backup og meta

အသားအရောင်ပြောင်းလဲခြင်းကို ဘယ်လိုကာကွယ်မလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားအရောင်ပြောင်းလဲခြင်းကို ဘယ်လိုကာကွယ်မလဲ

    အသားအရောင်ပြောင်းလဲခြင်းဆိုတာ ဘာလဲ။

    ပုံမှန်အသားရောင်ထက် ပိုဖျော့သွားတာနဲ့ ပိုပြီးညိုမည်းလာတာ ဆိုပြီး အသားအရောင်ပြောင်းလဲခြင်း နှစ်မျိုးရှိပါတယ်။ အရေပြားကို ညိုစေ၊မည်းစေနိုင်တဲ့ အရောင်ခြယ်ပစ္စည်းတမျိုးနည်းသွားတဲ့အခါ အဆိုပါနေရာတနေရာတည်း ကွက်ပြီး ဖြူသွားတာ၊ဘေးနားက ပုံမှန်အသားနဲ့ယှဉ်ရင် အရောင်ဖျော့သွားတာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

    ဒါကြောင့် အဆိုပါ အသားအရောင်ပြောင်းလဲခြင်းတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာကို သိရှိနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။

    .အသားအရောင်ပြောင်းလဲတဲ့အခါ သင့်အသားအရေဟာ အရောင်တပြေးညီဖြစ်မနေတော့ဘဲ ပိုညိုမည်းတဲ့ ဒါမှမဟုတ် ပိုဖြူတဲ့ အကွက်တွေ ပေါ်ပေါက်လို့ လာပါတယ်။

    ဒါ့အပြင် အသားအရမ်းညိုမည်းသွားတာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ (အသားအရေကို ညိုမည်းစေတဲ့) melanin ဆိုတဲ့ ဓါတ်တမျိုး ထိန်းမနိုင်သိမ်းမရ ထွက်ရှိလာလို့ ဖြစ်ပါတယ်။

    ဒါပေမယ့် နေရောင်ခြည်နဲ့ ထိတွေ့တာ ဒါမှမဟုတ် ကိုယ်နဲ့မတည့်တဲ့ အလှကုန်ပစ္စည်းတွေ၊သောက်ဆေးတွေကို သုံးစွဲမိတာကြောင့်လည်း ပိုဆိုးလာနိုင်ပါတယ်။ လူအများစုဟာ ဒီလိုမျိုး အသားအရောင်ပြောင်းလဲမှာကို တွေးကြောက်ကြပါတယ်။

    အကွက်လေးတကွက်လောက် ဖြစ်ပေါ်လာရင်ပဲ အိမ်ထဲကအိမ်ပြင်တောင် မထွက်ချင်ကြတော့ပါဘူး။ တကယ်တမ်းကျတော့ ဒီလိုမျိုးတွေဖြစ်မလာနိုင်အောင် ကြိုတင်ကာကွယ်နိုင်သလို ဖြစ်လာပြီဆိုရင်လည်း သက်သာသွားအောင် ပြုလုပ်နိုင်ပါတယ်။

    ဒါကြောင့် အောက်ပါအချက်လေးတွေကို ဖတ်ကြည့်လိုက်ပါဦး။

    ၁။ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကျဉ်ပါ။

    အသားအရောင်ပြောင်းလဲခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတခုဖြစ်ပြီး လူငယ်အများအပြားဟာ ဒီလိုအခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့ရပြီဆိုရင် အလျင်အမြန်ပျောက်ကင်းလိုကြတယ်လို့ အရေပြားဆရာဝန်တွေက ဆိုပါတယ်။

    ဒီလို အသားအရောင်ပြောင်းလဲခြင်းပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အကောင်းဆုံးအဖြေက နေလောင်ခံခရင်မ်တွေ လိမ်းဖို့ပဲ ဖြစ်ပါတယ်။ နေလောင်ခံခရင်မ်တွေဟာ ဆေးဝါးအဖြစ်လည်း သုံးစွဲနိုင်ပြီး သိသာထင်ရှားကောင်းမွန်တဲ့ အာနိသင်ရှိကြောင်းလည်း သိရှိခဲ့ကြပြီး ဖြစ်ပါတယ်။

