေးကြီးတဲ့အင်္ဂါတွေဖြစ်တဲ့ နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်တွေကို ထိခိုက်လာပြီဆိုရင် ‘ပြင်းထန်သွေးဆိပ်သင့်’တယ်လို့ ခေါ်ပါတယ်။
- သွေးပေါင်တွေပါကျပြီး အဆုတ်တွေ၊ ကျောက်ကပ်တွေပါ ထိလာတယ်၊ တခြားကိုယ်တွင်းအင်္ဂါတွေပါ ထိခိုက်လာတယ်။ သေဆုံးတဲ့အထိပြင်းထန်တယ်ဆိုရင်ေတာ့ ‘သွေးဆိပ်သင့်ရှော့ဖြစ်’တယ်လို့ ခေါ်ပါတယ်။
သွေးဆိပ်သင့်တာက လူတိုင်းဖြစ်နိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေ၊ ခုခံအားနည်းတဲ့သူတွေက ပိုပြီးသတိထားရပါမယ်။
ဘာလို့ သွေးဆိပ်သင့် တာလဲ။
ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုးစတာတွေက သွေးဆိပ်သင့်တာကို ဖြစ်စေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပိုးဝင်ဝင် သွေးဆိပ်သင့်တတ်ပါတယ်။ ဥပမာပြောရရင်
- အဆုတ်ရောင်ရောဂါ
- အစာအိမ်နဲ့ အူလမ်းကြောင်း ပိုးဝင်တာ
- ဆီးလမ်းကြောင်းပိုးဝင်တာ
- မျိုးပွားလမ်းကြောင်းထဲ ပိုးဝင်တာ
- သွေးထဲ ပိုးဝင်တာ စတာတွေပဲဖြစ်ပါတယ်။
ဘယ်သူတွေမှာပိုဖြစ်နိုင်လဲ။
လူတိုင်းမှာဖြစ်နိုင်ပေမယ့် ပိုဖြစ်နိုင်တဲ့သူတွေကတော့
- အသက်ငယ်လွန်း ကြီးလွန်းတဲ့သူတွေ
- ခုခံအားမကောင်းတဲ့သူတွေ
- ဆီးချို ဒါမှမဟုတ် အသည်းခြောက်ရောဂါရှိတဲ့သူတွေ
- နဂိုတည်းက ရောဂါတစ်ခုခုရှိနေပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသနေရတဲ့ သူတွေ
- ပြင်းထန်တဲ့ ဒဏ်ရာရထားသူတွေ (ဥပမာ မီးလောင်ဒဏ်ရာ )
- ဆီးပိုက်တွေ၊ အသက်ရှူပိုက်တွေ အကြာကြီးတပ်ထားတဲ့သူတွေ
- အရင်က ပိုးသတ်ဆေးတွေ အများကြီးသုံးတာ၊ စတီးရွိုက်တွေ အများကြီးသုံးဖူးတဲ့သူတွေ
- အာဟာရချို့တဲ့တဲ့သူတွေ
သွေးဆိပ်သင့် ရင်ဘာလက္ခဏာတွေ ပြမှာလဲ။
အောက်ကလက္ခဏာတွေက သွေးဆိပ်သင့်တာရဲ့ အစောပိုင်းလက္ခဏာတွေဖြစ်ပြီး ဒါတွေကို လျစ်လျူမရှုသင့်ပါဘူး။
- အဖျားကြီးတာ (၁၀၁’F ဒါမှမဟုတ် ၃၈’C)
- ခန္ဓာကိုယ် အပူချိန်နိမ့်လွန်းတာ
- နှလုံးခုန်မြန်တာ
- အသက်ရှူမြန်တာ (တစ်မိနစ်ကို အကြိမ်၂၀လောက်ရှူနေတာ)
ပြင်းထန်သွေးဆိပ်သင့်ရင်တော့
- သိသိသာသာဆီးနည်းသွားတာ
- သတိမကောင်းတာ
- ခေါင်းမူးတာ
- အသက်ရှူရခက်တာ
- ခြေဖျားလက်ဖျားတွေ၊ နှုတ်ခမ်းတွေ ပြာနှမ်းလာတာ
ရှော့ဖြစ်လာရင်တော့ ခုနကလက္ခဏာတွေအပြင် သွေးပေါင်ထိုးကျတဲ့အထိဖြစ်လာမှာပါ။
နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။
သွေးဆိပ်သင့်တာက အချိန်မီမကုသဘူးဆိုရင် သေတဲ့အထိ ဖြစ်နိုင်ပါတယ်။ တခြားနောက်ဆက်တွဲတွေကတော့
- နှလုံးပျက်စီးတာ
- သွေးမတိတ်တာ
- ကျောက်ကပ်ပျက်စီးတာ
- အသက်ရှူရပ်တာ
- လေဖြတ်တာ
- အသည်းပျက်စီးတာ
- အူပုပ်တာ
- ခြေလက်တွေ ပုပ်တာ
ဘယ်လိုနောက်ဆက်တွဲကြုံရမလဲဆိုတာကတော့
- လူနာအသက်
- ကုသမှု မီမမီ
- သွေးဆိပ်သင့်ရတဲ့အကြောင်းအရင်း
- နဂိုရောဂါအခံ စတဲ့အချက်တွေအပေါ်မူတည်ပါတယ်။
သွေးဆိပ်သင့်တာ ပိုဆိုးလာလေလေ ကိုယ်တွင်းအင်္ဂါတွေကို သွေးရောက်တာပိုနည်းလေလေပါ။ သွေးဆိပ်သင့်တာကြောင့် သွေးကြောမှာ သွေးခဲလေးတွေ ပိတ်လာပြီး ကိုယ်တွင်းအင်္ဂါတွေ ပုပ်တတ်ပါသေးတယ်။
သွေးဆိပ်သင့်တာက သိပ်မပြင်းထန်ရင် ပြန်ကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် သွေးဆိပ်သင့်တာက ခုထက်ထိတော့ အသေအပျောက်များတဲ့ ရောဂါဖြစ်နေတုန်းပါပဲ။
ကုသနည်းတွေက
သွေးဆိပ်သင့်တာက စောစောသိလေလေ စောစောကုနိုင်လေလေ အသက်ရှင်နိုင်ဖို့ အခွင့်အရေးများလေလေပါပဲ။ ကုသနည်းတွေကတော့
- ပိုးဝင်တာကို ကုသဖို့ ပိုးသတ်ဆေးတွေ သွင်းတာ
- သွေးပေါင်ပြန်တက်အောင်လုပ်တာ
- ဆေးပုလင်းချိတ်တာ
- တခြားလိုအပ်တဲ့ကုသမှုတွေပေးတာ စတဲ့နည်းတွေနဲ့ ကုသရမှာပါ။
သွေးဆိပ်သင့်တာက ပြင်းထန်ပြီး သေနိုင်လောက်တဲ့ ရောဂါပါ။ အသက်ရှင်မလား မရှင်ဘူးလားဆိုတာကတော့ ပိုးကဘယ်ကဝင်တာလဲ၊ ဘယ်လောက်ထိပျံ့နေပြီလဲ၊ ကုသမှုကို ဘယ်လောက်စောစောခံယူနိုင်လဲဆိုတာပေါ် အများကြီးမူတည်နေပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]