backup og meta

ဒီအချိန်ရောက်မှာ ကြောက်နေပြီလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒီအချိန်ရောက်မှာ ကြောက်နေပြီလား။

    သြော် သူတောင် လာတော့မှာပါလား၊ သိပ်မလိုတော့ဘူးပဲ။ သူဆိုတာ မိန်းကလေးတိုင်းရဲ့ ‘သူ’ပေါ့။ သူလာတိုင်း လူမှာ နုံးခွေပြီး ဘာမှလည်း မလုပ်ချင်၊ စိတ်တွေလည်းတိုနဲ့ နေလို့ကို အဆင်ပြေမနေဘူး။

    တစ်လကို တစ်ခါလောက် ပုံမှန်တွေ့နေရတာ ဆိုတော့ တွေ့တိုင်း စိတ်ရော ကိုယ်ပါ ပင်ပန်းနေတာ သိပ်တော့ အထာမကျလှဘူး။

    ကဲ ‘သူ’ဆိုတာ ဘယ်သူလည်း သိပြီလား။ ‘သူ့’ကို ရင်ဆိုင်ဖို့ လေဒီတို့ကို နည်းလမ်းလေးတွေ ပြောပြပေးမယ်နော်။

    ဧည့်သည်မလာခင် ကြိုပြင်ပါ။

    ရာသီလာတာကို တချို့တွေက ဧည့်သည်ရောက်နေလို့လို့ သုံးကြတယ်ဗျ။ တစ်လ တစ်ခါလာတဲ့ ဧည့်သည်ပေါ့လေ။ ရာသီချိန်မှာ အဖြစ်များတာတွေက စိတ်မကြည်တာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ဗိုက်အောင့်တာ၊ ဗိုက်ပွတာတွေဖြစ်တတ်ပါတယ်။

    အရင်ဆုံး လုပ်ရမှာတော့ ဘယ်နေ့ ရာသီလာမှာလဲဆိုတာ ကြိုတွက်ပါ။ ဒီမှာတွက်လို့ရပါတယ်။

    အကောင်းဆုံးကတော့ ရာသီမလာခင် တစ်ပတ်လောက် ကြိုပြင်ပါ။ တခြားအချိန်မှာ ယောဂမလုပ်ရင်တော့ ဒီတစ်ပတ်တော့ အင်တာနက်ကနေ ဓမ္မတာလာချိန် အကိုက်အခဲ သက်သာစေမယ့် ပို့စ်တွေကို ကြိုလေ့ကျင့်ထားပါ။

    သံဓာတ်အားဆေး တစ်ပတ်ကြိုသောက်ထားပါ။ ဒါမှ ရာသီချိန်မှာ နုန်းတာ၊ ခေါင်းကိုက်တာ သက်သာမှာပါ။

    မိန်းမကိုယ်အမွေးတွေ ရိတ်တာ၊ waxလုပ်တာတွေကို လုပ်ချင်ရင် ခုတည်းက ကြိုလုပ်ထားပါ။ ရာသီလာရင် မလုပ်သင့်တော့ပါဘူး။

    ရက်နီးလာရင် အိတ်ထဲမှာ pad, tampon, menstrual cup စတဲ့ ကိုယ်သုံးတတ်တာလေးတွေ ဆောင်ထားပါ။ အကိုက်အခဲပျောက်ဆေးလည်း ဆောင်ထားပါ။

    ဒီလောက်ဆို ဧည့်သည်ကို ကြိုဖို့အဆင်သင့် ဖြစ်နေပါပြီ။

    ရာသီလာချိန်ရောက် မှာ မကြောက်ပါနဲ့တော့။

    • ကိုက်ခဲတာတွေ သက်သာဖို့

    ကိုက်ခဲတာက တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တချို့က ပထမတစ်ရက်ပဲ။ တချို့ကလည်း မပြီးမချင်း ကိုက်တတ်ပါတယ်။ တချို့က ဗိုက်ပဲအောင့်တာ၊ တချို့ကျတော့လည်း ဆီးစပ်တွေပါ ကိုက်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ သည်းခံဖို့ခက်တဲ့ ဝေဒနာပါ။ ဒါကြောင့် သက်သာအောင် အကိုက်အခဲပျောက်ဆေး သောက်နိုင်ပါတယ်။ အစာလေးနဲ့ တွဲသောက်ပေးပါ။