    SPF ပမာဏအနည်းဆုံး ၃၀ ရှိတဲ့ နေလောင်ခံခရင်မ်ကို သုံးစွဲရမှာဖြစ်ပြီး ဒါမှသာ ခရမ်းလွန်ရောင်ခြည် အေအမျိုးအစားကိုရော၊ဘီအမျိုးအစားကိုပါ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ နေပူထဲမထွက်ခင် အနည်းဆုံး မိနစ်၂၀လောက်အလိုမှာ နေလောင်ခံခရင်မ် လိမ်းထားသင့်ပါတယ်။

    ဘယ်လိုခရင်မ်အမျိုးအစားတွေကို ရွေးချယ်အသုံးပြုသင့်သလဲ။

    hydroxy quinone, tretinoin, topical steroids, alpha hydroxy acid, azelic acid ဒါမှမဟုတ် kojic acid စတာတွေ ပါဝင်တဲ့ ခရင်မ်တွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

    ဒီခရင်မ်တွေကို ညဖက်မှာ အသုံးပြုနိုင်သလို နေ့ဖက်မှာလည်း နေလောင်ခံခရင်မ်နဲ့ တွဲဖက်သုံးစွဲနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)တွေကို ပုံမှန်သုံးစွဲမယ်ဆိုရင်လည်း အသားအရောင်ပြောင်းလဲခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

    ခရင်မ်တွေနဲ့ အဆင်မပြေဖူးဆိုရင် တခြားရွေးချယ်စရာတွေလည်း ရှိနေပါသေးတယ်။ဥပမာ ကပ်ခွာတွေအသုံးပြုတာ၊ အရေပြားကို စားပစ်တာ ဒါမှမဟုတ် လေဆာပစ်တာမျိုးတွေပေါ့။

    ဒါ့အပြင် သင့်အနေနဲ့ နေ့စဉ်လိုက်နာသင့်တဲ့အချက်လေးတွေက အသားအရေကို အမြဲသန့်စင်အောင် ထားဖို့နဲ့ အစားအသောက်တွေကို မှန်ကန်စွာ ရွေးချယ်စားသောက်တတ်ဖို့ပါပဲ။

    ၂။ အသားအရေကို ပုံမှန်ထိန်းသိမ်းပါ။

    သင့်မျက်နှာမှာ အိုမင်းရင့်ရော်ခြင်းရဲ့ အရိပ်အရောင်၊လက္ခဏာတွေ မြင်တွေ့ရပြီဆိုတာနဲ့ အသားအရေထိန်းသိမ်းခြင်းကို အချိန်မဆိုင်းဘဲ စတင်ဆောင်ရွက်သင့်ပါပြီ။ အသားအရေခြောက်သွေ့ခြင်း၊ဖြူဖျော့ခြင်း၊အစက်အပျောက်များဖြစ်ပေါ်လာခြင်း စတာတွေဟာ သင့်အသားအရေကို ထိန်းသိမ်းသင့်ပြီဖြစ်ကြောင်း အချက်ပေးခေါင်းလောင်းသံတွေပဲ ဖြစ်ပါတယ်။

    နုပျိုကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်စေနိုင်ဖို့အတွက် အောက်ဖော်ပြပါ အချက်လေးတွေကို လိုက်နာသင့်ပါတယ်။

    • သင်သုံးစွဲနေတဲ့ အလှကုန်ပစ္စည်းတွေဟာ အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ရပါမယ်။
    • ဒါ့အပြင် ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးကူညီပေးနိုင်တဲ့ epidermal ပါဝင်ရပါမယ်။
    • ဆဲအဟောင်းတွေကို ပြုပြင်ပေးနိုင်ဖို့နဲ့ ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုကို အားပေးနိုင်ဖို့အတွက် ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ ပစ္စည်းတွေကို ရွေးချယ်ရပါမယ်။
    • သွေးလည်ပတ်မှုကို ကောင်းမွန်ပါစေ။
    • အရေပြားတစ်ရှူးခုနှစ်လွှာလုံးကို ကောင်းစွာ အဟာရပြုနိုင်စေဖို့အတွက် အစိုဓါတ်နဲ့ အာဟာရဓါတ်တွေ ကောင်းစွာ စိမ့်ဝင်ပါစေ။

