backup og meta

ဆီးကျောက်အမျိုးအစား ဘယ်နှမျိုး ရှိသလဲ။

ဆီးကျောက်တည် တာက အဖြစ်နည်းတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ သာမန်လူတောင် ခါးနာပြီဆိုရင် ဆီးကျောက်တည်တာများလားလို့အရင်စဉ်းစားမိကြတာဆိုတော့လေ။ နောက်ပြီး ဆီးကျောက်တည်တဲ့ ဝေဒနာက ခံရခက်တာဆိုတော့ စောစောသိကြပါတယ်။ ဒီဆောင်းပါးမှတော့ ဆီးကျောက်အမျိုးအစား ဘယ်နှမျိုးရှိလဲ။ ဘယ်လိုအပြုအမူအနေအထိုင်တွေကြောင့် ဆီးကျောက်တည်ရတာလဲဆိုတာ ပြောပြပေးမှာပါ။ ဒါမှ ကြိုတင်ဆင်ခြင်လို့ရမှာပေါ့။

ဆီးကျောက်အမျိုးအစား ဘယ်နှမျိုး ရှိသလဲ။

ဆီးကျောက်အမျိုးအစား

ဆီးကျောက်အမျိုးအစားကို အကြမ်းဖျင်း ကယ်ဆီယမ်ကျောက်၊ စတူးဗိုက်ကျောက်၊ ယူရစ်အက်စစ်ကျောက်နဲ့ စစ်စတင်းကျောက်ဆိုပြီး ခွဲထားလို့ရပါတယ်။

ဆီးကျောက်က ဘာအမျိုးအစားပဲ ဖြစ်ဖြစ် တူညီတာတစ်ခုက ဆီးလမ်းကြောင်းမှာ ခုနက ဓာတ်သတ္တုအမှုန်တွေ များလာပြီး အနှစ်ကျလို့ ကျောက်တည်တာပါပဲ။

  • ကယ်ဆီယမ်ကျောက် (Calcium stone) – ၂မျိုး ပြန်ခွဲလို့ရပါတယ်။

Calcium oxalate stone – အဖြစ်အများဆုံး ဆီးကျောက်အမျိုးအစားပါ။ အသည်းကနေလည်း ထုတ်ပေးသလို အသီးအရွက်တွေ၊ အစေ့အဆန်တွေ၊ ချောကလက်၊ လက်ဖက်ခြောက် စတာတွေမှာလည်း အများကြီးပါပါတယ်။ နောက်ပြီး calcium ဒါမှမဟုတ် oxalate ကို များစေတဲ့ အကြောင်းတွေကတော့ ဗီတာမင် ဒီတွေ အလွန်အကျွံသောက်တာ၊ အူလမ်းကြောင်း ဖြတ်ဆက် လုပ်ထားတာ၊ တချို့သော ဇီဝကမ္မရောဂါတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်သောက်တဲ့ ရေက ထုံးဓာတ်များနေရင်လည်း ကျောက်တည်တတ်ပါသေးတယ်။

(ဒီနေရာမှာ ပြောစရာ ရှိတာက အပေါ်က ပြောခဲ့တဲ့ အသီးအရွက်တွေ၊ အစေ့အဆန်တွေ၊ လက်ဖက်တွေဆိုတာ လူတိုင်းစားနေတာပဲ။ လူတိုင်းမှာ မဖြစ်ဘူးဆိုတာက ရေများများသောက်ပြီး ဆီးပုံမှန်သွားပေးလို့ပါ။ ဒါကြောင့် အနည်အနှစ်မကျတော့ဘဲ ဆီးကျောက်မတည်တာပါ။ )

Calcium phosphate stone – ဒါကတော့ renal tubular acidosis လို့ ခေါ်တဲ့ ရောဂါတစ်မျိုးမျိုးကြောင့် ကျောက်ကပ်က အက်စစ်ဓာတ်ကို ကောင်းကောင်း မထိန်းချုပ်နိုင်တဲ့ အခြေအနေနဲ့ တချို့သော အတက်ကျဆေး၊ Migraines ခေါင်းတစ်ခြမ်းကိုက် ကုသဆေးတွေကြောင့် ဖြစ်တတ်ပါတယ်။

  • Struvite stone – ဒီအမျိုးအစားက ကျောက်ကပ်မှာ တွေ့ရတာ များပါတယ်။ ကျောက်အရွယ်အစားကြီးပြီး သမင်ဂျိုလို အတက်တွေ ထွက်နေလို့ Struviteလို့ ခေါ်တာပါ။

သူ့ကိုတော့ ခဏခဏ ဆီးလမ်းကြောင်း ပိုးဝင်တတ်သူတွေမှာ တွေ့ရပါတယ်။ ဆီးပိုးဝင်စေတဲ့ ဘက်တီးရီးယားက အမိုးနီးယားတွေ ထုတ်တာကြောင့် ကျောက်တည်လာတာပါ။ ဒီကျောက်က အရွယ်အစား ကြီးလွယ်ပါတယ်။

  • Uric acid stone – သွေးထဲမှာ ယူရစ်အက်စစ်များလာရာက ဆီးထဲအထိ ရောက်ပြီး ကျောက်တည်တာပါ။ နာတာရှည် ဝမ်းလျှောတဲ့သူတွေ၊ ဂေါက်ရောဂါရှိသူတွေ၊ ကင်ဆာဆေးသွင်းကုသမှု ခံယူသူတွေ၊ အသားစားများတဲ့သူတွေ၊ ယူရစ်အက်စစ်များတဲ့ အစားအစာ (မြေပေါ်တစ်ထွာ မြေအောက်တစ်ထွာ)တွေကို အစားများတဲ့သူတွေမှာ တွေ့ရပါတယ်။
  • Cysteine stone –  ဒီအမျိုးအစားက တွေ့ရခဲပါတယ်။ Cystineလို့ ခေါ်တဲ့ အမိုင်နိုအက်စစ်တွေ ဆီးထဲပါလာလို့ ဖြစ်တာပါ။ မျိုးရိုးလိုက်ရောဂါတစ်မျိုး ဖြစ်တဲ့ Cystine ဆီးထဲမှာ ပါတဲ့ ရောဂါ Cystinuria မှာ တွေ့ရတတ်ပါတယ်။

ဒါကတော့ ဆီးကျောက်အမျိုးအစားနဲ့ ဖြစ်စေတဲ့ အကြောင်းရင်းတွေပေါ့။ ဒါပေမယ့် ဆီးကျောက်ဆိုတာ အကြောင်းရင်း တစ်ချက်ရှိရုံထဲ ဖြစ်တာမှ မဟုတ်တာ။ ဒါဆို လူတိုင်း ဖြစ်ကုန်မှာပေါ့။ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းရင်းတွေ လူတစ်ယောက်မှာ တစ်ချက်မက ပိုလာတဲ့အခါ ဆီးကျောက်တည်လာတာပါ။ ဒါကြောင့် တခြား အချက်တွေကိုပါ သိထားသင့်ပါတယ်။

ဒီအချက်တွေကြောင့် သင် ဆီးကျောက်တည် တာပါ။

  • ရေဓာတ်မလုံလောက်တာ -ခုနက ပြောခဲ့သလိုပဲ ဆီးကျောက်တည်စေနိုင်တဲ့ ဓာတ်သတ္တုတွေက ဆီးထဲမှာ အမှုန်အမွှားအနေနဲ့ အမြဲပါနေတာပါ။ ရေများများသောက် ရှူးများများပေါက်ရင် အမှုန်လေးတွေ မစုနိုင်တော့ပါဘူး။ ရေဓာတ်နည်းရင်တော့ ဆီးလမ်းကြောင်းမှာ အနည်ထိုင်ပြီး ကျောက်တည်လာမှာပါ။
  • အငန်စားလွန်းတာ – အသင့်စားအစားအစာတွေ၊ စည်သွပ်ဘူးတွေ၊ အငန်ဓာန်လွန်ကဲတဲ့ အစားအစာတွေမှာပါတဲ့ ဆိုဒီယမ်က ဆီးလမ်းကြောင်းမှာရှိတဲ့ ကယ်ဆီယမ် စစ်ထုတ်မှုကို လျော့နည်းစေတာကြောင့် ဆီးကျောက်တည်စေပါတယ်။
  • အဝလွန်တာ – အဝလွန်ရင်လည်း အက်စစ်ဓာတ် အပြောင်းအလဲဖြစ်တာကြောင့် ဆီးကျောက်တည်နိုင်ခြေပိုများပါတယ်။

ဒါကတော့ ဆီးကျောက်တည်စေတဲ့ အကြောင်းတွေပါပဲ။ တခြား သေးသေးဖွဲဖွဲ အကြောင်းတွေလည်း ရှိပါသေးတယ်။ တစ်ချက်တည်း ရှိရင် ဖြစ်နိုင်ခြေ နည်းပေမယ့် အချက်တွေ များလာလေလေ ဖြစ်နိုင်ခြေများလာလေလေပါပဲ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/kidney-stones/kidney-stone-causes#1

https://www.mayoclinic.org/diseases-conditions/kidney-stones/symptoms-causes/syc-20355755

https://www.healthline.com/health/kidney-stones#risk-factors

ယခုပုံစံ

29/05/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဒါအချက်တွေရှိရင် ဆီးကျောက်တည်နေတာ ဖြစ်နိုင်ပါတယ်။

ဆီးကျောက်တည်တာကို သဘာဝအတိုင်း မြန်မြန်ပျောက်အောင် ဘယ်လိုလုပ်မလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 29/05/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