မနက်အိပ်ရာနိုးလို့ အားရပါးရသမ်းပြီး ကိုယ့်မျက်နှာကိုယ် မှန်ထဲကြည့်လိုက်တဲ့အချိန် မျက်လုံးနှစ်ဖက်လုံး မို့အစ်နေတာမျိုး တော်တော်များများ ဖြစ်ဖူးကြမှာပါ။ ဒီလိုဖြစ်နေတဲ့ ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်ရတာ အရမ်းစိတ်ညစ်စရာကောင်းတယ်နော်။ ရုတ်တရက်ကြီးဆိုတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိ၊ အပြင်ထွက်တော့လည်း ကိုယ့်စိတ်ကိုယ်မလုံနဲ့ တအားဒုက္ခရောက်ရတာပေါ့။ ဒီတော့ ဘယ်လိုအကျင့်တွေက မျက်လုံးမို့အစ်တာကို ဖြစ်စေလဲ၊ ဘယ်လိုကာကွယ်လို့ရမလဲဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးမယ်နော်။
ပုံမှန်အားဖြင့်တော့ မျက်လုံးမို့အစ်တယ်ဆိုတာ ညဘက်အိပ်ချိန်နောက်ကျတာကြောင့် ဖြစ်တာကြောင့် ဒီအကျင့်ကို ရအောင်ဖျောက်နိုင်ရင်တော့ အဆင်ပြေသွားမှာပါ။
မနက်ပိုင်း မျက်လုံးမို့အစ်နေတဲ့အခါ ဘာတွေလုပ်သင့်လဲ။
မနက်အိပ်ရာကထထချင်း မျက်လုံးမို့အစ်နေတယ်လို့ သတိထားမိတယ်ဆိုရင် အရင်ဆုံး မျက်စဉ်းခတ်လိုက်ပါ။ ပြီးသွားရင် သခွားသီးကို ပါးပါးလေးလှီးစိတ်ပြီး မျက်လုံးပေါ်မှာ အုပ်ထားလိုက်ပါ။ အအေးဓာတ်က မျက်လုံးမို့အစ်နေတာကို သက်သာစေနိုင်ပါတယ်။ သခွားသီးမဟုတ်ဘဲနဲ့ ရေခဲဝတ်ကပ်ပေးတာ၊ အအေးခံထားတဲ့ ရေနွေးကြမ်းအိတ်ကလေးတွေ အုပ်ပေးလို့လည်း ရပါတယ်။
မနက်ပိုင်းမှာ ရေအေးအေးနဲ့ ရေချိုးပေးပါ။ ရေများများသောက်ပါ။ ပိုတက်စီယမ်ဓာတ် ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ငှက်ပျောသီးကို များများစားပေးပါ။ အပြင်သွားခါနီး မိတ်ကပ်မလိမ်းခင် မျက်လုံးကိုပါ နေလောင်ကာခရင်မ် ပါးပါးလေးလိမ်းပေးပါ။ ညဘက်မှာ စောစောပြန်အိပ်ပါ။ အိပ်ရေးဝအောင် ပြန်လုပ်ပါ။ အဲ့ဒါဆိုရင်တော့ မျက်လုံးမို့အစ်တဲ့ ပြဿနာကို ကာကွယ်ပေးနိုင်မှာပါ။