backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သားဥအိမ်အရည်အိတ် တည်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သားဥအိမ်အရည်အိတ် တည်ခြင်း

အမျိုးသမီးတော်တော်များများဟာ သားဥအိမ်အရည်အိတ် တည်တာဖြစ်ဖူးကြပါတယ်။ အလုံးသေးလို့ ဘာလက္ခဏာမှမပြတာ၊ သူ့အလိုလိုပျောက်သွားတာ‌ကြောင့် မသိလိုက်တာများပါတယ်။ သားဥအိမ်အရည်အိတ် တည်တာ မပြောခင် သားဥအိမ်ဆိုတာကိုအရင်ပြောပြပေးပါ့မယ်။

သားဥအိမ်က သားအိမ်ရဲ့ တစ်ဖက်တစ်ချက်မှာ တစ်လုံးစီရှိပါတယ်။ ရာသီလာဖို့ကူညီပေးသလို အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေထုတ်ပေးပါတယ်။ သားဥအိမ်က၂လုံးရှိတဲ့အတွက် အရည်အိတ်ကလည်း ၁ဖက် ဒါမှမဟုတ် တစ်ချိန်တည်းမှာ ၂ဖက်ဖြစ်တတ်ပါတယ်။

ဘာကြောင့်ဖြစ်တာလဲ။

အများအားဖြင့်တော့ ရာသီစက်ဝန်းကြောင့် အရည်အိတ် တည်တာများပါတယ်။ ဒါကို functional cystလို့ခေါ်ပါတယ်။ သူက အန္တရာယ်မပေးတတ်ပါဘူး။ ၂လ ၃လလောက်နေရင် အလိုလိုပျောက်သွားတတ်ပါတယ်။ တခြားအမျိုးအစားတွေကတော့

  • dermoid cyst (အရည်အိတ်ထဲမှာ ဆံပင်တွေ၊ လက်သည်းတွေပါနေတာ)
  • cystadenoma
  • endometrioma (သားအိမ်တစ်ရှူးတွေ သားဥအိမ်ကို ရောက်ပြီး အရည်အိတ်တည်ခြင်း) တို့ ဖြစ်ပါတယ်။

PCOSလို့ခေါ်တဲ့ သားဥအိမ်အရည်အိတ်ရောဂါစုဆိုတာလည်း ရှိပါတယ်။ သူကတော့ ရှုပ်ထွေးတဲ့ ရောဂါဖြစ်တာကြောင့် သက်သက်ပြောပြပါ့မယ်။ ဒီဆောင်းပါးမှာတော့ တခြားအန္တရာယ်မရှိတဲ့ အရည်အိတ်တွေကိုပဲ ဖော်ပြပေးသွားမှာပါ။

သားဥအိမ်အရည်အိတ် ကဘယ်သူတွေပိုဖြစ်နိုင်လဲ။

  • ဟော်မုန်းပြဿနာရှိသူတွေ (ကလေးလိုချင်လို့ သားဥကြွေဆေးသောက်သူတွေ)
  • ကိုယ်ဝန်ဆောင်တွေ
  • Endometriosis (သားဥအိမ်မှာ သွေးလုံးတည်) ရောဂါရှိသူတွေ
  • မိန်းမကိုယ်အတွင်းပိုင်းရောင်ရမ်းသူတွေ
  • အရင်က အရည်အိတ်တည်ဖူးတဲ့သူတွေ
  • ဘာလက္ခဏာတွေပြမှာလဲ။

    များသောအားဖြင့် ဘာလက္ခဏာမှ မပြတတ်ပါဘူး။ နည်းနည်းကြီးလာရင်တော့

    • ဗိုက်ဖောင်းတာ
    • ဝမ်းသွားရခက်တာ၊ အစာမကြေတာ
    • ရာသီမလာခင်နဲ့ လာနေချိန်မှာ မိန်းမကိုယ်အတွင်းပိုင်းက နာတာ
    • အမျိုးသားနဲ့အတူနေရင်နာတာ
    • ခါးနဲ့ ပေါင်ကြောတွေ နာတာ
    • ရင်သားတွေနာတာ
    • ပျို့အန်တာစတာတွေဖြစ်တတ်ပါတယ်။

    သားဥအိမ်အရည်အိတ် တည်ခြင်းရဲ့ နောက်ဆက်တွဲက ဘာတွေဖြစ်မလဲ။

    အရည်အိတ်တွေက သေးရင် ပြဿနာမရှိပါဘူး။ အများစုကတော့ သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ အရွယ်အစားပိုကြီးလာရင်တော့ အရည်အိတ်ပေါက်ထွက်တာ၊ အညှာကနေ လိမ်ပြီး သွေးမလျှောက်တော့တာ (Torsion) ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့

    • ရုတ်တရက် ဗိုက်အောင့်တာ
    • ပျို့အန်တာ
    • ဖြူဖျော့တာ
    • အသက်ရှူမြန်တာ
    • ခေါင်းမူးတာတွေဖြစ်တတ်ပါတယ်။ ဒါက အရေးပေါ်အခြေအနေမို့လို့ ဆေးရုံကိုအမြန်ဆုံးသွားသင့်ပါတယ်။

    သားဥအိမ်အရည်အိတ်ကို ဘယ်လိုစစ်ဆေးသိရှိနိုင်သလဲ။

    အများစုက ဆေးစစ်ရင်းနဲ့ သိသွားကြတာ များပါတယ်။ အရွယ်အစား၊ အထဲမှာပါတဲ့ ပစ္စည်း (ဥပမာ အရည်လား၊ ခဲနေတာလား၊ တစ်ရှူးတွေ ရှိနေလား) ပေါ်မူတည်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ထပ်လုပ်သွားမှာပါ။ ကုသမှုကလည်း ဒီအဖြေတွေပေါ် မူတည်ပြီး ဆုံးဖြတ်မှာပါ။

    စစ်ဆေးတတ်တဲ့ နည်းလမ်းတွေကတော့

    • ကိုယ်ဝန်ရှိမရှိ စစ်ဆေးခြင်း

    ကိုယ်ဝန်ရှိနေတယ်ဆိုရင် သားဥအိမ်မှာရှိတဲ့ အရည်အိတ်က corpus luteum cyst ဖြစ်နိုင်ပါတယ်။ ဒါက အန္တရာယ်မရှိပါဘူး။

    • အယ်ထွာဆောင်းရိုက်ခြင်း

    အယ်ထွာဆောင်းရိုက်တာက အရည်အိတ်က ဘယ်မှာရှိတာလဲ။ ဘယ်အရွယ်လဲ။ အထဲမှာ ဘာပါလဲဆိုတာကို သိနိုင်ပါတယ်။

    • Laproscopy

    ဒါကတော့ ခွဲစိတ်မှု အသေးစားလုပ်ရပါတယ်။ ဝမ်းဗိုက်ကနေ အပေါက်ငယ်ဖောက်ပြီး အရည်အိတ်ကို တစ်ခါတည်းထုတ်ပြီး အသားစပို့ စစ်ဆေးတာပါ။ မေ့ဆေးလိုပါတယ်။

    • CA 125 စစ်ဆေးတာ

    သွေးထဲက ပရိုတင်းတစ်မျိးကို စစ်တာပဲ ဖြစ်ပါတယ်။ ဒါက သားဥအိမ်ကင်ဆာရှိတဲ့ အမျိုးသမီးတွေမှာ တက်နေနိုင်ပါတယ်။ အရည်အိတ်မဟုတ်ဘဲ ခဲနေရင်၊ သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေလည်း များတယ်ဆိုရင် ဒါကို စစ်ရနိုင်ပါတယ်။

    မတော်တဆ CA 125 များနေရင်လည်း လန့်မသွားပါနဲ့။ ဒါက သားဥအိမ်ကင်ဆာအပြင် ကင်ဆာမဟုတ်တဲ့ သားအိမ်တစ်ရှူးနေရာမှားတာ၊ သားအိမ်အသားလုံးနဲ့ မျိုးပွားအင်္ဂါတွေ ပိုးဝင်တဲ့အခါမှာလည်း တက်နေနိုင်လို့ပါ။

    သားဥအိမ်အရည်အိတ် တည်ခြင်းအတွက် ကုသနည်းများ

    • စောင့်ကြည့်ကုသနည်း

    အရည်အိတ်တော့ရှိတယ်။ အလုံးသေးတယ်။ ဘာလက္ခဏာမှလည်းမရှိဘူးဆိုရင် ပုံမှန်ရက်ချိန်းပြသပြီးစောင့်ကြည့်နိုင်ပါတယ်။ အများစုကဒီအတိုင်းပျောက်သွားတတ်လို့ပါ။

    တားဆေးတွေက ထပ်မဖြစ်အောင်ပဲ ကာကွယ်နိုင်ပါတယ်။ ရှိပြီးသားအရည်အိတ်ကို မပျောက်စေပါဘူး။

    • ခွဲစိတ်နည်း

    အရည်အိတ်အမျိုးအစားပေါ်မူတည်ပြီး လိုအပ်ရင် ခွဲစိတ်တာမျိုးလည်းလုပ်ရနိုင်ပါတယ်။ အသေးစိတ်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ကင်ဆာပြောင်းနိုင်လား။

    အရည်အိတ်အများစုကသူ့အလိုလိုပျောက်ပြီး ကင်ဆာလည်းမဖြစ်ပါဘူး။ တချို့သော အရည်အိတ်အမျိုးအစားတွေက ကင်ဆာပြောင်းနိုင်ပေမယ့် ရှားပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်ရင်ဘယ်လိုလုပ်မလဲ။

    တစ်ခါတစ်လေ ကိုယ်ဝန်အပ်ရင်း ဆေးစစ်ကြည့်တော့မှ အရည်အိတ်တည်နေတာမျိုးလည်း တွေ့ရတတ်ပါတယ်။ များသောအားဖြင့်တော့ ဒါတွေက ချက်ချင်းခွဲစိတ်စရာမလိုပါဘူး။ ကင်ဆာပြောင်းတယ်လို့ ယူဆရင်၊ အလုံးကြီးလာလို့ပေါက်ထွက်တာ၊ အညှာလိမ်တာတို့ဖြစ်ရင်၊ အလုံးအရွယ်အစားကြောင့် ကိုယ်ဝန်ကိုထိခိုက်နိုင်ရင်တော့ ခွဲစိတ်ရတတ်ပါတယ်။ အများအားဖြင့် အန္တရာယ်မရှိတာ များပါတယ်။

    ကာကွယ်နည်း

    သားဥအိတ်မှာ အရည်အိတ်မတည်အောင် ကာကွယ်လို့ရတဲ့ နည်းရယ်လို့ မရှိသေးပါဘူး။ အရည်အိတ်အများစုကလည်း ကျန်းမာရေးစစ်ဆေးရင်း၊ တခြားရောဂါကုသရင်းနဲ့ မတော်တဆတွေ့မိတာများပါတယ်။ ဒါပေမယ့် ရာသီလာချိန်မှာ တစ်ခုခုထူးခြားတာ ခံစားရရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး စစ်ဆေးကြည့်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement