သွေးနီဥဆဲလ်များ ကြီးမားပြီး သွေးအားနည်းခြင်း (Macrocytic Anemia)

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးနီဥဆဲလ်များ ကြီးမားပြီး သွေးအားနည်းခြင်း (Macrocytic Anemia)

    တစ်ခါတရံမှာ ပြဿနာတစ်ခုခုကြောင့် သွေးနီဥဆဲလ်များဟာ ပုံမှန်ထက် အရွယ်အစား ကြီးမားနေတတ်ပါတယ်။ သွေးနီဥဆဲလ်တွေဟာ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ကောင်းစွာ ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အခါ သွေးအားနည်းတတ်ပါတယ်။

    အကယ်၍ ကိုယ်ခန္ဓာထဲမှာ သွေးနီဥဆဲလ်များဟာ ပုံမှန်ထက် အရွယ်အစားကြီးမားနေပြီး ပုံမှန်သွေးနီဥဆဲလ်တွေ နည်းပါးလာတဲ့အခါလည်း သွေးအားနည်းတဲ့ အခြေအနေ ဖြစ်ပေါ်ပါတယ်။ အဆိုပါအခြေအနေကို သွေးနီဥဆဲလ်ကြီးမားပြီး သွေးအားနည်းခြင်း (Microcytic Anaemia) လို့ ခေါ်ဝေါ်ပါတယ်။

    သွေးနီဥဆဲလ်ကြီးမားပြီး သွေးအားနည်းခြင်းဟာ ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေပေါ်မူတည်ပြီး အမျိုးအစား ခွဲခြားနိုင်ပါတယ်။ အများစုကတော့ ဗီတာမင် B12 နဲ့ ဖောလိတ်ဓာတ် ချို့တဲ့ပြီး ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။

    လက္ခဏာများ

    များသောအားဖြင့် သွေးနီဥဆဲလ်ကြီးမားပြီး သွေးအားနည်းဟာ အစောပိုင်းမှာ လက္ခဏာမပြတတ်ပါဘူး။ ကြာလာရင်တော့ အောက်ပါလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။

    – အစားပျက်ခြင်း

    – ကိုယ်အလေးချိန်လျော့ခြင်း

    ခြေသည်းလက်သည်းများ ကျိုးပဲ့လွယ်လာခြင်း

    နှလုံးခုန်မြန်ခြင်း

    – ဝမ်းပျက်ခြင်း

    – ပင်ပန်းနွမ်းနယ်ခြင်း

    – အသားအရေ ဖျော့တော့ခြင်း

    – အသက်ရှူမြန်ခြင်း

    – အာရုံစူးစိုက်ရန်ခက်ခဲခြင်း

    – မှတ်ဉာဏ်အားနည်းခြင်း

    ဖော်ပြခဲ့တဲ့လက္ခဏာ အများအပြားကို ကြုံတွေ့ရရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အကယ်၍ နှလုံးခုန်နှုန်း ပိုမြန်လာခြင်း၊ အာရုံရှုပ်ထွေးနေခြင်း၊ မှတ်ဉာဏ်ချို့တဲ့ခြင်း စတာတွေကြုံရရင်တော့ မြန်နိုင်သမျှ မြန်အောင်ပြသဖို့ လိုပါမယ်။

    အမျိုးအစားများနှင့် အကြောင်းအရင်းများ

    သွေးနီဥဆဲလ်များကြီးမားပြီး သွေးအားနည်းခြင်းကို အဓိကအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ်။

    Megaloblastic အမျိုးအစား

    သွေးနီဥဆဲလ်တွေကို စတင်ထုတ်လုပ်ရာမှာ မှားယွင်းမှုဖြစ်တဲ့အတွက် ဖြစ်ပွားတတ်ပါတယ်။ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းအရင်းတွေကတော့ ဗီတာမင် B12 ချို့တဲ့ခြင်း၊ ဖောလိတ်ချို့တဲ့ခြင်း၊ ဆေးဝါးအချို့ (ဥပမာ ကင်ဆာဆေးများ၊ HIV ဆေးများ) သုံးစွဲနေခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

    Nonmegaloblastic အမျိုးအစား

    ဖြစ်နိုင်ခြေ အကြောင်းအရင်းမျိုးစုံရှိပါတယ်။ အရက်အလွန်အကျွံသောက်သုံးခြင်း၊ အသည်းရောဂါ၊ သိုင်းရွိုက်ဟော်မုန်းနည်းပါးခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။

    ဘယ်လိုကာကွယ်ကုသမလဲ

    ကုသမှုကတော့ ဖြစ်ပွားစေတဲ့ အကြောင်းအရင်းပေါ် မူတည်ပါတယ်။ သင့်တော်တဲ့နည်းလမ်းကို ဆရာဝန်က ရွေးချယ်ပါလိမ့်မယ်။ အာဟာရဓာတ်ချို့တဲ့မှုရှိနေရင် အာဟာရဓာတ်မျှစေဖို့ ဦးစားပေး ကုသရပါတယ်။ လိုအပ်ရင် ဗီတာမင် B12 နဲ့ ဖောလိတ်ကို အားဆေးအနေနဲ့ သောက်သုံးရတတ်ပါတယ်။

    ဗီတာမင် B12 ချို့တဲ့မှုမဖြစ်အောင် ဗီတာမင် B12 ကြွယ်ဝတဲ့ ကြက်သား၊ ဥအမျိုးမျိုး၊ အမဲသား၊ ငါးအမျိုးမျိုး စတာတွေ စားသုံးသင့်ပါတယ်။ ဖောလိတ်ဓာတ်ရအောင် ကိုက်လန်၊ ဟင်းနုနွယ်၊ ပဲနီလေး၊ ပဲဝါလေး၊ လိမ္မော်သီး စတာတွေ စားသုံးသင့်ပါတယ်။

    အရက်ကို အလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ ဆရာဝန်ပြသတဲ့အခါ မိမိသောက်သုံးနေတဲ့ဆေးဝါးတွေ (အထူးသဖြင့် ကင်ဆာဆေးများ၊ အတက်ရောဂါအတွက်ဆေးများ၊ HIV အတွက် သောက်သုံးတဲ့ ဗိုင်းရပ်စ်ဆန့်ကျင်ဆေးများ) အကြောင်း အသိပေးရပါမယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement