ဆီးမထိန်းနိုင်တာ၊ ဆီးသွားရင်ပူတာ၊ ဆီးသွားရင် ကျဉ်တာစတဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဆိုတာ ဖြစ်တဲ့သူ မရှားလှတဲ့ ကျန်းမာရေးပြဿနာတွေပါ။ ဘယ်သူကတော့ ဆီးမထိန်းနိုင်ဘဲ ထွက်ကျတဲ့အဖြစ် ဖြစ်ချင်မလဲနော်။ ဒါပေမယ့်လည်း ချောင်းလေးဆိုး ၊နှာလေးချေလိုက်တာနဲ့ ဆီးထွက်ကျ သွားတဲ့အဖြစ်ကိုယ့်ဆီမှာ ဖြစ်နေပြီလား။ ။
ဒီလို ချောင်းဆိုးလိုက်ချိန်၊ အလေးမလိုက်ချိန်၊ အားတစ်ခုခုပြုလိုက်ချိန်မှာ ဆီးပါထွက်ကျသွားတဲ့အဖြစ်ကို ဆေးပညာမှာ Stress incontinence လို့ခေါ်ပါတယ်။
- နာမည်ထဲမှာ stress ပါတယ်ဆိုပြီး စိတ်ဖိစီးမှုကြောင့် ဒီလို ဆီးမထိန်းနိုင်တာမျိုး ဖြစ်တာမဟုတ်ပါဘူး။ ဒီထဲက stress ဆိုတာ အားသက်ရောက်မှု တစ်ခုကိုဆိုလိုတာ ဖြစ်ပါတယ်။
- အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတစ်ခုပါ။
ဆီးထွက်ကျ ခြင်းအတွက် ကုသမှု
ကုသမှု အနေနဲ့ကတော့ ဒီ stress incontinence ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကို အရင်းတည်ကုသတာနဲ့ ကိုယ့်ရဲ့လူနေမှုပုံစံလေးကို လိုက်ပြောင်းပေးရမှာ ဆိုပြီး ၂ မျိုးရှိပါတယ်။ ဆရာဝန်ရဲ့ ဆေးကုသမှုများကို လိုက်နာတာအပြင် လိုက်လုပ်နိုင်တာတွေကတော့
- Pelvic floor muscle exercises – Kegel exercises လို့လည်း ခေါ်ကြတဲ့ pelvic floor muscles တင်ပဆုံ အရိုးကွင်းထဲက ကြွက်သားတွေကို အားကောင်းအောင် ပြန်လုပ်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်း အတွက်ကတော့ ကျွမ်းကျင်ဆရာဝန်တွေသင်ပြတဲ့အတိုင်း လိုက်လုပ်ရမှာ ဖြစ်ပါတယ်။
- ကိုယ်သောက်တဲ့ ရေ၊ အရည်ပမာဏကိုတွက်ချက်ပါ။ နေ့နဲ့ ညဘက် ဘယ်အချိန်မှာတော့ ရေပမာဏ ဘယ်လောက်သောက်လို့ရလဲဆိုတာ ဆရာဝန်ကို သေချာမေးပြီး ဆရာဝန် ညွန်ကြားတဲ့အတိုင်းသောက်ပါ။ အရည်တွေထဲမှာဆို ကော်ဖီနဲ့ အရက်ကိုတော့ ရှောင်ရပါမယ်။
- ဆေးလိပ်ဖြတ်ပါ။ ကိုယ်အလေးချိန်တက်နေရင် ဝိတ်ကျအောင်လုပ်ပါ။ ချောင်းဆိုးနေတဲ့ ပြဿနာကို သေချာ အမြစ်ပြတ်အောင်ကုသပါ။
- ဆီးအိမ်ကို လေ့ကျင့်ပေးပါ။ Stress incontinence အပြင် Urge incontinence ပါတွဲနေတဲ့ ပြဿနာတွေမှာဆို ဆီးသွားချင်တိုင်းမသွားဘဲ ခဏလောက်ချုပ်ထားတာမျိုးလေးတွေ ကျင့်ကျင့်ပေးရပါမယ်။
[embed-health-tool-bmi]