မိန်းကလေးတစ်ယောက်ရဲ့ ကျန်းမာရေးကို ရာသီသွေး အရောင် ကနေ သိနိုင်တယ်ဆိုရင် အံ့ဩသွားမလား။ ဥပမာ ဝါညိုရောင်သွေးဆင်းတာဟာ မိန်းမကိုယ်ပိုးဝင်ခြင်းကို ဖော်ပြနေတတ်ပါတယ်။
ရာသီသွေး ဆင်းချိန်မှာ သားအိမ်အတွင်းက သွေးနဲ့တစ်ရှူးတွေကို မိန်းမကိုယ်ကတဆင့် ခန္ဓာကိုယ်က စွန့်ထုတ်ပါတယ်။ သွေးဆင်းတဲ့အခါ သူရဲ့သက်တမ်းကိုမူတည်ပြီး အနီရဲရဲကနေ အညိုရင့် သို့မဟုတ် အမည်းရောင်အထိ အရောင်အနုအရင့်အမျိုးမျိုးနဲ့ ကွဲပြားနိုင်ပါတယ်။
ရာသီသွေး အရောင် အနုအရင့်က ဖော်ပြနေတဲ့ လက္ခဏာ
ဟော်မုန်းအပြောင်းအလဲနဲ့ ကျန်းမာရေးပြဿနာတွေကလည်း ရာသီသွေးရဲ့အရောင်နဲ့ အသွင်ပုံစံကို သက်ရောက်မှုရှိနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ရာသီသွေးအရောင်က ဘယ်လိုအခြေအနေမျိုးတွေ မှာ ကွဲပြားကြတာလဲ၊ ဘာအကြောင်းရင်းတွေရှိနေတာလဲ၊ ဘယ်အချိန်မှာ ဆရာဝန်ပြဖို့လိုတာလဲ ဆိုတာတွေ ဖတ်ရှုရမှာပါ။
အမည်းရောင်
အမည်းရောင်ရှိတဲ့ ရာသီသွေးဟာ ရာသီစလာခါစ သို့မဟုတ် ပြီးခါနီးရက်မှာ လာတတ်ပါတယ်။ သွေးက သားအိမ်ထဲမှာ ကျန်နေတာကြာနေပြီး အောက်စီဂျင်နဲ့ဓာတ်ပြုဖို့ အချိန်ရခဲ့တဲ့လက္ခဏာဖြစ်ပါတယ်။ ဒါမှမဟုတ် မိန်းမကိုယ်အတွင်းထဲမှာ ပိတ်ဆို့မှုတစ်ခုဖြစ်နေတာကို ဖော်ပြနေတာလည်း ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်တွင်းပိတ်ဆို့မှုရဲ့ တခြားလက္ခဏာတွေထဲမှာ –
- အနံ့ဆိုးတဲ့ အရည်ဆင်းတာ၊
- ကိုယ်ပူတာ၊
- ဆီးသွားရခက်တာ၊
- မိန်းမကိုယ်အတွင်းနဲ့ တဝိုက်မှာ ယားယံ၊ ရောင်ရမ်းလာတာ တို့ပါဝင်ပါတယ်။
နီညိုရောင်
အမည်းရောင်ရာသီသွေးလိုပါပဲ ဒီအရောင်ကလည်း သွေးအဟောင်းဖြစ်ပြီး ဓမ္မတာရက်ရဲ့ အစနဲ့ နောက်ဆုံးမှာ ဆင်းတတ်ပါတယ်။ နီညိုရောင်ရာသီသွေးဟာ အရည်၊ အကျိအချွဲ တို့လို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဆင်းတတ်ပါတယ်။
အညိုရောင်
အညိုဘက်သမ်းတဲ့သွေး အနည်းငယ် တချက်တချက်ဆင်းတာက ကိုယ်ဝန်ရှိကာစမှာ ဆင်းတတ်တဲ့ သွေးပါ။ ဒီလက္ခဏာက သန္ဓေတည်ကာစသွေးဆင်းခြင်းအဖြစ် ဆရာဝန်တွေက ယူဆသတ်မှတ်ထား ပါတယ်။
ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ဒီလိုသွေးဆင်းတာက ကိုယ်ဝန်ပျက်ကျတာ၊ ဒါမှမဟုတ် သားအိမ်ပြင်ပသန္ဓေတည်ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း သွေးဆင်းတယ်ဆို ဆရာဝန်နဲ့တိုင်ပင်ပြသတာ အကောင်းဆုံးပါပဲ။
