backup og meta

ရာသီအကြို ဝမ်းချုပ်တာကို သက်သာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 27/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီအကြို ဝမ်းချုပ်တာကို သက်သာစေဖို့

    ရာသီအကြို ကာလမှာ ခံစားရတဲ့ အပြောင်းအလဲတွေက တစ်ခုမကပါဘူး။ လေဒီလေးတွေအနေနဲ့ ရာသီလာတာက လတိုင်း ကြုံနေရတဲ့ ကိစ္စဆိုပေမယ့် ရာသီလာတဲ့အခါ ခံစားရတဲ့ နာကျင်မှု၊ ရာသီအကြို လက္ခဏာတွေကတော့ တစ်လနဲ့ တစ်လ မတူပါဘူး။ ဒီတစ်ခေါက်တော့ ရာသီမလာခင်မှာ ခံစားရလေ့ရှိတဲ့ ကျန်းမာရေး ပြဿနာလေး တစ်ခုဖြစ်တဲ့ ရာသီအကြို ဝမ်းချုပ်တာကို သက်သာစေဖို့ ဘယ်လို လုပ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

    ရာသီ မလာခင်မှာ ဝမ်းချုပ်တာက ပုံမှန်ပဲလား …..

    ရာသီအကြို ကာလမှာ အစာခြေစနစ်ပြဿနာကို ခံစားရတာက ပုံမှန်ပါပဲ။ ဝမ်းချုပ်တာကို ခံစားရနိုင်သလို ဝမ်းပျက်တာ၊ လေပွတာတွေကိုလည်း ခံစားရနိုင်ပါတယ်။

    ဒီပြဿနာတွေရဲ့ အရင်းခံကတော့ ရာသီလာခါနီး ခန္ဓာကိုယ်တွင်းမှာ ဖြစ်တဲ့ ဟော်မုန်း အတက်အကျ ဖြစ်စဉ် ကြောင့်ပါ။ ကိုယ်တွင်း ဟော်မုန်း ပမာဏ ပြောင်းလဲမှုက ဇီဝကမ္မဖြစ်စဉ်တွေအပေါ်မှာ သက်ရောက်တာကြောင့် ရာသီလာခါနီးမှာ

  • စိတ်ခံစားမှု ပြောင်းလဲတာ
  • အစားအသောက် စားသောက်မှုပုံစံ ပြောင်းလဲတာ၊
  • အသားအရေ ပြောင်းလဲတာ၊
  • အိပ်စက်မှုပုံစံ ပြောင်းလဲတာ၊
  • ဝမ်းချုပ်တာလိုမျိုး အစာခြေစနစ်ပြဿနာတွေကို ခံစားရတာပါ။
  • ရာသီအကြို ဝမ်းချုပ်တာကို သက်သာစေဖို့

    ရာသီအကြို ဝမ်းချုပ်တာကို သက်သာစေဖို့ အခုလို နည်းလမ်းလေးတွေကို လုပ်ဆောင်ပေးဖို့ လိုပါမယ်။ ရာသီ မလာခင်မှာ ဝမ်းချုပ်တာက ပုံမှန် ဖြစ်စဉ် တစ်ရပ်ဆိုပေမယ့် အတော်လေး နေရထိုင်ရ ခက်စေပါတယ်။ ဒီပြဿနာကို အခုပြောပြမယ့် နည်းလမ်းလေးတွေသုံးပြီး အကောင်းဆုံး ဖြေရှင်းလိုက်ပါ။

    အမျှင်ဓာတ် ကြွယ်ဝအောင် စားပါ။

    အမျှင်ဓာတ်က ဝမ်းချုပ်မှု ကင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပြီး အူနံရံတွေကို ရေဓာတ် ပိုမို စုပ်ယူစေနိုင်ဖို့ ထောက်ကူပေးပါတယ်။

    ခန္ဓာကိုယ်အပေါ် ဟော်မုန်း ပြောင်းလဲမှုကြောင့် သက်ရောက်မှု နည်းစေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ် ကြွယ်ဝတဲ့

    • ပန်းသီး
    • ပန်းဂေါ်ဖီစိမ်း
    • မုန်လာဥနီ
    • အုတ်ဂျုံ
    • သစ်တော်သီး
    • ရက်စ်ဘယ်ရီသီး
    • ပဲအမျိုးမျိုး စတာတွေ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။

    ဝမ်းမှန်စေမယ့် နောက်ထပ် နည်းလမ်းကောင်း တစ်ခုက ရေများများ သောက်တာပါ။ ရေဓာတ် ပြည့်ဝမှုက ဝမ်းကို ပျော့စေပြီး ဝမ်းချုပ်မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။

    လေ့ကျင့်ခန်း လုပ်ပါ။

    လေ့ကျင့်ခန်း လုပ်တာက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပါတယ်။ ဝမ်းချုပ်မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် ရာသီ လာချိန်မှာ ဝမ်းချုပ်မှု ကင်းစေဖို့ဆိုရင် လေ့ကျင့်ခန်းလေး ပုံမှန် လုပ်ဖို့ လိုပါမယ်။

    လေ့ကျင့်ခန်းကို အများကြီး မလုပ်နိုင်ရင်တောင် လမ်းလေးတော့ ပုံမှန်လျှောက်ပေးဖို့ လိုပါမယ်။

    ရေအိမ် ဝင်ချင်ရင် အောင့်မထားပါနဲ့။

    ရေအိမ် ဝင်ချင်တယ်လို့ ခံစားရတာနဲ့ ချက်ချင်း ထသွားလိုက်ပါ။ အောင့်ထားတာက ခန္ဓာကိုယ်နဲ့ ဦးနှောက်ကြားက ချိတ်ဆက်မှုကို အဟန့်အတား ဖြစ်စေပြီး ဝမ်းသွားရတာ ပိုခက်စေနိုင်ပါတယ်။

    ဒါကြောင့် ဝမ်းချုပ်မှု ကင်းစေဖို့ဆိုရင် ရေအိမ် ဝင်ချင်တယ်လို့ ခံစားရတာနဲ့ ချက်ချင်း ထသွားလိုက်ပါ။

    ဝမ်းပျော့ဆေး သောက်ပါ။

    ရာသီလာခါနီးတိုင်း အမြဲလိုလို ဝမ်းချုပ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဝမ်းမှန်စေမယ့် ဆေးတစ်မျိုးမျိုးကို သောက်ပေးဖို့ လိုပါမယ်။

    အခုပြောပြတဲ့ နည်းလမ်းလေးတွေကို လက်တွေ့ကျင့်သုံးပြီး ရာသီအကြို ဝမ်းချုပ်တာကိုသက်သာစေဖို့ လုပ်ဆောင်လိုက်ကြရအောင်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 27/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement