အမျိုးသမီးတွေ အားလုံးမှာ အပျိုဖော်ဝင်တဲ့ အချိန်ကစပြီး သွေးမဆုံးခင်အချိန်ထိ ဓမ္မတာ (သို့) ရာသီ သွေး ဆင်းကြပါတယ်။ အချို့သော အမျိုးသမီးတွေက ပုံမှန် တစ်လတစ်ခါ သွေးဆင်းကြပေမယ့် တချို့ကတော့ တချို့လတွေ ရာသီမလာတာ၊ လာတဲ့ ပမာဏက ပုံမှန်ထက် နည်းလွန်း၊ များလွန်းတာ ၊ လာတဲ့ ရက်က တိုလွန်း ရှည်လွန်းတာ စတဲ့ အခြေအနေတွေကို ကြုံတွေ့နေကြရပါတယ်။ ဒီနေ့ ဆောင်းပါးလေးမှာတော့ ရာသီပုံမှန်အတိုင်းမလာဘဲ တစ်လ၊ နှစ်လ စသည်ဖြင့် ရာသီ ပုံမှန်မလာခြင်းကို ဖြစ်စေနိုင်သော အကြောင်းအရင်းများကို ပြောပြပေးသွားပါမယ်။
ပုံမမှန်တဲ့ အကြောင်းမပြောခင်မှာ ဘယ်ဟာက ပုံမှန်အခြေအနေလဲ ဆိုတာလေးကို အရင် ရှင်းပြပေးပါမယ်။
ပုံမှန်ကျန်းမာတဲ့ သူတစ်ယောက်မှာ ရာသီ သွေးဟာ အလွယ်ပြောရရင်တော့ တစ်လတစ်ခါ ပေါ်ကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဖွဲ့စည်းပုံမတူညီတဲ့အတွက် ဘယ်နှရက်နေရင် တစ်ခါပေါ်သလဲဆိုတာတော့ အတိအကျ မရှိပါဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ ၂၁ရက်မှ ၃၅ ရက်အတွင်း မှာ တစ်ကြိမ်စီ ပုံမှန် ရာသီသွေးဆင်းကြပါတယ်။ အဲလို မဟုတ်ဘဲ တစ်လ၊ နှစ်လ စသည်ဖြင့် ပျောက်သွားတယ်ဆိုရင်တော့ အောက်ပါ အခြေအနေတွေထဲက တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။
ရာသီ ပုံမှန်မလာခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။
၁။ သဘာဝအရ ရာသီမလာခြင်း။
- ကိုယ်ဝန်ရှိနေခြင်း။
- ကလေးကို နို့တိုက်နေခြင်း။
- သွေးဆုံးသွားခြင်း။
စတဲ့အခြေအနေတွေမှာ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်အရ ရာသီမလာတာမျိုးဖြစ်နိုင်ပါတယ်။
၂။ သန္ဓေတားဆေး(သို့) ကိုယ်ဝန်တားဆေး တွေကြောင့် ရာသီမလာခြင်း။
ကိုယ်ဝန်တားတဲ့ သောက်ဆေး၊ ထိုးဆေးတွေအပြင် လက်မောင်း၊ သားအိမ်ထဲထည့်တဲ့ တားဆေးတွေ အသုံးပြုရင်လည်း ရာသီမမှန်တာမျိုး ဖြစ်နိုင်ပါတယ်။
၃။ ဆေးဝါးများ။
အချို့သော စိတ်ကျဝေဒနာကို ကုသတဲ့ဆေး၊ ကင်ဆာကုထုံး တွေကလည်း ရာသီပုံမမှန်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းထဲမှာ ပါဝင်ပါတယ်။
၄။ အချို့သော နေထိုင်မှုပုံစံများ။
အားကစားသမားတွေလို လေ့ကျင့်ခန်းတွေကို အလွန်အကျွံလုပ်ရတဲ့ သူတွေ၊ ကိုယ်အလေးချိန်နည်းလွန်းသော သူတွေ နဲ့ စိတ်ဖိစီးမှု များသောသူတွေမှာလည်း ရာသီပုံမှန်မလာတာတွေ ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု အရမ်းများတဲ့ သူတွေမှာ ရာသီနောက်ကျတာက အင်မတန်အဖြစ်များပါတယ်။ ဒ့ါကြောင့် စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက် လျှော့ချဖို့က အရေးကြီးပါတယ်။
၅။ ဟော်မုန်းအပြောင်းအလဲကို ဖြစ်စေသော အကြောင်းအရင်းများ။
ရာသီသွေးဆင်းခြင်းဟာ ဟော်မုန်းတွေနဲ့ သက်ဆိုင်နေတာကြောင့် ဟော်မုန်းတွေကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ polycystic ovarian syndrome လို့ခေါ်တဲ့ သားဥအိမ်မှာ အရည်အိတ်များ ဖြစ်ခြင်း၊ ဦးနှောက်တွင်ရှိသော Pituitary gland လေးတွင် အကျိတ်ဖြစ်ခြင်း၊ လည်ပင်းရှိ thyroid gland ကြီးခြင်း၊ အချိန်မတိုင်ခင် သွေးဆုံးခြင်း (early menopause) စတဲ့ အခြေအနေတွေမှာ ပုံမမှန်တာ ဖြစ်နိုင်ပါတယ်။
၆။ မိန်းမကိုယ် ပုံစံမမှန်ခြင်း၊ သားအိမ်မှာ အနာရွတ်ဖြစ်နေခြင်း နဲ့ မွေးရာပါ လိင်အင်္ဂါ မပါလာခြင်း စတာတွေကလည်း ဓမ္မတာ မမှန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
တကယ်လို့ သင့်မှာ သွေးမဆုံးသေးဘဲ၊ ကလေးနို့မတိုက်နေဘဲ ရာသီ ပျောက်သွားတယ် (သို့) လာရမယ့် အချိန်ကျော်သွားပြီး တော်တော်နောက်ကျနေတယ် ဆိုရင်တော့ ကိုယ်ဝန်ရနိုင်တဲ့ အခြေအနေမျိုးဆိုရင် ဆီးစစ်ကြည့်တာမျိုးလုပ်နိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေ ကို လျှော့ချနိုင်ဖို့အတွက် အိပ်ရေးဝအောင်အိပ်၊ ကောင်းကောင်းစားပြီး သီချင်းနားထောင်၊ စာအုပ်ဖတ် စတဲ့ ကိုယ်စိတ်ဝင်စားတဲ့ activities လေးတွေ လုပ်သင့်ပါတယ်။
ကိုယ်ဝန်တားဆေးတွေ (သို့) အရှေ့မှာ ဖော်ပြထားတဲ့ ဆေးတွေ သောက်နေတဲ့သူတွေဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ၃လနဲ့ အထက် ဓမ္မတာ ဆက်တိုက်မလာဘူး ဆိုရင် (သို့) အသက် ၁၅ နှစ်ကျော်သည်အထိ ရာသီသွေး တစ်ခါမှ စမဆင်းသေးရင်တော့ ဆရာဝန်နဲ့ သေသေချာချာ ပြသဖို့ လိုအပ်ပါတယ်။
ကျန်းမာကြပါစေ။
ရေးသားသူ- Khine Phoo Ngon
[embed-health-tool-ovulation]