    ဆေးတွေ မသောက်ချင်ဘူးဆိုရင် နောက်တစ်နည်းက ရေနွေးအိတ်ကပ်လို့ရပါတယ်။ နာတဲ့နေရာကို တစ်ခါကပ်ရင် မိနစ် ၂၀လောက်နဲ့ ကိုယ်ခံနိုင်တဲ့ အပူချိန်မှာ ကပ်ပေးပါ။ ဆက်တိုက်ကပ်ရင် အသားတွေ လောင်တတ်လို့ ကပ်လိုက် နားလိုက် လုပ်ပေးပါ။

    လေ့ကျင့်ခန်း ဖြစ်ဖြစ်၊ ယောဂကျင့်တာ ဖြစ်ဖြစ် လုပ်ပြီး အကြောလျှော့ပေးပါ။ ဒီတလောမှာ ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာကလည်း ကြွက်သားတွေကို ပြေလျှော့စေတာမို့လို့ ကိုက်တာ ခဲတာ သက်သာစေပါတယ်။

    • သန့်သန့်ရှင်းရှင်းဖြစ်ဖို့

    ရာသီလာချိန်ရောက် ရင် နောက်ထပ်အရေးတဲ့ ကိစ္စက သန့်သန့်ရှင်းရှင်း ဖြစ်ဖို့ပါပဲ။ သွေးတွေဆင်းနေတာကြောင့် အရင်ကထက်ပိုပြီး သန့်ရှင်းရေးလုပ်ဖို့ အရေးကြီးပါတယ်။

    -Padသုံးတယ်ဆိုရင်လည်း ၃-၄နာရီခြား တစ်ခါ လဲပေးပါ။ စစချင်းရင်တွေမှာ သွေးဆင်းတာ များတတ်လို့ ဒီထက်ပိုပြီး ခပ်စိပ်စိပ် လဲပေးဖို့ လိုကောင်းလိုမှာပါ။  Tamponဆိုလည်း ဒီလိုပါပဲ။ Meanstrual cup သုံးတဲ့သူတွေလည်း ပုံမှန်သန့်ရှင်းရေးလုပ်ဖို့ မမေ့ပါနဲ့။

    -နောက်တစ်ခုက ခဏခဏ လာမေးကြတဲ့ ခေါင်းလျှော်တဲ့ကိစ္စပါ။ ရာသီလာတဲ့အချိန်မှာ ခေါင်းလျှော်လို့ရလားပေါ့။ တချို့က သွေးဆောင့်ပြီး ဒါမှမဟုတ် သွေးခဲပြီး သေတတ်တယ်လို့ ပြောကြတာကိုး။

    ဒါနဲ့ ပတ်သတ်ပြီးတော့ ပညာရှင်တွေက ရာသီချိန်မှာ ရေချိုး ခေါင်းလျှော်တာက ဦးနှောက်က သွေးကြောတွေကို သက်ရောက်မှု မရှိဘူးလို့ အကြိမ်ကြိမ်အခါခါ သက်သေပြပြီးပါပြီ။

    ရာသီချိန်မို့လို့ တမင်ခေါင်းလျှော်ခိုင်းတာ မဟုတ်ပါဘူး။ တချို့က ခေါင်းလျှော်ရမယ့်ရက်မှာ တိုက်တိုက်ဆိုင်ဆိုင် ရာသီလာသွားတာတို့၊ နက်ဖြန်သွားစရာရှိလို့ ခေါင်းလျှော်ပါမယ်ဆိုမှ ရာသီမပြီးသေးလို့ မလျှော်ရတဲ့သူတွေရှိတာကြောင့် ဒွိဟဖြစ်နေမှာစိုးလို့ပြောပြပေးတာပါ။ ရာသီချိန်မှာလည်း ရေချိုး ခေါင်းလျှော်ပြီး သန့်သန့်ရှင်းရှင်း နေပေးသင့်ပါတယ်။

    -မိန်းမကိုယ်သန့်ရှင်းရေး လုပ်တာနဲ့လည်း သတိထားသင့်တာတွေ ပြောပြပေးပါမယ်။ တချို့က အထဲက သွေးတွေ မြန်မြန်ကုန်အောင် အတွင်းထဲထိ ရေပန်းနဲ့ ထိုးဆေးတာတို့၊ လက်နဲ့ နှိုက်ဆေးတာတို့ လုပ်တတ်ပါတယ်။ ဒါမျိုးလုပ်တာက ပိုးဝင်တာ၊ မိန်းမကိုယ်ပွန်းတာတွေ ဖြစ်တတ်လို့ မလုပ်ပါနဲ့။ ပြီးတော့ ဒီအချိန်မှာ အတွင်းသားတွေက ပိုပြီး နူးညံ့နေတတ်လို့ပါ။

    ဆပ်ပြာနဲ့လည်း ဆေးစရာ မလိုပါဘူး။ မိန်းမကိုယ် အက်စစ်ဓာတ်တွေ ပျက်ပြယ်ပြီး အပြင်က ရောဂါပိုးတွေ ဝင်တတ်ပါတယ်။ မိန်းမကိုယ်သန့်ဆေးရည်တွေ သုံးမယ်ဆိုလည်း စိတ်ချရတာပဲ သုံးပါ။ အကောင်းဆုံးကတော့ သန့်ရှင်းတဲ့ ရေများများသုံးပြီး မိန်းမကိုယ်အပြင်ပိုင်းကို ဆေးပေးရင် ရပါပြီ။

    • အာဟာရပြည့်နေဖို့

    ရာသီချိန်မှာ ကိုယ်စားချင်တာ စားလို့ရပါတယ်။ အသားတွေ၊ အသီးအရွက်တွေ ပိုစားပေးပါ။ ချောကလက်ကလည်း စိတ်ခံစားမှုကို ကောင်းစေလို့ ဒီလိုအချိန်မှာ နည်းနည်းတော့ စားပေးပါ။

    ရှောင်ရမှာတွေက သံဓာတ်ကို ချို့တဲ့စေတဲ့ လက်ဖက်သုပ်၊ လက်ဖက်ရည်၊ ကော်ဖီတွေ ရှောင်ပေးပါ။ အရက်၊ ဘီယာလည်း ခဏနားထားပါ။ ဗိုက်မနာအောင် အပူအစပ်တွေ ရှောင်လိုက်ပါ။

    တစ်နေ့ ရေ ၇ခွက်၊ ၈ခွက် ဝင်အောင်သောက်ပါ။ ဒီကာလမှာတော့ ရေဆာရင် ရေသောက်ပါ။ အအေးတွေ သိပ်မသောက်ပါနဲ့။ သစ်သီးဖျော်ရည်ဆိုရင်လည်း သကြားလျှော့ပါ။

    • စိတ်ကြည်နေစေဖို့

    ဘာမှန်းမသိဘဲ အလိုလို စိတ်တိုနေတတ်တာကြောင့် ဘေးကလူကို မည်းတတ်ပါတယ်။ ပြောစရာ စကားမရှိရင် ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေနေတာ အကောင်းဆုံးပါပဲ။ ဒါဟာ ရာသီကြောင့်လို့ နားလည်ပြီး ကိုယ့်စိတ်ကို သနားပါ။ ဂရုစိုက်ပါ။

    အိပ်ရေးဝဝအိပ်ပါ။ အိပ်ရေးမဝရင် ပိုပြီး စိတ်မရှည်တာ၊ မပျော်တာတွေ ဖြစ်တတ်တာကြောင့်ပါ။ တစ်နေ့ကို ၇နာရီ ၈နာရီလောက် အိပ်ပါ။

    ဘာတွေက ကိုယ့်ကို စိတ်ချမ်းသာစေတာလဲ။ Running man ကြည့်တာလား၊ သီချင်းဆိုတာလား၊ shopping ထွက်တာလား၊ spa မှာ အနှိပ်ခံတာလား ကိုယ်ကြိုက်ရာ ကိုယ်လုပ်ပါ။ ဒီတလောတော့ ကိုယ့်ကိုယ်ကို ပိုချစ်ပေးလိုက်ပါ။

    လေ့ကျင့်ခန်းလည်း လုပ်ပါ။ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုလေး တစ်ခုခုပေါ့။ လေ့ကျင့်ခန်းလုပ်ရင် ဒိုပါမင်းထွက်တာကြောင့် စိတ်ထဲမှာ နေပျော်လာမှာပါ။

    ဒီနည်းလမ်းတွေနဲ့ဆိုရင်တော့ ကြိုက်တဲ့အချိန်လာ ကြောက်မနေတော့ဘူးပေါ့ လေဒီတို့။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement