မီဆိုကုထုံး ဆိုတာဘာလဲ
Mesotherapy ဆိုတာ ခွဲစိတ်စရာမလိုဘဲ သင့်အရေပြားကို လိုအပ်သော အာဟာရများပေးပြီး အရေးအကြောင်းတွေ၊ အကြောပြတ်ရာတွေကို သက်သာပျောက်ကင်းစေသော၊ ပါးနေသောဆံပင်များပြန်ပေါက်စေနိုင်သော၊ ပိုနေသောအဆီများလျော့စေသော၊ နုနယ်ပျိုမျစ်မှုပြန်ရရှိစေနိုင်သော နည်းတစ်မျိုးဖြစ်တယ်။
အသက်ကြီးလာတာနဲ့အမျှ elastin နဲ့ collagen တွေနည်းလာတာကြောင့် အသားအရေတင်းရင်းမှုတွေလျော့ကျလာပါတော့တယ်။ ဗီတာမင်ကဲ့သို့ တခြားအာဟာရတွေလည်း နည်းလာတာကြောင့် လျော့တွဲခြောက်သွေ့သော အသားအရေတွေဖြစ်လာတော့တယ်။
Mesotherapy နည်းမှာ ဆေးအနည်းငယ်ကို အရေပြားထဲထိုးထည့်ပေးခြင်းဖြင့် တခြားသောဆေးလိမ်း၊ ဆေးသောက်နည်းတွေထက် ပိုကောင်းသောအာနိသင်ကိုပေးပါတယ်။
ဒါကြောင့် ဆေးများများသောက်ရခြင်းတွေ၊ ဆေးများသောကြောင့်ရသော အန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်တာပေါ့။ ထိုဆေးထိုးခြင်းဖြင့် လိုအပ်သောနေရာကို တိတိကျကျလည်းကုသပေးနိုင်ပါတယ်။
နှစ်မျိုးရှိပါတယ်- အပ်သုံးနည်းနှင့် အပ်မသုံးသော Mesotherapy နည်းတို့ဖြစ်တယ်။
· အပ်သုံးသောပုံမှန် mesotherapy – လိုအပ်သော အရေပြားအောက်မှ တစ်ရှူးကို ဆေးထိုးကာ လိုသောအရာများကို ပေးပို့ထောက်ပံ့ခြင်းဖြစ်တယ်။
· အပ်မသုံးသော mesotherapy – ဆေးမထိုးလိုသူများအတွက် သင့်လျော်ပြီး အပ်မသုံးဘဲ အရေပြားအလယ်လွှာဆီ လိုအပ်သော အာဟာရပစ္စည်းများ၊ ဆေးများထည့်သွင်းထောက်ပံ့ခြင်းဖြစ်ပါတယ်။
ဘာတွေထိုးရသလဲ
အရေပြားအောက် မီလီမီတာအနည်းငယ်ဆီကို သေးငယ်သောအပ်ကလေးများနဲ့ amino acid ဗီတာမင်၊ သတ္ထုဓါတ်တွေထိုးသွင်းခြင်းဖြစ်တယ်။ တချို့သော နည်းစနစ်အသစ်တွေမှာ အရေပြားစိုပြေစေပြီး ထောက်ပံ့မှုတွေပေးသော hyaluronic acid ပါအသုံးပြုပါတယ်။
ဆေးထိုးနည်းကို သင့်အရေပြားနဲ့သင့်တော်အောင် ပြုပြင်ပြောင်းလဲပြီး အသုံးပြုလို့ရပါတယ်။ ထိုးသွင်းလိုက်သော ပစ္စည်းတွေဟာ သင့်အသားအရေအတွက် မတူညီသောအာနိသင်အမျိုးမျိုးပေးပါတယ်။
Mesotherapy ဟာ အရေပြားပြဿနာ အများအပြားကို ကုသနိုင်တယ်။ ဦးတည်ချက်ပေါ်မူတည်ပြီး ပြင်ဆင်မှုနဲ့ ပြန်ကောင်းချိန်တွေ ကွဲပြားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Mesotherapy ကိုများသောအားဖြင့် နှစ်ကြိမ်မှ သုံးကြိမ်အဖြစ် သို့မဟုတ် ရက်သတ္တပတ် အနည်းငယ်ခြား တစ်ခါ အချိန်တိုတိုအကြိမ်လေးတွေအဖြစ် ခွဲထားတတ်ပါတယ်။ ပင်မကုသမှု တစ်ခုအပြီး နောက်ထပ် လအနည်းငယ် ကြာအောင်တော့ ထိန်းသိမ်းမှုလေးတွေ ဆက်လုပ်ရပါတယ်။
Mesotherapy ကဘာတွေကုသနိုင်လဲ
အမျိုးမျိုးအတွက် သုံးနိုင်ပါတယ်။ ဒါတွေကတော့ နာမည်ကြီးသော ကုသမှုတချို့ဖြစ်တယ်-
· ဆံပင်ကျွတ်မှုကိုလျှော့ချကာ ဆံပင်ပေါက်ခြင်းကို လှုံဆော်ခြင်း
· အဆီချေဖြတ်ခြင်း
· အကြောပြတ်ရာများလျှော့ချခြင်း
· မျက်နှာပြုပြင်ခြင်း
Mesotherapy ဟာ တစ်ကြိမ်မှာအဆီအနည်းငယ်သာကျစေတာကြောင့် အဆီချဖို့၊ ပိန်ဖို့အတွက်တော့ သိပ်အကျိုးမဖြစ်ပါဘူး။ ဒါကြောင့်လည်း အကြောပြတ်ရာများလို အဆီအနည်းငယ်စုနေတာတွေကိုသာ ကုသဖို့အတွက် သုံးလေ့ရှိပါတယ်။
အဆီထုတ်သောဆဲလ်နှင့် အဆီချေဖျက်သောဆဲလ်တွေကို ပစ်မှတ်ထားပါတယ်။ ဆေးထိုးလိုက်ခြင်းက အဆီထုတ်ခြင်းကိုလျှော့ပြီး အဆီချေဖျက်ခြင်းကို လှုံ့ဆော်ပေးပါလိမ့်မယ်။
မျက်ခွံများတွဲကျခြင်းအတွက်လည်း အသုံးပြုနိုင်တယ် ။ အသက်ကြီးလာတာနဲ့အမျှ မျက်ခွံတွေလည်း လျော့ရဲလာတတ်တယ်။ အဆီတွေစုလာပြီး မျက်ခွံတွေပျော့တွဲလာပါတော့တယ်။
Mesotherapy ဟာ သင့်မျက်ခွံမှအဆီများကို လျှော့ချပေးနိုင်တယ်။ ဒါပေမယ့် ကုသမှုမတိုင်မီ cortisone သောက်ထားဖို့တော့လိုပါလိမ့်မယ်၊ ရောင်ရမ်းမှုကိုလျှော့ချနိုင်ဖို့ပါ။
အရေပြားပြုပြင်ခြင်းဟာ နာမည်အကြီးဆုံးရလဒ်ဖြစ်တယ်။ ကျန်းမာစေသော ဓါတ်ပစ္စည်းများကို သင့်အရေပြားထဲထည့်ပေးခြင်းဖြင့် နုနယ်ပျိုမျစ်သောအသွင်ကို ပြန်ရစေပါတယ်။ ဒါဟာ Mesotherapy ရဲ့ နာမည်ကြီးကုသမှုတွေထဲက တစ်ခုဖြစ်တယ်။
ထိုကုသမှုလုပ်ဖူးသူတိုင်း သိသာသောပြောင်းလဲမှုကို သတိထားမိကြပါတယ်။ Botox ထိုးခြင်း၊ လေဆာဖြင့် အရေပြားပြုပြင်ခြင်း၊ အရေပြားခွာခြင်း၊ ဆေးလိမ်းခြင်း၊ မျက်နှာပင့်တင်ကုသခြင်းများ စသည့်နည်းများထက် ပိုဘေးကင်းသောနည်းတစ်မျိုးဖြစ်တယ်။
ခန္ဓါကိုယ်တစ်ခုလုံး မည်သည့်နေရာမရွေးသုံးနိုင်တာကြောင့် ဘက်စုံသုံးနိုင်သော နည်းတစ်မျိုးလည်းဖြစ်ပါတယ်။
ကောင်းကျိုးများ
ကောင်းကျိုးတွေကြောင့် ဥရောပ၊ အမေရိကတွေမှာ အောင်မြင်ခေတ်စားလျက်ရှိပါတယ်။ Mesotherapy ဟာ ခွဲစိတ်စရာမလိုတဲ့ နည်းတစ်နည်းဖြစ်တာကြောင့် တခြားသော အလှအပရေးရာခွဲစိတ်ကုသမှုများနှင့် ယှဉ်ပါက လွယ်ကူရိုးရှင်းသောနည်းလည်ဖြစ်တယ်။
· ပြန်ကောင်းရန်အချိန်တိုခြင်း – အချိန်အများကြီး စောင့်ရန်မလိုဘဲ နေ့စဉ်လှုပ်ရှားမှုတွေပြန်လုပ်နိုင်ပါတယ်။ ကုသမှုယူသောနေ့မှာတင်ပဲ ဆေးခန်းမှပြန်နိုင်တယ်။
· မနာကျင်ခြင်း – အထူးသခြင့် အပ်မသုံးနည်းဟာ နာကျင်မှု၊ သက်တောင့်သက်သာမဖြစ်မှုတွေ မရှိပါဘူး။
· အကုန်အကျသက်သာခြင်း – ခွဲစိတ်မှုအတွက်လိုအပ်သော ကုန်ကျစရိတ်တွေ၊ ပြန်ကောင်းရန်ကုန်ကျစရိတ်တွေလျှော့နိုင်တယ်။
· ဘေးထွက်ဆိုးကျိုးနည်းခြင်း – ကုသမှုအပြီးမှာ ပွန်းရာ၊ ရှရာ၊ ရောင်ရမ်းခြင်းတွေရှိနိုင်ပေမယ့် ရက်အနည်းငယ်အကြာမှာ ပျောက်သွားပါတယ်။
မီဆိုကုထုံး က လူအများစုအတွက် အံ့အားသင့်စရာကောင်းအောင် အာနိသင်ရှိသလို၊ ရလဒ်ကလည်း တစ်ဦးနဲ့တစ်ဦး မတူတတ်ပါဘူး။ ဒါကြောင့် ကောင်းကျိုး၊ ရလဒ်တွေ၊ ပြင်ဆင်ရမှာတွေနဲ့ပတ်သတ်ပြီး ဆရာဝန်နဲ့ အရင် တိုင်ပင်ဆွေးနွေးတာအကောင်းဆုံးပါ။
[embed-health-tool-bmi]