Chikungunya လို့ခေါ်တဲ့ ဆင်တုပ်ကွေးကို ခံစားဖူးတယ်ဆိုရင် အရေပြားမှာယားလိုက်ရတဲ့ အနီစက်၊ အနီဖုလေးတွေကို သတိရမှာပေါ့။ တုပ်ကွေးသက်သာသွားတဲ့အခါ အများစုက ဒါတွေပျောက်သွားပြီး အဆစ်နာဝေဒနာသာ ကျန်ရစ်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးသူတချို့မှာတော့ အနီစက်လေးတွေကခြင်ကိုက်ဖုလိုလိုဖြစ်ကျန်ခဲ့ပြီးခြောက်သွားတဲ့အခါ အမာရွတ်ကျန်ခဲ့ပါတယ်။
ဒီတစ်ခါတော့ အဲဒီအမာရွတ်တွေကို ကုစားပေးဖို့ သဘာဝနည်းလမ်းလေးတွေပြောပြပေးချင်တာပါ။ အမာရွတ်ပျောက်ဆေးတွေရှိပေမယ့်လည်း ခန္ဓါကိုယ်အနှံ့က(အထူးသဖြင့် လက်နဲ့ခြေထောက်မှာရှိနေတဲ့) အစက်ကလေးတွေကို လိုက်လိမ်းရတာ မွဲသွားနိုင်တယ်လေ။ အဖိုးနည်းပေမယ့် အစွမ်းထက်တဲ့ နည်းလမ်း (၉) ခုကတော့ –
(၁) ရှားစောင်းလက်ပပ်
- ရှားစောင်းလက်ပပ်ကို အခွံခွာပါ။
- အတွင်းသားကို ပန်းကန်လုံးထဲထည့်ခြေပါ။
- ရလာတဲ့အနှစ်ကို အမာရွတ်ရှိတဲ့အရေပြားမှာ စိမ့်ဝင်အောင် စက်ဝိုင်းပုံသဏ္ဍာန်ပွတ်လိမ်းပါ။
- လိမ်းထားပြီး နာရီဝက်လောက်ကြာတဲ့အခါရေအေးနဲ့ဆေးချပါ။(ရေမချိုးခင် လိမ်းမယ်ဆိုရေချိုးချလိုက်ရုံပါပဲ)
- တစ်နေ့နှစ်ကြိမ် လိမ်းပါ။
(၂) ဗီတာမင် E
- ဗီတာမင် E အလုံးလေးတွေကိုဖောက်ပြီး အမာရွတ်ရှိတဲ့နေရာကို လိမ်းပါ။
- ၁၀ မိနစ်လောက်ကြာအောင် နှိပ်နယ်လိမ်းပါ။
- လိမ်းထားပြီးရင် မိနစ် ၂၀လောက်ထားပြီးရေနွေးနွေးနဲ့ဆေးပါ။
- တစ်နေ့သုံးကြိမ် လုပ်လို့ရပါတယ်။
(၃) ပျားရည်
- အိပ်ရာမဝင်ခင် အမာရွတ်ပေါ် ပျားရည်ပါးပါးလေးလူးပါ။(သိပ်များရင်ပုရွက်ဆိတ်ကိုက်ပါလိမ့်မယ်နော်)
- ပျားရည်လိမ်းထားတဲ့အပေါ်မှာ ပတ်တီး သို့မဟုတ် အဝတ်ပါးလေးနဲ့ပတ်အုပ်ပါ။
- တစ်ညထားအိပ်လိုက်ပါ။
- မနက်ကျရင် ပတ်တီးကိုဖြည်ပြီးရေနွေးနွေးနဲ့ဆေးချပါ။(ရေနွေးစပ်ချိုးပါ)
- ညတိုင်းလုပ်လို့ရပါတယ်။
(၄) အုန်းဆီ
- အုန်းဆီသုံးဇွန်းလောက်ကို အပူပေးပါ။
- အမာရွတ်မှာ ၁၀ မိနစ်လောက် နှိပ်နယ်လိမ်းပေးပါ။
- အုန်းဆီကို အရေပြားက စုပ်ယူနိုင်စေဖို့ တစ်နာရီလောက် ထားပေးပါ။
- တစ်နေ့ကို နှစ်ကြိမ်ကနေလေးကြိမ် လုပ်ပေးနိုင်ပါတယ်။
(၅) ပန်းသီးရှာလကာရည်
- ပန်းသီးရှာလကာရည် ၂ဇွန်းကိုပေါင်းခံရေ ၄ဇွန်းရောပါ။ (ရေနွေးအိုးအလယ်မှာ ပန်းကန်လုံးတစ်လုံးနဲ့ထည့်ပေါင်းလိုက်ရင်ပေါင်းခံရေ ရပါတယ်)
- ရောထားတဲ့အရည်ကို ဂွမ်းလုံးလေးနဲ့ ဆွတ်ယူပြီး အမာရွတ်မှာ တို့ပေးပါ။
- ခြောက်အောင်ထားပါ။
- ညအိပ်ခါနီး အခုလို တို့ပြီး မနက်ကျရေဆေးချပါ။
(၆) သံလွင်ဆီ
- သံလွင်ဆီ (extra-virgin olive oil) ၃ ဇွန်းကို လာဗင်ဒါအဆီ ၃ စက်ထည့်မွှေပါ။
- အမာရွတ်ရှိတဲ့နေရာကို ၅ မိနစ်လောက် နှိပ်နယ်လိမ်းပေးပါ။
- လိမ်းပြီး နာရီဝက်လောက်ထားပါ။
- ရေနွေးနွေးနဲ့ဆေးချပါ။
- တစ်နေ့ ၃ ကြိမ်လုပ်လို့ရပါတယ်။
(၇) သံပရိုသီး
- လတ်ဆတ်တဲ့ သံပရိုသီးကို အူတိုင်ရှောင်ပြီး အစိတ်လေးတွေလှီးပါ။
- အမာရွတ်ရှိတဲ့နေရာလေးတွေမှာ ညင်ညင်သာသာပွတ်ပေးပါ။
- ပြီးရင် ၁၀ မိနစ်လောက်ထားပြီးမှရေအေးနဲ့ဆေးချပါ။
- ဒီနေ့ဒီအချိန်ဆိုနောက်နေ့ဒီလိုအချိန်မှ ထပ်လုပ်ပါ။
(၈) အာလူး
- အာလူးတစ်လုံးကို မထူမပါးအကွင်းလိုက်လှီးပါ။
- အမာရွတ်ရှိတဲ့နေရာမှာ စက်ဝိုင်းပုံသဏ္ဍာန် ပွတ်ပါ။
- အာလူးကွင်းက နွမ်းခြောက်လာပြီဆို ဖယ်ပြီးနောက်တစ်ကွင်းလဲပါ။
- မိနစ် ၂၀လောက်ဆက်လုပ်ပြီး ခြောက်အောင် ဒီအတိုင်း ၁၀ မိနစ်ထားပါ။
- ရေအေးနဲ့ဆေးပါ။
- တစ်နေ့တစ်ကြိမ်လုပ်နိုင်ပါတယ်။
(၉) မုန့်ဖုတ်ဆိုဒါ
- မုန့်ဖုတ်ဆိုဒါ၂ဇွန်းကို ပေါင်းခံရေနည်းနည်းနဲ့ အနှစ်ဖြစ်အောင်ရောမွှေပါ။
- အမာရွတ်ရှိတဲ့နေရာကိုပေါင်းခံရေနည်းနည်း အရင်ဆွတ်ပြီး အနှစ်ကို သုတ်လိမ်းပါ။
- လိမ်းထားတဲ့အပေါ်မှာရေနွေးဝတ်နဲ့ ၁၅ မိနစ်အုပ်ထားပါ။
- ရေဆေးချပါ။
သတိပြုဖို့က
ဒီနည်းတွေအကုန်လုံးကို အနာပေါ်သုံးလို့မရပါဘူးနော်။ အနာပေါက်မရှိတဲ့ အမာရွတ်နဲ့တဝိုက် အသားအရေကိုသာသုံးပေးရမှာဖြစ်ပါတယ်။ ကိုယ်နဲ့ဓါတ်မတည့်တဲ့ပစ္စည်းပါရင် မသုံးရပါ။ဆေးတွေလို ချက်ချင်းကြီး ရက်တိုအတွင်းအမာရွတ်ပျောက်စေမှာမဟုတ်ပေမယ့် ဘေးမရှိဘဲ တဖြည်းဖြည်းချင်းသိသာလာတာ သဘာဝပစ္စည်းလေးတွေရဲ့အစွမ်းပါ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]