backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pruritus (အရေပြားယားယံခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Pruritus (အရေပြားယားယံခြင်း)

Pruritus (အရေပြားယားယံခြင်း) ဆိုတဲ့ အကြောင်းလေးကို လေ့လာလိုက်ရအောင်နော်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pruritus (အရေပြားယားယံခြင်း) ကဘာလဲ။

အရေပြားယားယံခြင်းသည် အရေပြားတွင် မသက်မသာနှင့် ကျိန်းစပ်သောခံစားမှုကြောင့် ကုတ်ဖဲ့နေလိုသည့် အခြေအနေကို ဆိုလိုပါသည်။ ၎င်းသည် အပိန့်ထခြင်း သို့မဟုတ် တခြားသော အခြေအနေများဖြစ်သော psoriasis နှင့် အရေပြားရောင်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ အသည်းရောဂါ သို့မဟုတ် ကျောက်ကပ်အလုပ် မလုပ်နိုင်ခြင်းတို့ဖြစ်နေပါကလည်း အရေပြားယားယံခြင်းဖြစ်ပွားနိုင်၏။ အရေပြားယားယံခြင်း၏ အကြောင်းရင်းအားဆုံးဖြတ်ရန် သာမာန်ယားခြင်း သို့မဟုတ် အနီကွက်ထခြင်း၊ ကြမ်းတမ်းသော အဖုများထခြင်း၊ ရေကြည်ဖုများရှိမရှိ စသည်တို့အား ကြည့်ရမည်ဖြစ်သည်။

Pruritus (အရေပြားယားယံခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အဖြစ်များ၏။ ၎င်းသည် အရေပြားရောဂါများဖြစ်သော Xerosis, atopic dermatitis, အင်ပြင်၊ psoriasis, arthropod assault, mastocytosis, dermatitis herpetiformis, သို့မဟုတ် pemphigoid များ ဖြစ်လာနိုင်ပါသည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Pruritus (အရေပြားယားယံခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အရေပြားယားယံခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

  • အရေပြားဧရိယာ အနည်းငယ်ခန့်တွင် ယားယံခြင်း ဥပမာ လက်မောင်းနှင့် ခြေထောက် သို့မဟုတ် ခန္ဓါကိုယ်တစ်ခုလုံး ယားယံနေခြင်း
  • နီမြန်းခြင်း
  • အဖုများ၊ အပြောက်များ သို့မဟုတ် အရည်ကြည်ဖုများ ထခြင်း
  • အရေပြားခြောက်သွေ့ ကွဲအက်ခြင်း
  • သားရေလို သို့မဟုတ် အကြေးခွံလို အရေပြားဖြစ်လာခြင်း

တစ်ခါတစ်ရံတွင် ယားယံခြင်းသည် ကြာရှည်ပြီး ပြင်းထန်တတ်ပါသည်။ ယားသည့်နေရာကို ကုတ်ဖဲ့ပါက ပိုပြီးယားလာတတ်ပါသည်။ ယားလေလေ ကုတ်လေလေ ဖြစ်လာပါမည်။ ထိုအယားအကုတ်သံသရာအား ဖြတ်ရန်လည်း အလွန်ခက်၏။ သို့သော် ဆက်ကုတ်နေလျှင်လည်း အရေပြားကိုထိခိုက်စေပြီး ပိုးဝင်စေနိုင်ပါသည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် အရေပြားအထူးကုဆရာဝန်နှင့် ဆက်သွယ်သင့်သည်။ အကယ်၍ ယားခြင်းသည်

  • နှစ်ပတ်ထက်ပိုကြာလျှင်
  • ကိုယ့်ကိုယ်ကို ဂရုစိုက်နေလျှင်သော်မှ မသက်သာလာလျှင်
  • ပြင်းထန်သောကြောင့် နေ့စဉ်အလုပ်များပင် မလုပ်နိုင်တော့လျှင်
  • အိပ်လိုမရအောင်ဖြစ်နေလျှင်
  • ဘာကြောင့်ယားနေကြောင်း မသိလျှင်
  • ခန္ဓါကိုယ်တစ်ခုလုံး ယားနေလျှင်
  • အလွန်အမင်းမောခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ဝမ်းအခြေအနေပြောင်းခြင်း သို့မဟုတ် ဆီးခဏခဏသွားခြင်း၊ ဖျားခြင်း၊ အရေပြား နီမြန်းခြင်း စသည်တခြားလက္ခဏာများပါ တွဲလာလျှင်

အကြောင်းရင်းများ

Pruritus (အရေပြားယားယံခြင်း) ကိုဘာတွေကဖြစ်စေသလဲ

  • အရေပြားခြောက်သွေ့ခြင်း – အနီရောင်အဖုများရှိပြီး ယားယံသည့်နေရာတွင် တခြားသောပြောင်းလဲခြင်းများ မတွေ့ရပါက အရေပြားယားယံခြင်း၏ အကြောင်းရင်းမှာ အရေပြားခြောက်သွေ့မှုကြောင့် ဖြစ်ပါသည်။ အရေပြားခြောက်သွေ့ခြင်းသည် ပူခြင်း အေးခြင်း၊ စိုထိုင်းစနည်းခြင်း၊ လေအေးပေးစက် အပူပေးစက်များ အချိန်ကြာမြင့်စွာသုံးခြင်း၊ ရေခဏခဏချိုးခြင်း လက်ခဏခဏဆေးလွန်းခြင်းတို့ကြောင့် အရေပြားခြောက်သွေ့မှု ဖြစ်ရပါသည်။
  • အရေပြားအခြေအနေများနှင့် အကွက်များ – များစွာသော အရေပြားအခြေအနေများ – ညှင်းခူ (အရေပြားရောင်ခြင်း)၊ psoriasis, ဝဲ၊ သန်း၊ ရေကျောက်နှင့် အင်ပြင်များသည် အရေပြားအား ယားစေပါသည်။
  • အတွင်းပိုင်းရောဂါများ – အရေပြားယားယံခြင်း ဖြစ်စေနိုင်သည့် တခြားသောရောဂါများလည်း ရှိပါသည်။ ထိုရောဂါများမှာ အသည်းရောဂါ၊ ဂျုံကို ခန္ဓါကိုယ်မှ မစုပ်ယူနိုင်ခြင်း၊ ကျောက်ကပ် ပျက်ခြင်း၊ သံဓါတ်ချို့တဲ့သော သွေးအားနည်းရောဂါ၊ သိုင်းရွိုက်ရောဂါနှင့် လူကီးမီးယား လင်ဖိုးမားတို့လို ကင်ဆာများ ဖြစ်ပါသည်။
  • အာရုံကြောရောဂါများ – Multiple sclerosis, ဆီးချို၊ အာရုံကြောနာကျင်ခြင်းနှင့် ရေယုန်တို့သည် အာရုံကြောစနစ်ကို ထိခိုက်စေပြီး အရေပြားယားယံခြင်းကို ဖြစ်စေနိုင်ပါသည်။
  • ကျိန်းစပ်ခြင်းနှင့် အလက်ဂျီ – အအေးဒဏ်၊ ဓါတုပစ္စည်း၊ ဆပ်ပြာနှင့် တခြားပစ္စည်းများကြောင့် ကျိန်းစပ်ခြင်းမှ အရေပြားယားယံခြင်း ဖြစ်စေနိုင်ပါသည်။ အစားအစာအလက်ဂျီများကလည်း အရေပြားကို ယားယံစေပါသည်။
  • ဆေးများ – ပဋိဇီဝဆေးများ၊ မှိုသတ်ဆေးများ၊ ဘိန်းပါသော အကိုက်အခဲပျောက်ဆေးများ စသည့်ဆေးဝါးများ၏ ဓါတ်ပြုမှုများသည် အကွက်ထခြင်း ယားယံခြင်းများကို ဖြစ်စေနိုင်ပါသည်။
  • ကိုယ်ဝန် – ကိုယ်ဝန်ဆောင်စဉ်တွင် တစ်ချို့သောအမျိုးသမီးများ၌ အရေပြားယားယံခြင်းဖြစ်စေနိုင်ပါသည်။ အထူးသဖြင့် ဗိုက်၊ ပေါင်၊ ရင်သားနှင့် လက်မောင်းတို့တွင် ယားတတ်၏။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Pruritus (အရေပြားယားယံခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အရေပြားယားယံခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • ရာသီဥတုကြောင့် အလက်ဂျီဖြစ်ခြင်း – အလက်ဂျီကြောင့်ဖျားခြင်း၊ ပန်းနာရင်ကြပ်နှင့် ညှင်းခူ
  • အသက်အရွယ် – လူကြီးများတွင် အရေပြားယားခြင်း ဖြစ်နိုင်ချေ ပိုများ၏။
  • သန်း၊ သံကောင်နှင့် ကလေးအရွယ် ကူးစက်ရောဂါများ ထူထပ်သည့် လူ့အဖွဲ့အစည်းအတွင်း နေထိုင်နေလျှင်
  • အလုံပိတ်အားကစားဖိနပ်များအား ခြေအိတ်များ၊ အရည်စုပ်သည့်အရာများနှင့် တွဲဝတ်ခြင်းသည် မှိုပေါက်ပွားခြင်းကို အားပေးနိုင်ပါသည်။
  • အိမ်တွင် အိမ်မွေးတိရိစ္ဆာန်များရှိခြင်း
  • အင်းဆက်များနှင့် ထိတွေ့မိခြင်း
  • တစ်ကိုယ်ရည်သန့်ရှင်းမှု

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pruritus (အရေပြားယားယံခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အရေပြားယားယံခြင်းအား ဆရာဝန်မှ ရောဂါရာဇဝင်မေးခြင်းနှင့် စမ်းသပ်ခြင်းဖြင့် အတည်ပြုပါလိမ့်မည်။ ဆရာဝန်မှ အောက်ခံရောဂါတစ်ခုအား သံသယရှိလျှင် အောက်ပါစစ်ဆေးမှုများအား လုပ်ခိုင်းပါလိမ့်မည်။

  • သွေးစစ်ခြင်း – ထိုစစ်ဆေးမှုမှ အရေပြားယားယံခြင်းကိုဖြစ်စေသည့် သံဓါတ်ချို့တဲ့ခြင်းလို အတွင်းပိုင်းရောဂါများ ရှိမရှိ ဆရာဝန်များ သိရှိနိုင်ပါသည်။
  • ဓါတ်တုပစ္စည်းများစစ်ခြင်း – ထိုစစ်ဆေးခြင်းသည် သင့်၌ အသည်း သို့မဟုတ် ကျောက်ကပ် ကမောက်ကမရောဂါများ ရှိမရှိ စစ်ဆေးနိုင်ပါသည်။
  • သိုင်းရွိက်ဂလင်းလုပ်ငန်းစဉ် စစ်ဆေးခြင်း – သိုင်းရွိက်ဟော်မုန်းများခြင်းလို သိုင်းရွိက်ပုံမှန်မဟုတ်သည်များအား ဆုံးဖြတ်ရန် ကူညီပေးနိုင်ပါသည်။ သိုင်းရွိက်ဟော်မုန်းများခြင်းသည် ယားယံမှုကို ဖြစ်စေနိုင်ပါသည်။
  • ရင်ဘတ်ဓါတ်မှန် – ဓါတ်မှန်များသည် သင့်ရောဂါနှင့်ဆက်စပ်သည့် အောက်ခံရောဂါများအား ပြသနိုင်ပါသည်။

Pruritus (အရေပြားယားယံခြင်း) ကို ဘယ်လိုကုသပါသလဲ

အရေပြားယားယံခြင်းအား ကုသရန်အတွက် ကော်တီကိုစတီးရွိက်များကို ဆရာဝန်မှ ပေးပါလိမ့်မည်။ ထိုဆေးများအား ဖြစ်သည့်နေရာတွင် လိမ်းပြီးနောက် ပွယောင်းသည့် ဝါဂွမ်းအထည်များကို ရေစွတ်ပြီ သို့မဟုတ် တခြားအရည်များစိမ်ပြီး ဖုံးအုပ်ရပါမည်။ အဝတ်မှအစိုဓါတ်ကြောင့် အရေပြားသည် လိမ်းဆေးကို ကောင်းကောင်းစုပ်ယူနိုင်ပါလိမ့်မည်။

tacrolimus နှင့် pimecrolimus လိုဆေးများသည် calcineurin inhibitors များဖြစ်ပြီး တစ်ချို့ဖြစ်ရပ်များတွင် ပေးလေ့ရှိကြ၏။ အထူးသဖြင့် ယားယံမှုမဆိုးဝါးလျှင်ပေးသည်။

အရေပြားယားယံခြင်းသက်သာစေရန်အတွက် ဆရာဝန်မှ antihistamine ဆေးများကိုလည်း ပေးနိုင်ပါသည်။ ဤဆေးအုပ်စုမှဆေးများ – cetirizine နှင့် loratadine တို့သည် အိပ်ငိုက်ခြင်းကို မဖြစ်စေပါ။ ဘာမီတွန်လို ဆေးများကတော့ အိပ်ငိုက်စေနိုင်ပါသည်။ ယားယံမှုကြောင့် အိပ်မရဖြစ်နေပါက ဘာမီတွန်လိုဆေးများက အသင့်တော်ဆုံးဖြစ်ပါလိမ့်မည်။

ထို့အပြင် အရေပြားယားယံခြင်းကိုဖြစ်စေသော အောက်ခံရောဂါကိုလည်း ဆရာဝန်မှ ကုသပါလိမ့်မည်။ အတွင်းရောဂါတစ်ခုခုကို တွေ့ရပြီးနောက် ၎င်းကိုကုသပါမှ ယားယံမှုသက်သာမည်ဖြစ်သည်။ တခြားအယားပျောက်စေသည့်နည်းလမ်းများကိုလည်း အသုံးပြုရန် ညွှန်ထားပါသည်။

အလင်းကုထုံးသည် အရေပြားအား အလင်းလှိုင်းမြင့်သော ခရမ်းလွန်ရောင်ခြည်လှိုင်းများနှင့် ထိတွေ့ခြင်းသည်လည်း အရေပြားယားယံမှုကို သက်သာစေပါသည်။ ရောဂါအား ထိန်းချုပ်နိုင်ရန် ရောင်ခြည်ပြခြင်းအား ခဏခဏလုပ်ရန်လိုအပ်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အရေပြားယားယံခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများက သင့်အနေဖြင့် အရေပြားယားယံခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

  • ကုတ်ဖဲ့ခြင်းကိုရှောင်ပါ – ယားယံသည့် နေရာအား ဖုံးထားခြင်းဖြင့် ရှောင်လွှဲနိုင်ပါသည်။ မအိပ်ခင် လက်သည်းများကို ညှပ်ထားပါ။ လက်အိတ်ဝတ်ပါ။ ထိုသို့လုပ်ထားပါက အိပ်ပျော်စဉ်လည်း ကုတ်မိတော့မည်မဟုတ်ပါ။
  • အေးမြစိုစွန်သော အဝတ်စကပ်ပါ။ ယားသည့်နေရာအား ပတ်တီးများဖြင့် စည်းပေးထားလျှင်လည်း အရေပြားကို ကာကွယ်ပေးပြီး မကုတ်မိအောင်လည်း ကာကွယ်ပေးပါလိမ့်မည်။
  • ရေကြက်သီးနွေးဖြင့်စိမ်ချိုးပါ။ ယားယံမှုကို သက်သာစေမည့် အကောင်းဆုံးနည်းဖြစ်သည်။ မုန့်ဖုတ်ပေါင်ဒါ၊ မချက်သေးသည့် အုတ်ဂျုံတို့ကို ရေမချိုးခင်စိမ်ထားပေးနိုင်ပါသည်။
  • အားပျော့ပြီး ဆိုးဆေးမပါ အနံ့မပါသည့် ဆပ်ပြာများကို ရွေးချယ်ပါ။ ဆိုးဆေးနှင့် အနံ့များသည် သင့်အခြေအနေအား ပိုဆိုးဝါးစေနိုင်ပါသည်။ ဆပ်ပြာတိုက်ပြီးပါက ပြောင်းစင်နေအောင် ရေနှင့်ဆေးချပါ။ ဆေးပြီးနောက် အစိုဓါတ်ထိန်းခရင်မ်တစ်ခုခု လိမ်းခြင်းဖြင့် အရေပြားကိုကာကွယ်ပါ။
  • အရေပြားကျိန်းစပ်မှုဖြစ်သောပစ္စည်းများ သို့မဟုတ် အလက်ဂျစ်ဖြစ်စေသည့်အရာများ နီကယ်၊ လက်ဝတ်ရတနာ၊ ရေမွှေး သို့မဟုတ် အမွှေးနံ့ပါသည့် အရေပြားအလှကုန်များ၊ သန့်ရှင်းရေးပစ္စည်းများနှင့် အလှကုန်များ စသည်တို့ကို ရှောင်ပါ။
  • ဖိစီမှုအားလျော့ချပါ။ ဖိစီးမှုသည် ယားယံခြင်းကို ပိုဆိုးဝါးစေပါသည်။ နှစ်သိမ့်ဆွေးနွေးခြင်း၊ အပြုအမူပြောင်းလဲသော ကုထုံး၊ တရားထိုင်ခြင်းနှင့် ယောဂတို့သည် ဖိစီးမှုအား လျော့ကျစေမည့် နည်းလမ်းတစ်ချို့ဖြစ်ပါသည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement