backup og meta

မွေးလမ်းကြောင်း အနံ့အသက်တွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်း (၇) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးလမ်းကြောင်း အနံ့အသက်တွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်း (၇) ချက်

    သင်ကိုယ်တိုင်က ခန္ဓာကိုယ်နဲ့ မွေးလမ်းကြောင်းဆိုင်ရာ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ပုံမှန်လုပ်နေမယ်ဆိုရင်တောင် မွေးလမ်းကြောင်း ( Vagina) က အနံ့ ထွက်နေနိုင်ပါသေးတယ်။ ဒါက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ ဒါပေမဲ့ အနံ့ပြင်းနေပြီး အနံ့ အမြဲ ထွက်နေမယ်ဆိုရင်တော့ ဒါကို ပုံမှန်မဟုတ်ဘူးလို့ ခေါ်ဆိုရမှာပါ။ ပုံမှန်ပဲဆိုရင်တောင် အနံ့ပြင်းလွန်းရင် အဆင်မပြေနိုင်တာကြောင့် မွေးလမ်းကြောင်း အနံ့အသက်တွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်း တွေကို လေ့လာထားဖို့ လိုပါတယ်။

    မွေးလမ်းကြောင်းကနေ အနံ့တွေ ဘာကြောင့်ထွက်တာလဲ။

    ပထမဆုံး သိထားဖို့လိုတာက သဘာဝဖြစ်နေတဲ့ အနံ့က ဘယ်လိုမျိုးလဲဆိုတာပါပဲ။ အမျိုးသမီးတစ်ယောက်ချင်းစီရဲ့ မွေးလမ်းကြောင်း အနံ့ အသက်တွေက တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ ကျန်းမာတဲ့ မွေးလမ်းကြောင်းတစ်ခုရဲ့ အနံ့ဟာ အမိုးနီးယား ဓာတ်ငွေ့ပုံစံ ဆီးနံ့နဲ့ဆင်တဲ့ ကတိုးနံ့နဲ့ အသားနံ့ထွက်တတ်ပါတယ်။

    ဓမ္မတာ လာချိန်မှတော့ သတ္တုနံ့လို့ အနံထွက်တတ်ပြီး လိင်ဆက်ဆံခြင်းကလည်း အနံ့အသက်တွေကို ယာယီပြောင်းလဲစေနိုင်ပါတယ်။ မွေးလမ်းကြောင်းဟာ သူ့ဘာသာ သန့်ရှင်းနိုင်တဲ့ အင်္ဂါတစ်ခု ဖြစ်ပြီး pH ပမာဏကို ထိန်းညှိခြင်းနဲ့ ကျန်းမာရေးအတွက် မကောင်းတဲ့ ဘတ်တီးရီးယားတွေကို ရှင်းထုတ်ပေးနိုင်ပါတယ်။

    ဒါပေမဲ့ မွေးလမ်းကြောင်းမှာ အနံ့အသက် သိသိသာသာပြောင်းလဲသွားတာ၊ ယားယံတာတို့နဲ့ အတူ ပုံမှန်မဟုတ်တဲ့ မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေ ထွက်ရှိတာက အနံ့ပြောင်းတာထက် ပိုပြီး စိုးရိမ်ရတဲ့ လက္ခဏာပါ။ ဒါဆိုရင်တော့ ဆေးသေချာကုဖို့ လိုနေပါပြီ။

    အခုဆက်ပြောမှာက ရောဂါကြောင့်မဟုတ်ဘဲ သဘာဝအတိုင်း မွေးလမ်းကြောင်း အနံ့ပြင်းတာကို သက်သာစေမဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

    မွေးလမ်းကြောင်း အနံ့အသက်တွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်း (၇) ချက်

    မွေးလမ်းကြောင်း အနံ့အသက်တွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်း တွေကတော့

    ၁။ တစ်ကိုယ်ရေ သန့်ရှင်းတတ်တဲ့ အလေ့အကျင့် ရှိပါ။

    မွေးလမ်းကြောင်း အပြင်ဘက်ကို ရေများများနဲ့ ဒါမှမဟုတ် မိန်းမကိုယ်သန့်ဆေးရည်နဲ့ ပုံမှန်သန့်ရှင်းပါ။  မွေးလမ်းကြောင်း သန့်ရှင်းတဲ့အခါမှာ ခန္ဓာကိုယ်ကို တိုက်ရတဲ့ အမွှေးအကြိုင်ပါတဲ့ ဆပ်ပြာတွေနဲ့ မဆေးပါနဲ့။ ဒီဆပ်ပြာတွေမှာပါဝင်တဲ့ အနံ့တွေနဲ့ ဓာတု ပစ္စည်းတွေက မွေးလမ်းကြောင်းရဲ့ သဘာဝ pH ပမာဏကို မညီမျှဖြစ်စေနိုင်ပါတယ်။ မွေးလမ်းကြောင်းရဲ့ pH ဟာ အနည်းဆုံး ၃.၈ ကနေ ၄.၅ အတွင်း ရှိဖို့လိုအပ်ပါတယ်။

    တစ်ခါတစ်ရံမှာ အမျိုးသမီးမွေးလမ်းကြောင်းကနေ အနံ့အသက် ပြောင်းလဲခြင်း၊ ပုံမှန် မဟုတ်တဲ့ အမျိုးသမီးအင်္ဂါကနေ သွေးဆင်းခြင်းတို့ကို ကြုံနေရပြီဆိုရင် ဒါဟာ မွေးလမ်းကြောင်းရဲ့ pH မညီမမျှ ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

    ၂။ အတွင်းခံကို ပြောင်းလဲဝတ်ဆင်ပါ။

    သင်ဟာ ဖဲသား၊ ပိုးသားနဲ့ ပိုလီအက်စတာ အသားတွေနဲ့ လုပ်ထားတဲ့ အောက်ခံဘောင်းဘီတွေကို ဝတ်ဆင်လေ့ရှိသူတစ်ယောက်ဆိုရင် ချည်သားအတွင်းခံကို ပြောင်းလဲ ဝတ်ဆင်ဖို့ လိုပါတယ်။ ချည်သားတွေဟာ လေဝင်လေထွက်နိုင်တဲ့အတွက် ချွေးတွေနဲ့ အရည်တွေကို ရှင်းလင်းပေးနိုင်ပါတယ်။

    ဒါ့ပြင် အဝတ်အစားကျပ်ကျပ်ဝတ်ဆင်တဲ့အခါ မွေးလမ်းကြောင်းနဲ့ ပေါင်ခြံကြား ဧရိယာတွေ လေဝင်လေထွက်မကောင်းတော့ပါဘူး။ ဒါကြောင့် မိန်းမကိုယ်တစ်ဝိုက် အဝတ်အစား ကျပ်ကျပ် ဝတ်တာကို ရှောင်ပါ။

    ၃။ မွေးလမ်းကြောင်း အနံ့ထွက်ခြင်းအတွက် Probiotics မှီဝဲပါ။ 

    Probiotics လို့ခေါ်တဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေ ကြွယ်ဝတဲ့အစားအစာတွေ ဖြစ်တဲ့ ဒိန်ချဉ်နို့ထွက်ပစ္စည်းတွေနဲ့ ဂေါ်ဖီ အချဉ်တို့ကို စားသုံးသင့်ပါတယ်။

    ၄။ ကျန်းမာရေးအတွက် သင့်လျော်တဲ့ အာဟာရတွေကို မှီဝဲပါ။

    အသီးအရွက်တွေ၊ ဂျုံစေ့တွေ၊ ပရိုတင်းနည်းပါးတဲ့ အစားအစာတွေကို မှီဝဲပါ။ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အာဟာရတွေဟာ ခန္ဓာကိုယ်အတွက်ကောင်းမွန်စေနိုင်ရုံသာမက မွေးလမ်းကြောင်း ကျန်းမာရေးအတွက်လည်းကောင်းမွန်စေနိုင်ပါတယ်။

    ၅။ ရေများများသောက်ပါ

    ရေများများ သောက်ခြင်းကြောင့် ရမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက အရေပြားတစ်ခုတည်း အတွက် မဟုတ်ပါဘူး။ ရေများများသောက်တဲ့အခါမှာ မွေးလမ်းကြောင်းနားတဝိုက်မှ ချွေးများများထွက်စေပြီး အရည်များကိုလည်း စွန့်ထုတ်စေနိုင်ပါတယ်။

    ၆။ အနံ့အသက်ပါတဲ့ မွေးလမ်းကြောင်း သန့်ရှင်းဆေးရည်တွေကို ရှောင်ပါ။

    ဒီလို သန့်ရှင်းဆေးရေတွေက မကောင်းတဲ့ ဘတ်တီးရီးယားတွေကိုသာ သတ်နိုင်တာမဟုတ်ပါဘူး။ မွေးလမ်းကြောင်းအတွက် ကောင်းမွန်တဲ့ ဘတ်တီးရီးယားတွေကိုပါ သတ်ပစ်နိုင်ပါတယ်။  ဒါကြောင့် မွေးလမ်းကြောင်း အနံ့အသက်ကို ပိုဆိုးလာစေနိုင်ပါတယ်။ ခန္ဓာကိုယ်က မကောင်းတဲ့ ဘက်တီးရီးယားတွေကို သူ့ဘာသာရှင်းလင်းနိုင်တဲ့အတွက် ဒီဆေးရည်တွေကို မဖြစ်မနေ သုံးစရာမလိုပါဘူး။

    ၇။ လိင်ဆက်ဆံအပြီး မွေးလမ်းကြောင်းကိုဆေးကြောပါ။

    လိင်ဆက်ဆံချိန်မှာ ဘက်တီးရီးယားတွေနဲ့ ပြင်ပက ပစ္စည်းတွေ ဖြစ်တဲ့ ချောဆီတွေနဲ့ ကွန်ဒုံးမှ သုက်သတ်ဆေးတွေ မွေးလမ်းကြောင်းအတွင်းဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံအပြီး ရေနဲ့ ဆေးကြောပေးခြင်းက သဘာဝဘက်တီးရီးယား ပမာဏကို ထိန်းသိမ်းပေးနိုင်ပါတယ်။

    ဒီလို မွေးလမ်းကြောင်း အနံ့ကို သဘာဝအတိုင်း ပျောက်ကင်းစေတဲ့ နည်းလမ်းတွေဟာ မွေးလမ်းကြောင်းအနံ့ကို တစ်ပတ်ခန့်အတွင်း သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ အနံ့ မပျောက်သွားဘူး၊ ပိုဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ မွေးလမ်းကြောင်း အနံ့အသက်ပြင်းခြင်းဟာ ပိုပြီးဆိုးတဲ့ ရောဂါတစ်ခုကို ပြနေတာ ဖြစ်တဲ့အတွက် ရောဂါ အခြေအနေ ပိုမဆိုးလာခင် ဆရာဝန်နဲ့ ပြသခြင်း က အကောင်းဆုံး ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement