အသားအရေ အမျိုးအစားတွေ အများကြီးထဲမှာမှ ကိုယ်က ဘာလို့ Sensitive skin type ဖြစ်နေရတာလဲ။ အရင်ကတည်းက မဟုတ်ပါဘူး။ အခုနောက်ပိုင်းမှာ အသားအရေက တစ်ခုခုဆို အလွဲမခံဘူး အဖုအပိမ့်တွေထွက်လာတယ်၊ ဘာလို့များ အရေပြားက ဘာလို့ Sensitive ဖြစ်……….. တာဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။
အရေပြားက ဘာလို့ Sensitive ဖြစ်………..
တစ်ခုခုလွဲတာနဲ့ ဝက်ခြံတွေထွက်လာတယ်၊ ရောင်လာတယ်။ ဆိုတာက မူလ စင်စစ် sensitive skin type မဟုတ်ပါဘူး။ ဒီ အသားအရေအမျိုးအစားက မူလက acne – prone အမျိုးအစားဖြစ်နိုင်သလို ခြောက်သွေ့တဲ့ အမျိုးအစား တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ အများဆုံးက ဝက်ခြံအထွက်များတဲ့ Acne- prone အမျိုးအစား ဖြစ်နိုင်ပါတယ်။
လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက် ခံစားနေရတဲ့ အရေပြားပြဿနာ
ဝက်ခြံဆိုတာက လူအတော်များများ ခံစားနေရတဲ့ ပြဿနာပါ။ အခြားအရာတွေထက် ကြည့်ရဆိုးစေတဲ့ အသားအရေ ပြဿနာပါ။ ဝက်ခြံဆိုတာနဲ့တင် ပြီးလားဆိုတော့ ဝက်ခြံ ထွက်လာပြီဆိုရင် ဝက်ခြံ အပြင် ဝက်ခြံဖု သက်သာသွားတယ် ဆိုရင်တောင် ကုတ်မိ၊ ဆွမိတာကြောင့် ဝက်ခြံ အမာရွတ်တွေ ကျန်နေနိုင်ပါသေးတယ်။
ဒီလို ကျန်တဲ့အခါဖြစ်ဖြစ်၊ ဝက်ခြံ ထွက်တဲ့အခါဖြစ်ဖြစ် ပျောက်ချင်ဇောနဲ့ ဝက်ခြံ ပျောက်တယ်ဆိုတဲ့ ဆေးတွေ၊ ဆေးမြီးတိုတွေကို သုံးတတ်ကြပါတယ်။ ဒီလို သုံးတဲ့အခါ ချက်ချင်း သက်သာသွားမယ်လို့ ယူဆတတ်ကြပါတယ်။
ဝက်ခြံ သက်သာစေမယ် ဆိုတဲ့ ဆေး၊ လိမ်းစရာ တစ်ခုခုကို လိမ်းတယ်။ တစ်ရက်ကနေ ၂ ရက်အထိ မသက်သာဘူး။ ၃ ရက်လောက်လည်း ဒီအတိုင်းပဲဆိုရင် လုပ်တတ်တာက နောက်တစ်မျိုး ပြောင်းသုံးလိုက်တာပါ။
ဒီလို သုံးတာက အချိန်ကြာလာတဲ့အခါ အသားအရေကို ထိခိုက်စေပြီး အသားအရေက အမှားမခံတဲ့ အခြေအနေ ဖြစ်လာပါတယ်။ ဒီအခါ အလွယ်တကူပဲ Sensitive skin type ရယ်လို့ ခေါင်းစဉ် တပ်လိုက်ကြပါတယ်။
တကယ်ကတော့ ဒါက လူကနေ ဖန်တီးမှုကြောင့် အသားအရေ ထိခိုက်ရာကနေဖြစ်လာတဲ့ Sensitive skin အမျိုးအစားပါ။ Sensitized skinလို့ ခေါ်ပါတယ်။
ဒီလိုမဖြစ်စေဖို့ ဘယ်လို ကာကွယ်လို့ရမလဲ………..
အသားအရေကို ကိုယ်တိုင်ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင် အကောင်းဆုံးက
- အသားအရေကို ကြမ်းကြမ်းတမ်းတမ်း သန့်စင်တာမျိုး မလုပ်ပါနဲ့။
- ဓာတုပစ္စည်းတွေ ပါနေတဲ့ ဆပ်ပြာတွေ၊ မျက်နှာ သန့်စင်တဲ့ အရာတွေ မသုံးပါနဲ့။
- ဝက်ခြံအတွက် skin care တစ်ခုခု သုံးတဲ့အခါ အနည်းဆုံး ၄၅ ရက်ကနေ ရက်ပေါင်း ၆၀ လောက်အထိ သုံးပေးပါ။ ဒါမှ အသားအရေအပေါ် အကျိုးသက်ရောက်မှုကို သိရမှာပါ။
- စတီးရွိုက်ပါတာတွေကို မသုံးပါနဲ့။
- မျက်နှာကို ကုတ်ဖဲ့တာတွေ မလုပ်ပါနဲ့။
- ခဏခဏ မျက်နှာ မသစ်ပါနဲ့။
- အစိုဓာတ်ထိန်း ခရင်မ် ပုံမှန်လိမ်းပေးပါ။ Gel အမျိုးအစား ဆိုရင် ပိုအဆင်ပြေပါတယ်။
[embed-health-tool-bmi]