    ၃။ အသားအရေထိန်းသိမ်းမှုကို နေ့စဉ်ပြုလုပ်ပေးပါ။

    သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒါဏ်က ကာကွယ်ပေးဖို့အပြင် အခြားအရေးကြီးတဲ့အချက်ကတော့ မှန်ကန်တဲ့ အသားဖြူဆေးကို အသုံးပြုပြီး အသားအရေကို ပုံမှန်ထိန်းသိမ်းပေးတာပဲ ဖြစ်ပါတယ်။

    အောက်ဖော်ပြပါ အချက်လေးတွေကို လိုက်နာပါ။

    • ဝက်ခြံတွေကို မကုတ်ပါနဲ့၊မညှစ်ပါနဲ့။ မျက်နှာကို ခဏခဏ သွားမကိုင်ပါနဲ့။
    • ညအိပ်ယာမဝင်မီအချိန်မှာ အပျော့စားမျက်နှာသစ်ဆေးကို အသုံးပြုပြီး မျက်နှာသစ်ပါ။

    အသားဖြူစေတယ်ဆိုပြီး ကြော်ငြာတဲ့ မျက်နှာသစ်ဆေးတွေကို ယုံပြီး ဈေးကြီးပေးဝယ်မသုံးပါနဲ့။

    ဘာလို့လဲဆိုတော့ မျက်နှာခဏလေးသစ်ပေးလိုက်ရုံနဲ့ အသားဖြူစေတဲ့ ဓါတ်ပစ္စည်းတွေဟာ အရေပြားထဲကို စိမ့်ဝင်သွားမှာ မဟုတ်တဲ့အတွက်ပါပဲ။ မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်တိုက်ခြင်းဟာ အမည်းစက်တွေကို ဖြစ်ပေါ်လာစေနိုင်တာမို့ မျက်နှာသစ်ပြီးတိုင်းမှာ မျက်နှာသုတ်ပုဝါ အပျော့စားလေးနဲ့ပဲ သုတ်ပေးရမှာဖြစ်ပြီး ကြမ်းတမ်းစွာ မျက်နှာသုတ်ခြင်းကို ရှောင်ရှားရပါမယ်။

    အရေပြားနီရဲရောင်ရမ်းခြင်းကို သက်သာစေဖို့အတွက် အစိုဓါတ်ထိန်းပေးနိုင်တဲ့ အလှကုန်ပစ္စည်းတွေ (moisturizer)ကို အသုံးပြုရပါမယ်။

    moisturizer လိမ်းပြီးတဲ့အခါ သင့်မျက်နှာအရေပြားကို အသာအယာနှိပ်နယ်ပေးရမှာဖြစ်ပြီး သင့်အသားအရေဟာ ခြောက်သွေ့နေမယ်၊ထိရှလွယ်မယ် ဒါမှမဟုတ် အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာတွေ ပေါ်ပေါက်နေမယ်ဆိုရင်တော့ တပတ်ကို တကြိမ်နှစ်ကြိမ်လောက် ဂျီးချွတ်ပေးဖို့ လိုပါလိမ့်မယ်။ သင်ဟာ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင်တော့ တပတ်ကို နှစ်ကြိမ်သုံးကြိမ်လောက် ဂျီးချွတ်ပေးဖို့ လိုပါလိမ့်မယ်။

    အသားအရောင်ပြောင်းလဲခြင်းကို ကာကွယ်ရတာဟာ ထင်သလောက် မရှုပ်ထွေးပါဘူး။ အသားအရောင်ပြောင်းလဲမှုကို ကာကွယ်ခြင်းနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ ဗဟုသုတတွေကို ဒီဆောင်းပါးလေးက ပေးစွမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement