သင့်အလှအပကို ထိန်းသိမ်းဖို့နဲ့ ကျန်းမာကောင်းမွန်တဲ့ အသားအရေကို ပိုင်ဆိုင်ဖို့အတွက် သင်နေ့စဉ်စားတဲ့ အစားအသောက်တွေထဲမှာ ဗီတာမင် K ပါဝင်ဖို့လည်း အရေးတကြီးလိုအပ်ပါတယ်။
ဟင်းနုနွယ်၊ဂေါ်ဖီစိမ်းတမျိုး၊ပင်စိမ်းနဲ့ တရုတ်နံနံ အစရှိတဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုးမှာ ဗီတာမင် K ကို တွေ့ရပြီး သူတို့တတွေရဲ့ အလှအပရေးရာနဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုက အံ့မခန်းပဲ ဖြစ်ပါတယ်။
ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ဗီတာမင် K အကြောင်း ဆက်လက်လေ့လာလိုက်ရအောင်။
မျက်ကွင်းညိုတာကို ပျောက်စေတဲ့ ဗီတာမင် K
ဒီခေတ်ကြီးမှာ လှုပ်ရှားသွားလာ လုပ်ကိုင်ရတာ ဖိအားတွေလည်း များသမို့ အမျိုးသမီးအတော်များများဟာ စိတ်ဖိစီးမှုတွေကို ခံစားရပြီး အိပ်ချိန်မမှန်တာမျိုးတွေ၊အိပ်မပျော်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မျက်ကွင်းတွေညိုလာတတ်တဲ့အတွက် အလှအပကိုပါ ထိခိုက်စေပါတယ်။
ဒီလိုဖြစ်လာရင် သင့်အနေနဲ့ ဗီတာမင် K ပါဝင်တဲ့ အစားအစာတွေ ဒါမှမဟုတ် အလှကုန်ပစ္စည်းတွေကို သုံးစွဲမယ်ဆိုရင် မျက်ကွင်းညိုတာတွေ ပျောက်ကွယ်သွားမှာဖြစ်ပြီး မူလအသားအရေကို ပြန်လည်ရရှိစေမှာဖြစ်ပါတယ်။
ဗီတာမင် K ကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်စားသုံးပေးမယ်ဆိုရင် မျက်ကွင်းညိုခြင်းဟာ အလျင်အမြန် သက်သာပျောက်ကင်းသွားမှာဖြစ်ပြီး တောက်ပရွှန်းစိုလှပကျန်းမာတဲ့ မျက်ဝန်းအစုံကို ပြန်လည်ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
အသားအရေကို တင်းရင်းစေတဲ့ ဗီတာမင် K
အသက်ကြီးလာတာဟာ အမျိုးသမီးတွေအတွက် အိပ်မက်ဆိုးဖြစ်ပြီး အသားအရေ တင်းတင်းရင်းရင်း မရှိတော့တာဟာ အိုမင်းရင့်ရော်လာခြင်းရဲ့ သင်္ကေတ တခု ဖြစ်ပါတယ်။ အရေးအကြောင်းတွေ ပေါ်လာခြင်းဟာလည်း ပရိုတင်းဓါတ်တွေ နည်းပါးလာခြင်းကြောင့် သင့်အသားအရေ လျော့တွဲနေပြီဆိုတာကို ပြတဲ့ ကနဦး အရိပ်အရောင်တွေ ဖြစ်ကြပါတယ်။
ဒီလို အခြေအနေတွေကို ရှောင်ရှားနိုင်ဖို့အတွက် သင့်အနေနဲ့ ဗီတာမင် K ပါဝင်တဲ့ အစားအစာတွေ (အထူးသဖြင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ)ကို စားပေးနိုင်ပါတယ်။
ဒါဆိုရင် သင့်အသားအရေအတွက် လိုအပ်တဲ့ ပရိုတင်းပမာဏကို ထိန်းပေးထားနိုင်မှာဖြစ်တဲ့အတွက် အသားအရေ တင်းရင်းပြည့်ဖြိုးလာမှာဖြစ်ပြီး အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာတွေကို မောင်းထုတ်နိုင်မှာပဲ ဖြစ်ပါတယ်။
သွေးခဲဖြစ်ပေါ်မှုကို ကူညီပေးတဲ့ ဗီတာမင် K
သွေးကြောတွေ၊အရေပြားတွေ ထိခိုက်ပျက်စီးမှုကြောင့် သွေးခြေဥတာတွေ ဖြစ်ပေါ်လာရပြီး သင့်အသားအရေကို အချိန်အတိုင်းအတာတခုအထိ ညစ်ထပ်ထပ် ဖြစ်စေပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ ဗီတာမင် K ကို အသုံးပြုပေးခြင်းအားဖြင့် ပြဿနာတွေကို ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။
သင့်အသားအရေရဲ့ အရောင်အဆင်းလှပစိုပြည်ဖို့အတွက် ဗီတာမင် K ကို အရေပြားပေါ် တိုက်ရိုက်လိမ်းပေးနိုင်သလို ဗီတာမင် K ပါဝင်တဲ့ အစားအစာတွေကိုလည်း စားပေးနိုင်ပါတယ်။
အရေပြားဆိုင်ရာပြဿနာတွေကို ဖြည်းဖြည်းချင်း ဖြေရှင်းပေးမယ့် ဗီတာမင် K
ဗီတာမင် K ရဲ့ အမြင်သာဆုံးသော ကောင်းကျိုးက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကို ပျောက်ကင်းသက်သာစေခြင်းပဲ ဖြစ်ပါတယ်။ဥပမာ သွေးခြေဥခြင်း၊အမာရွတ်ထင်ခြင်း၊အကြောပြတ်ခြင်း စသဖြင့်ပေါ့။
အထူးသဖြင့် ဗီတာမင် K ဖြည့်စွက်အားဆေးတွေကို လုံလောက်စွာ သုံးစွဲမယ်ဆိုရင် အနာကျက်မြန်စေခြင်း၊အရေပြားရောင်ရမ်းမှုတွေကို သက်သာစေခြင်း နဲ့ သွေးကြောထုံးတွေကို ပျောက်ကင်းစေခြင်း အစရှိတဲ့ ကောင်းကျိုးတွေကို ရရှိစေမှာဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ ကောင်းကျိုးတွေကတော့ ဗီတာမင် Kရဲ့ အာနိသင်တွေပဲ ဖြစ်တဲ့အတွက် သင့်အသားအရေကို ထိန်းသိမ်းရာမှာ ဗီတာမင်Kရဲ့ အစွမ်းကို အကျိုးရှိရှိ အသုံးပြုလိုက်ပါ။
[embed-health-tool-bmi]