ရာသီသွေး ပုံမှန်ဆင်းဖို့က လေဒီလေးတွေ ကျန်းမာစေဖို့ အရေးပါပါတယ်။ ဒီလို ရာသီသွေးဆင်းတဲ့အခါ လစဉ် ပုံမှန် ဆင်းဖို့ လိုသလို ပမာဏအနေနဲ့လည်း အလွန်အကျွံ ဖြစ်မနေဖို့ လိုပါမယ်။ ရာသီသွေးဆင်း များတာက သွေးအားနည်းစေပြီး လေဒီလေးတွေကို ကျန်းမာရေးထိခိုက်တာမျိုးလေးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ လေဒီလေးတွေ ရာသီသွေးဆင်းများနေရင် စားပေးသင့်တာလေးတွေ ပြောပြပေးချင်ပါတယ်။
ရာသီသွေးဆင်းများတာ အန္တရာယ်ရှိလား
ရာသီလာချိန်မှာ လေဒီလေးတွေအနေနဲ့ ရာသီရက်ပေါ် မူတည်ပြီး လက်ဖက်ရည်ဇွန်း ၂-၃ဇွန်းစာလောက် ဆုံးရှုံးပါတယ်။ ဒါက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ပမာဏ မဟုတ်ပါဘူး။
ရာသီသွေးဆင်းများတဲ့အခါမျိုးမှာတော့ လေဒီလေးတွေရဲ့ ခန္ဓာကိုယ်ကနေ သွေးပမာဏက 80 cc လက်ဖက်ရည်ဇွန်း ၅ ဇွန်းစာ ကျော်ကျော်လောက် ဆုံးရှုံးသွားပါတယ်။ ဒီအခြေအနေက သွေးဆင်း များနေတာ ဖြစ်ပြီး သံဓာတ်လုံလောက်အောင် မစားမိတဲ့ အမျိုးသမီးတွေမှာရင် သွေးအားနည်းတာမျိုး ဖြစ်နိုင်ပါတယ်။
အမျိုးသမီးအများစုမှာတော့ သွေးဆင်းများတာက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် အသက်က ၄၀ အထက် ဖြစ်နေမယ်ဆိုရင်တော့ ရာသီသွေးဆင်းများတာက သားအိမ်အတွင်းနံရံမှာ ကင်ဆာ ခံစားနေရတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသက် ၄၀ အထက် ဖြစ်နေမယ်။ ရာသီသွေး ဆင်းတာကလည်း ပုံမှန်ထက် များနေမယ်ဆိုရင် ကျန်းမာရေး စစ်ဆေးမှု ခံယူဖို့ ပြောပါရစေ။
ရာသီသွေးဆင်းတာ များနေတာလား
အခုပြောပြမယ့် လက္ခဏာလေးတွေ ခံစားနေရရင် ရာသီသွေးဆင်း များနေတာပါ။
- ရာသီသွေးဆင်းရက်က ၇ ရက်ထက် ပိုများနေတာ
- ရာသီစက်ဝန်းအတွင်းမှာ ရာသီသွေးဆင်းတာကြောင့် ဆုံးရှုံးရတဲ့ သွေးပမာဏက 80 mL ထက်များနေတာ ( ရာသီစက်ဝန်းအတွင်း ပုံမှန် အသုံးပြုနေကျ pad ဒါမှမဟုတ် tampons တွေ အများကြီးကုန်တာ)
- တစ်နာရီခြား တစ်ခါ ဒါမှမဟုတ် ၂ နာရီခြား တစ်ခါ လစဉ်သုံး လဲလှယ်နေရတာ
- ရာသီလာချိန်မှာ အသုံးပြုရတဲ့ လစဉ်သုံးကို ၂မျိုးစပ်ပြီး သုံးနေရတာ (ဥပမာ Pad ၂ထပ်ခံရတာ)
- ညဘက်တွေမှာလည်း လစဉ်သုံးကို မဖြစ်မနေလဲဖို့ လိုတာမျိုး ဖြစ်တာ
- သွေးခဲတွေက ကျပ်ပြားစေ့ ဝိုင်းလောက် ရှိနေတာ
- သွေးအတုံးအခဲတွေ အများကြီး ဆင်းနေတာမျိုးပါ။
ရာသီသွေးဆင်းများနေရင် စားပေးသင့်တာလေးတွေ
ကျန်းမာရေး မထိခိုက်စေဖို့အတွက် ရာသီသွေးဆင်းများနေရင် စားပေးသင့်တာလေးတွေ ကတော့
သံဓာတ် ကြွယ်ဝတဲ့ အသီးအရွက်တွေ
ရာသီသွေးဆင်းများတာက သွေးဆုံးရှုံးမှုကို ဖြစ်စေပြီး သံဓာတ် အားနည်းစေနိုင်ပါတယ်။ ဒီလို ဆုံးရှုံးသွားတဲ့ သံဓာတ်တွေကို မဖြည့်တင်းနိုင်တာက ရေရှည်မှာ သံဓာတ်ချို့တဲ့မှုကို ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီး သံဓာတ် အားဖြည့်ဆေးတွေ စားပေးလို့ ရသလို နေ့စဉ်စားသုံးမှုမှာ သံဓာတ်ပါတဲ့ အသီးအရွက်တွေ ထည့်သွင်း စားသုံးပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ဒီတော့ ရာသီသွေးဆင်းများတာကို သက်သာစေဖို့ရော သံဓာတ် ချို့တဲ့မှု ကင်းဝေးစေဖို့ရောအတွက် နေ့စဉ် စားသုံးမှာ သံဓာတ် ကြွယ်ဝတဲ့
