ဗီတာမင် ဒီနဲ့ သင့်အသားအရည်
ဗီတာမင် ဒီကို လုံလောက်စွာ စားသုံးပေးခြင်းဖြင့် ဝက်ခြံပေါက်ခြင်းကို လျော့နည်းစေပြီး ကော်လာဂျင်ဓါတ် (အရေပြား တင်းရင်းစေသော ဓါတ်) ထုတ်လုပ်မှုကို အားပေးပါတယ်။ ဒါကြောင့် အသားအရည် တင်းရင်းမှုနဲ့ အသားရောင် ညီမျှမှုကို ဖြစ်စေပါတယ်။ လူတွေက နေရောင်ခြည်ကို ကြောက်ကြပါတယ်။ ဘာလို့လဲဆိုတော့ နေရောင်ခြည်မှာ ပါဝင်တဲ့ UV ဓါတ်ရောင်ခြည်တွေက အိုမင်းရင့်ရော်ခြင်းနဲ့ အရေပြား ကင်ဆာကို ဖြစ်စေလို့ပါပဲ။ ဒါပေမယ့် နေရောင်ခြည်နဲ့ ထိတွေမှု အရမ်းနည်းတာကလည်း သင့်အသားအရည်အပေါ် မဲခြောက်ခြောက်ဖြစ်ခြင်း ကဲ့သို့သော ပြောင်းပြန်သက်ရောက်မှု ဖြစ်စေပါတယ်။ ဒါ့အပြင် ဗီတာမင် ဒီ က သင့်ရဲ့ ခန္ဓါကိုယ် ခုခံအားကို တိုးတက်စေပြီး ဝက်ခြံပေါက်ခြင်း၊ ယောင်ရမ်းလာခြင်းတို့ကို ကျဆင်းစေပါတယ်။
ဗီတာမင် ဒီ နဲ့ သင့်ကျန်းမာရေး
ဗီတာမင် ဒီ မရှိရင် သင့်ခန္ဓါကိုယ်က ကယ်လ်စီယမ်ဓါတ်ကို ကောင်းကောင်း မစုပ်ယူတော့ပါဘူး။ အဲ့ဒီအချိန်မှာ သင့်ရဲ့ နှလုံးနဲ့ အာရုံကြောတွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ သွေးတွင်း ကယ်လ်စီယမ်ပမာဏ ညီမျှနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင့်ခန္ဓါကိုယ်ကနေ ပါရာသိုင်းရွိက်လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ထုတ်ပါတယ်။ အဲ့ဒီ ဟော်မုန်းက နှလုံးနဲ့ အာရုံကြောတွေရဲ့ လုပ်ငန်းဆောင်တာတွေ ရပ်ဆိုင်းမသွားဖို့အတွက် လိုအပ်နေတဲ့ ကယ်လ်စီယမ် ပမာဏကို အရိုးထဲကနေ သွေးထဲကို ဆွဲယူသုံးစွဲစေပါတော့တယ်။ အချိန်ကြာလာတာနဲ့ အမျှ သင့်အရိုးတွင်းက ကယ်လ်စီယမ်တွေရဲ့ သိပ်သည်းဆ ကျဆင်းလာပြီး အရိုးကျိုးလွယ်တာတွေ ဖြစ်လာပါတော့တယ်။ ဒါ့အပြင် သိပ္ပံပညာရှင်တွေက ဗီတာမင် ဒီ ချို့တဲ့ခြင်းနဲ့ အမျိုးအစား ၁ ဆီးချို (လူငယ်တွေမှာ အဖြစ်များသော)၊ ကြွက်သား နာကျင်ခြင်းနဲ့ ရင်သား၊ အူမကြီး၊ ဆီးကျိတ်၊ သားဥအိမ် စတဲ့ နေရာတွေမှာ ဖြစ်တဲ့ ကင်ဆာတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ သက်သေတွေ တွေ့ရှိနေပါပြီ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။