လူတော်တော်များများဟာ ကိုယ်လက်လေ့ကျင့်ခန်းတွေကို အကြောင်းအရင်း အမျိုးမျိုးနဲ့ လုပ်ကြပါတယ်။ သက်လုံကောင်းချင်လို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေဖို့၊ ဝိတ်ကျစေဖို့ စတဲ့ အကြောင်းအရင်း အမျိုးမျိုးနဲ့ပေါ့။ အချို့ကျတော့လည်း ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်ချင်လို့ပေါ့။ လေဒီလေးတွေ အများစုကတော့ ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်လှပစေဖို့အတွက် လေ့ကျင့်ခန်း လုပ်ကြတာ များပါတယ်။ လေ့ကျင့်ခန်း လုပ်တာက အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေအတွက်ပါ ကောင်းကျိုးများပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာတော့ လေ့ကျင့်ခန်း လုပ်တာကြောင့် အမျိုးသားတွေထက် ပိုပြီး ကောင်းကျိုးများတာတွေ ရှိနေပါသေးတယ်။ ဒါတွေက ဘာတွေများ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ လေ့လာလိုက်စို့နော်။
လေဒီလေးတွေနဲ့ လေ့ကျင့်ခန်း
လေ့ကျင့်ခန်း ပုံမှန် လုပ်တာက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ တော်တော်လေး အရေးပါပါတယ်။ ကျန်းမာရေး ကောင်းစေသလို ခန္ဓာကိုယ် အချိုးအစားကိုလည်း ပြေပြစ် လှပစေပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး နာတာရှည် ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးသလို စိတ်ကျန်းမာရေးလည်း ကောင်းစေနိုင်ပါတယ်။
လေဒီလေးတွေထဲမှာလည်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့ အမျိုးသမီးတွေ ပိုကျန်းမာပါတယ်။ တစ်နေ့ကို ကိုယ်လက်လေ့ကျင့်ခန်း မိနစ် ၃၀ ထက် မနည်း လုပ်ဆောင်တဲ့ လေဒီလေးတွေက တက်ကြွသွက်လက်နေပြီး ကျန်းမာရေးလည်း ကောင်းကြပါတယ်။ အသားအရေကစလို့ စိတ်ရောကိုယ်ပါ ကျန်းမာကြပါတယ်။
ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့ အမျိုးသမီးတွေ ပိုကျန်းမာပါတယ် လို့ ဆိုပေမယ့်လည်း လေဒီလေးတိုင်းက လေ့ကျင့်ခန်း လုပ်ဖြစ်လားဆိုတော့ မလုပ်ဖြစ်ကြပါဘူး။ လေဒီလေးတွေက အိမ်မှုကိစ္စတွေ၊ ကလေးတာဝန်နဲ့ အခြားသော တာဝန်ဝတ္တရားတွေကြောင့် လေ့ကျင့်ခန်းလုပ်ဖြစ်သူက အနည်းစုပဲ ရှိပါတယ်။ ဒီအနည်းစုထဲမှတောင် လေ့ကျင့်ခန်းကို နေ့တိုင်း လုပ်ဖြစ်သူက ခပ်ရှားရှားပါ။
ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့ အမျိုးသမီးတွေ ပိုကျန်းမာပါတယ်
လေဒီလေးတွေ အနေနဲ့ တစ်နေ့ကို မိနစ် ၃၀ လောက် လေ့ကျင့်ခန်း လုပ်ပေးမယ်ဆိုရင်
- ကိုယ်အလေးချိန် ထိန်းနိုင်မယ်
လေ့ကျင့်ခန်း လုပ်တာက အမျိုးသားတွေကိုရော အမျိုးသမီးတွေကိုပါ ဝိတ်ကျစေနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကတော့ အမျိုးသားတွေလောက် ကိုယ်အလေးချိန် ကျဖို့ မလွယ်ပါဘူး။ အထူးသဖြင့် မီးဖွားပြီး အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ချိန်ကာလက တက်နေတဲ့ ဝိတ်တွေကို ပြန်ချဖို့ ခက်ခဲတာမျိုး ရှိန်ုငမပါတယ်။
လေဒီလေးတွေအနေနဲ့ ကျန်းမာရေးပြဿနာတွေ ကင်းဝေးစေဖို့ဆိုရင် ကိုယ်ဝန်မဆောင်ခင်၊ ကိုယ်ဝန်ဆောင်ကာလအတွင်းနဲ့ မီးဖွားပြီးချိန်တွေမှာပါ သင့်တော်တဲ့ လေ့ကျင့်ခန်းလေးတွေကို လုပ်ဆောင်ပြီး ကိုယ်အလေးချိန် ထိန်းဖို့ လိုပါမယ်။
- နှလုံး ကျန်းမာစေမယ်
- စိတ်ခံစားမှု ကောင်းစေမယ်
ရာသီလာနေချိန်မှာ လေဒီလေးတွေဟာ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေကို ခံစားရပါတယ်။ အကြောင်းကတော့ ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲသွားတာကြောင့်ပါ။ လေ့ကျင့်ခန်း လုပ်တာက endorphins ဟော်မုန်းတွေကို ထွက်စေတာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာကို သက်သာစေနိုင်ပါတယ်။
- အရိုးပွရောဂါ ကာကွယ်နိုင်မယ်
အရိုးသိပ်သည်းဆ လျော့ကျလာတဲ့အခါ အရိုးပွရောဂါကို ခံစားလာရနိုင်ပါတယ်။ အရိုးပွရောဂါက အမျိုးသားရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးတာက ကိုယ်တွင်းဟော်မုန်းကို ထိန်းညှိပေးသလို အရိုးသိပ်သည်းဆကိုလည်း ထိန်းပေးနိုင်တာကြောင့် အသက်အရွယ်ရလာချိန်မှာ ခံစားရနိုင်တဲ့ အရိုးပွတာ၊ အရိုးပါးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။
ကြွက်သားနဲ့ အရိုးတွေကို သန်မာစေမယ့် လေ့ကျင့်ခန်းတွေကို အဓိက ထားလုပ်ပေးပါ။
- အသားအရေ ကျန်းမာစေမယ်
လေဒီလေးတွေ နဲ့ အသားအရေ ထိန်းသိမ်းမှုက ခွဲထားလို့ မရတဲ့ အရာတွေပါ။ လေ့ကျင့်ခန်း လုပ်တာက အရေပြားကို ကျန်းမာစေနိုင်သလို အရွယ်တင်နုပျိုစေနိုင်ပါတယ်။ အရေပြားပြဿနာတွေကို ကင်းစေပြီး ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာပါ။
- ရင်သားကင်ဆာ ကာကွယ်နိုင်မယ်
ရင်သားကင်ဆာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာ တစ်မျိုးပါ။ ရင်သားကင်ဆာ ကာကွယ်ဖို့ လေ့ကျင့်ခန်း လုပ်ပေးလို့ ရပါတယ်။ လေဒီလေးတွေအနေနဲ့ လေ့ကျင့်ခန်း လုပ်ပေးတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ၂၀% အထိလျှော့ချနိုင်ပါတယ်။ ရင်သားကင်ဆာ ဖြစ်ဖူးတဲ့ မျိုးရိုးရှိမယ်ဆိုရင် လေ့ကျင့်ခန်း လုပ်ပေးရင်း ပုံမှန် စစ်ဆေးမှုတွေကိုလည်း လုပ်ဆောင်ပေးဖို့ လိုပါမယ်။
လေ့ကျင့်ခန်း လုပ်တာက လူတိုင်းကို ကျန်းမာစေတာပါ။ တစ်နေ့တာမှာ မိနစ် ၂၀ ကနေ နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်ပေးခြင်းက စိတ်ရောကိုယ်ပါ ကျန်းမာပြီး နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ရာလည်း ရောက်ပါတယ်။
[embed-health-tool-ovulation]