- တရုတ်နံနံ
- ပဲစိမ်းတောင့်
- ဟင်းနုနွယ်
- beetroot စတာတွေကို ထည့်သွင်း စားသုံးပေးပါ။
ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံတွေ
ဗီတာမင် C က ရာသီသွေးဆင်း များတာကြောင့် သံဓာတ်ချို့တဲ့တာကို သက်သာစေပါတယ်။ အကြောင်းကတော့ ဗီတာမင် Cက ခန္ဓာကိုယ်ရဲ့ သံဓာတ်စုပ်ယူနိုင်မှုကို အားဖြည့်ပေးနိုင်တာကြောင့်ပါ။ ဗီတာမင် C ကို ဖြည့်စွက်ဆေးအနေနဲ့ သောက်ပေးလို့ ရသလို အခုလို အသီးအနှံတွေကနေလည်း ရရှိနိုင်ပါတယ်။
- မာလကာသီး
- လိမ္မော်သီး
- သင်္ဘောသီး
- စတော်ဘယ်ရီသီး
- ငရုတ်ပွ
- ပန်းဂေါ်ဖီစိမ်း
- ကိုက်လန် စတာတွေကို စားပေးလို့ ရပါတယ်။
ဗီတာမင် A ကြွယ်ဝတဲ့ အသီးအရွက်တွေ
ဗီတာမင် A က သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ လိုအပ်ပါတယ်။ ဗီတာမင် A ချို့တဲ့တာက ရာသီသွေးဆင်းများတာကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ ဗီတာမင် A က ကိုယ်တွင်းက အီစထရိုဂျင်ဟော်မုန်း ပမာဏ ဟန်ချက်ညီစေဖို့ လိုအပ်တဲ့ ဗီတာမင် တစ်မျိုး ဖြစ်နေတာကြောင့်ပါ။ ဒါကြောင့် ရာသီသွေးဆင်းများတာကို သက်သာစေဖို့ဆိုရင် ဗီတာမင် A ကြွယ်ဝတဲ့
- ဟင်းနုနွယ်
- ကန်စွန်းဥ
- ငရုတ်ပွ
- ပန်းဂေါ်ဖီစိမ်း
- ဆလတ်ရွက်
- ဂရိတ်ဖရုတို့ကို စားပေးလို့ ရပါတယ်။
ချင်း (ဂျင်း)
လေ့လာမှုတွေအရ ချင်း (ဂျင်း) က ရာသီလာချိန်မှာ သွေးဆုံးရှုံးမှုပမာဏ နည်းစေဖို့ လုပ်ဆောင်ပေးပါတယ်။ ချင်း (ဂျင်း) က ကိုယ်တွင်းမှာ prostaglandin ထုတ်လုပ်မှု နည်းစေပြီး အရောင်ကျစေပါတယ်။ အနွေးဓာတ်ပေးနိုင်တဲ့ ချင်း (ဂျင်း) က ရာသီလာချိန် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ရာသီသွေးဆင်းများတာနဲ့ ရာသီလာချိန် နာကျင်ကိုက်ခဲတာကို သက်သာစေဖိုပ ချင်း (ဂျင်း) စားပေးလို့ ရပါတယ်။
မန်ကျည်းသီး
သွေးလည်ပတ်မှုကို ထိန်းညှိပေးပြီး ရာသီသွေးဆင်းများတာကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ မန်ကျည်းသီးအနှစ်ကို ရေသန့်သန့် ပျားရည်တို့နဲ့ရောပြီး တစ်နေ့တစ်ခွက်သောက်ပေးရုံပါ။
ရာသီစက်ဝန်းကို ထိန်းညှိပေးပြီး ရာသီသွေးဆင်းများတာကို သက်သာစေနိုင်ပါတယ်။ ဆန်ပြုတ်၊ အုတ်ဂျုံ၊ ဒိန်ချဉ်၊ စွပ်ပြုတ် စတာတွေထဲ ထည့်ပြီး စားပေးလို့ ရပါတယ်။
ပဲနို့
ပဲနို့မှာ ပါဝင်နေတဲ့ ပရိုတင်းက ရာသီစက်ဝန်းကို ထိန်းညှိပေးပြီး ရာသီသွေးဆင်းများတာကို သက်သာစေပါတယ်။ ဒါကြောင့် ရာသီသွေးဆင်းများနေမယ်ဆိုရင် ပဲနို့သောက်ပေးလို့ ရပါတယ်။
အခုပြောတဲ့ အစားအစာတွေက လက္ခဏာတွေကို အထိုက်အလျောက်ပဲ သက်သာစေမှာပါ။ တကယ်တမ်း သွေးဆင်းများတဲ့အခါ အစားအစာကိုပဲ အားကိုးလို့ မရတာကြောင့် ဆရာဝန်နဲ့ပြသပြီး ကျန်းမာရေး စစ်ဆေးမှု လုပ်ဆောင်ကြည့်ဖို့ အကြံပြုပါရစေ။
[embed-health-tool-ovulation]