ဓါတ်မတည့်စာတွေထဲမှာ မြေပဲနဲ့ ဓါတ်မတည့်တဲ့ ပြဿနာက တော်တော်လေးကို အတွေ့များတဲ့ ကိစ္စပါ။ နည်းနည်းလေး စားမိရုံနဲ့ ဆိုးဆိုးရွားရွား ဓါတ်မတည့်တဲ့ လက္ခဏာတွေ ပြပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်စေတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေမှာ အလွန်အဖြစ်များပြီး အသက်ကြီးလာတဲ့အခါ ပျောက်သွားတာမျိုးလည်း ရှိသလို တစ်ဘဝလုံး မြေပဲနဲ့ ဓါတ်မတည့်တဲ့သူတွေလည်း အများကြီးပါပဲ။
 
မြေပဲနဲ့ ဓါတ်မတည့်ရင် ဘယ်လိုလက္ခဏာတွေ ပြနိုင်လဲ။
ပုံမှန်အားဖြင့် ဓါတ်မတည့်တဲ့လက္ခဏာတွေဟာ စားပြီး မိနစ်အနည်းငယ်အတွင်းမှာ သိသိသာသာ ပြလာတတ်ပါတယ်။ လက္ခဏာက သိပ်ပြီး မပြင်းထန်ဘူးဆိုရင်
- အရေပြားက ယားယံလာမယ်၊
 - အင်ပျဉ်ေတွ ထလာမယ်၊
 - ပါးစပ်၊ လည်ချောင်းထဲမှာ ယားသလို၊ ဆူးစူးနေသလို ခံစားရမယ်၊
 - နှာရည်ယိုတာ၊ နှာပိတ်တာ
 - ခေါင်းမူးတာမျိုးတွေ ဖြစ်တတ်ပါတယ်။
 
တစ်ခါတလေမှာ ဒီလက္ခဏာတွေက ပိုဆိုးလာဖို့အတွက် ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။ ဓါတ်မတည့်အခြေအနေ ပြင်းထန်လာတဲ့အခါ
- နှုတ်ခမ်း၊ လျှာ ရောင်ကိုင်းလာမယ်
 - မျက်နှာ၊ ခြေလက် ဖောရောင်လာမယ်
 - အသက်ရှူကြပ်လာမယ်
 - အသက်ပြင်းပြင်းရှူလိုက်တဲ့အခါ ချွဲသံပေါက်တာ
 - ဗိုက်အောင့်ဗိုက်နာတာ
 - မူးဝေအော့အန်တာ
 - ဝမ်းလျှောတာတွေ ဖြစ်နိုင်ပါတယ်။
 
အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ပြင်းထန်တဲ့ အခြေအနေတွေမှာ
- လည်ပင်းက ရောင်လာတာ
 - အသက်ရှူလို့မရတော့တာ
 - သွေးပေါင်ကျလာတာ
 - နှလုံးခုန်နှုန်း အရမ်းမြန်လာတာ
 - စိတ်ရှုပ်ထွေးပြီး အသိစိတ်နဲ့ ကိုယ်နဲ့ မကပ်တော့တာ
 - သတိလက်လွတ်ဖြစ်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။
 
ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြဖို့လိုအပ်လဲ။
အထက်မှာ ပြခဲ့တဲ့ လက္ခဏာတွေထဲက ၂မျိုးနဲ့ အထက် သို့မဟုတ် အသက်ကောင်းစွာ မရှူနိုင်တဲ့အခြေအနေဆိုရင်တော့ အရေးပေါ်အခြေအနေလို့ သတ်မှတ်ပြီး ဆရာဝန်နဲ့ အမြန်ပြဖို့ လိုပါတယ်။ ကိုယ်က မြေပဲနဲ့ ဓါတ်မတည့်တာ ဖြစ်တဲ့အတွက် စားလိုက်တဲ့အစားအစာထဲမှာ မြေပဲနဲ့ ပတ်သက်တာ လုံးဝမပါဖို့ကို သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဓါတ်မတည့်အခြေအနေ ပြင်းထန်တဲ့ လူနာကို Epinephrine ဆေးထိုးပေးမှာဖြစ်ပြီး ဆရာဝန်အနေနဲ့ လိုအပ်လာရင် ကြိုတင်ကာကွယ်လို့ရမယ့် သောက်ဆေးတွေကို ညွှန်းပေးမှာဖြစ်ပါတယ်။
သိပ်ပြီး မပြင်းထန်တဲ့ ဓါတ်မတည့်အခြေအနေ ဥပမာ – အရေပြားယားတာ၊ အင်ပျဉ်ထတာအတွက် ဆေးဆိုင်တွေမှာ အလွယ်တကူ ဓါတ်မတည့်ပျောက်ဆေး မေးဝယ်လို့ရပါတယ်။ ဒီဆေးတွေဟာ သာမန်လက္ခဏာတွေကိုပဲ သက်သာစေပြီး ပြင်းထန်လွန်းတဲ့အခြေအနေမျိုးမှာတော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။
ဘယ်လိုအစားအစာတွေကို သတိထားစားသင့်လဲ။
မြေပဲကို အစိမ်းလိုက်စားတာမျိုးလည်း ရှိသလို ဟင်း၊ မုန့်တွေထဲ ရောချက်တာမျိုးလည်း ရှိတာကြောင့် ကိုယ့်အနေနဲ့ အစားအစာကို မစားခင် ပါဝင်ပစ္စည်းတွေကို သေချာမေးပြီး စစ်ဆေးဖို့လိုပါတယ်။ သတိထားဖို့ လိုတဲ့အစားအစာတွေကတော့
- တရုတ်စာ
 - ထိုင်းစာ
 - မက်ဆီကို အစားအစာတွေ
 - ချောကလက်ဝေဖာချောင်း
 - ကိတ်မုန့်
 - ပေါင်မုန့်နဲ့ မုန့်အမျိုးမျိုး
 - ကွတ်ကီး
 - ရေခဲမုန့်
 - ဒိန်ချဉ်
 - ပဲမုန့်ဖြစ်ပြီး တစ်ခါတလေ ဒီဟင်းလျာတွေမှာ ပဲတွေ အများအပြားပါဝင်နိုင်တာကြောင့် မစားခင် သေချာမေးဖို့တော့ လိုပါတယ်။
 
အကောင်းဆုံးကတော့ ကိုယ်နဲ့ ဓါတ်မတည့်တဲ့ အစားအစာကို ယောင်လို့တောင် အရသာခံ မစားလိုက်ဖို့နဲ့ ဘာမဆို မစားခင်မှာ ကြိုပြီးမေးထားတာ အကောင်းဆုံးပါပဲ။
[embed-health-tool-bmr]