အနီရင့်ရောင်
ကလေးမီးဖွားပြီးနောက်ပိုင်း အနီရင့်ရောင်သွေး သို့မဟုတ် အကျိအချွဲနည်းနည်းဆင်းတာကို lochia လို့ခေါ်ပါတယ်။ ဒါကတော့ စိုးရိမ်စရာမဟုတ်သလို သားအိမ်ထဲက ပိုကျန်နေတဲ့သွေးနဲ့ တစ်ရှူးတွေကို ခန္ဓာကိုယ်က စွန့်ထုတ်လိုက်တာဖြစ်ပါတယ်။
Lochia ဟာ များသောအားဖြင့် အစပိုင်းမှာ အနီရဲရဲဖြစ်ပြီး နောက်ပိုင်းမှာ ဆင်းတာနည်းလာတာနဲ့အမျှ အရောင်လည်းရင့်လာတတ်ပါတယ်။
ဒီသွေးဆင်းတဲ့ကာလက လူတစ်ယောက်နဲ့တစ်ယောက် မတူကြပေမယ့် ပုံမှန်အားဖြင့် မွေးပြီး ပထမ လအနည်းငယ်အတွင်းမှာ ဆင်းလေ့ရှိပါတယ်။ ဒါပေမယ့် မီးဖွားပြီးနောက်ပိုင်း သွေးသွန်သလို အများကြီးဆင်းတယ်ဆို ဆရာဝန်ပြန်ပြသင့်ပါတယ်။
အနီရဲရဲ အရောင်
အနီရောင်ရဲရဲ ဆင်းတာက သွေးရဲ့သက်တမ်းလတ်ဆတ်ပြီး ပုံမှန်သွေးဆင်းမှုအလျင်ကို ညွှန်ပြတာပါ။ ရာသီသွေးဆင်းခြင်းမှာ အစပိုင်းတော့ အနီရဲရဲဆင်းပြီး ပြီးခါနီးရက်မှာ အရောင်ရင့်လာတာ သဘာဝပါ။
ပန်းရောင်သမ်းတဲ့ သွေးအဖျော့ရောင်
ပန်းရောင်သမ်းတဲ့ အရောင်ဖျော့သွေးဟာ သားအိမ်ခေါင်းအရည်ကြည်နဲ့ ရာသီသွေးရောနှောသွားတဲ့အခါ ဖြစ်လာနိုင်ပါတယ်။ ဟော်မုန်းပါတဲ့ သန္ဓေတားဆေးတွေက အက်စထရိုဂျင်ပမာဏကို လျော့ကျစေပြီး ရာသီလာချိန်မှာ သွေးအရောင်ကို ပိုဖျော့စေ၊ ပိုနည်းစေတတ်ပါတယ်။ အစာအာဟာရ ညီညွတ်မျှတအောင်မစားတာ၊ သွေးအားနည်းတာတို့ကြောင့်လည်း ပန်းရောင်ရာသီသွေးကို ဖြစ်စေနိုင်ပါတယ်။
လိမ္မော်နီရောင်
လိမ္မော်ရောင်သမ်းတဲ့ ရာသီသွေးအရောင်ဟာလည်း သားအိမ်ခေါင်းအရည်ကြည်နဲ့ရောနေတဲ့ သွေးဖြစ်နိုင်ပါတယ်။ တစ်ခါတရံ မိန်းမကိုယ်ပိုးဝင်တာရဲ့ လက္ခဏာလည်းဖြစ်နေတတ်ပါတယ်။ ဒီအရောင်နဲ့ ရာသီသွေးဆင်းတဲ့အပြင် မိန်းမကိုယ်ယားယံတာ၊ နေရခက်တာ၊ အနံ့အသက်ဆိုးတာ စတဲ့လက္ခဏာတွေ ပါ ဖြစ်လာရင်တော့ ဆရာဝန်ပြသင့်ပါတယ်။
ဒီအခြေအနေတွေဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။
- ရာသီလာတဲ့ရက်အပိုင်းအခြား ပြောင်းလဲမှုရှိလာပြီး နောက်တစ်လအထိ သွေးဆင်းတာမျိုး၊
- သွေးဆုံးပြီးနောက်ပိုင်း သွေးဆင်းတာ၊
- သုံးလထက်ကျော်ပြီး ရာသီထိန်တာ၊
- မိန်းမကိုယ်အနံ့ဆိုးထွက်တာ၊
- အဖြူရောင် သို့မဟုတ် ဖြူညစ်ညစ် အကျိအချွဲတွေဆင်းတာ၊
- မိန်းမကိုယ်တဝိုက် နဲ့အတွင်းပိုင်း ယားယံတာ၊
- ကိုယ်ပူတာ တို့ပါဝင်ပါတယ်။
[embed-health-tool-ovulation]