brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ့် သွေးရည်ကြည် ပြန်အသုံးပြုတဲ့ ကုထုံးနဲ့ ဆံပင်ပြန်ပေါက်စေနိုင်

ကိုယ့် သွေးရည်ကြည် ပြန်အသုံးပြုတဲ့ ကုထုံးနဲ့ ဆံပင်ပြန်ပေါက်စေနိုင်

ကိုယ့် သွေးရည်ကြည် ပြန်အသုံးပြုတဲ့ ကုထုံးနဲ့ ဆံပင်ပြန်ပေါက်စေနိုင်

ဆံပင်ပါး၊ ဆံပင်ကျွတ်နေတဲ့သူတွေ၊ ထိပ်ပြောင်တဲ့သူတွေအတွက်က ဆံပင်ပြန်ပေါက်စေမယ့်၊ ဆံပင်သန်စေမယ့်ဆေးတွေ၊ နည်းလမ်းတွေကိုလိုက်ရှာနေကြမှာပါပဲ။ တချို့ကတော့ သဘာဝဆေးနည်းလေးတွေ၊ ဆံပင်သန်ဆေး ဒါမှမဟုတ် ပေါင်းတင်တာတွေနဲ့ ပြန်အဆင်ပြေလာကြပေမယ့် နည်းအမျိုးမျိုး၊ဆေးအမျိုးမျိုးသုံးကြည့်ပြီး အဆင်မပြေသူတွေလည်းရှိပါတယ်။ အခုတော့ နီးလျက်နဲ့ဝေးနေတဲ့ ကုသဆေးတစ်ခုကို သုတေသနကဖော်ထုတ်ပေးခဲ့ပါတယ်။ မျိုးဗီဇအရကို ဆံပင်ပါးတဲ့သူတွေအတွက်က အသုံးများတဲ့ကုထုံးတွေရှိပေမယ့် ခုတစ်ခါတွေ့ရှိတဲ့ ကုထုံးအသစ်ကတော့ ကာယကံရှင်ရဲ့သွေးကို ပြန်အသုံးပြုမယ့် သွေးရည်ကြည် ကုထုံးပဲ ဖြစ်ပါတယ်။

Platelet-rich plasma (PRP) လို့ခေါ်တဲ့သွေးရည်ကြည်ကုထုံးကို သွားကနေ အရိုးအထိ ကုသမှုအမျိုးစုံမှာ သက်သာပျောက်ကင်းမှုမြန်ဆန်အောင် အသုံးပြုနေတာဖြစ်ပါတယ်။ အစက လူသိများတာက မျက်နှာအလှအပအတွက် အသုံးပြုတာဖြစ်ပြီး ဆံပင်အတွက်ဆို ပိုခေတ်စားလာတော့မှာပါ။

ဒီကုထုံးအတွက်သုတေသနက အစောပိုင်းအဆင့်မှာပဲရှိနေသေးတဲ့အတွက် ဆံကေသာကုထုံးအဖြစ်တရားဝင် အသုံးပြုခွင့်မရသေးပါဘူး။

သွေးရည်ကြည် ကုထုံးက ဘယ်လိုမျိုးလဲ

PRP ကုထုံးမှာ ကာယကံရှင်ရဲ့သွေးကိုယူပြီး သွေးရည်ကြည် ထဲက သွေးနီဥဆဲလ်တွေကို ခွဲထုတ်ပါတယ်။ ဆံပင်ပေါက်စေမယ့် growth factorsလေးတွေ ပေါင်းထည့်ထားတဲ့သွေးရည်ကြည်ကို သူ့ဆီ ပြန်ထိုးနှံပေးလိုက်ပါတယ်။

ဆံကေသာကုထုံးအတွက် PRP နည်းကို သုံးတဲ့အခါ သွေးရည်ကြည်ကို ဆံပင်အမြစ်အိတ်လေးတွေထဲ ထိုးပေးရတာဖြစ်ပါတယ်။ မသိမသာလေးနေရခက်တာကလွဲရင် ဘာမှမခံစားရသလို အချိန်လည်း ၁၀ မိနစ်ပဲကြာပါတယ်။

ကိုယ့် သွေးရည်ကြည် ပြန်အသုံးပြုတဲ့ ကုထုံးနဲ့ ဆံပင်ပြန်ပေါက်စေနိုင်

ကုထုံးခံယူပြီးတဲ့အခါ တစ်လတစ်ကြိမ်နဲ့ သုံးလဆက်တိုက် ဆေးလာထိုးရမှာဖြစ်ပြီးနောက်ပိုင်းကိုတော့ သုံးလကနေ ခြောက်လအတွင်း တစ်ကြိမ်ပြန်လာထိုးရမှာပါ။ ကုသမှု လအနည်းငယ်ကြာရင်ပဲ ဆံပင်ကျွတ်သက်သာလာတာ သိသာလာမယ်။ နောက်ပိုင်းကျရင်တော့ ဆံပင်ထူ၊ ဆံပင်အသစ်ပေါက်တာ များလာမှာဖြစ်ပါတယ်။ ဒါပေမယ့် ကုသမှုစရိတ်ကတော့ တစ်ဦးကိုဒေါ်လာ ၁၀၀၀ ဝန်းကျင် ကုန်ကျနိုင်တယ်လို့ နယူးယောက်စီးတီး အခြေစိုက် dermatologist တစ်ဦးဖြစ်တဲ့ Dr.Joshua Zeichner ကပြောပါတယ်။

ရလဒ်ရော ကောင်းသလား

အစားအသောက်၊ အနေအထိုင်၊ ဓာတုပစ္စည်း ထိတွေ့မှုတို့ကြောင့်မဟုတ်ဘဲ မျိုးရိုးဗီဇအရ ဆံပင်ပါးသူ ဒါမှမဟုတ် ထိပ်ပြောင်သူ အမျိုးသမီး၊ အမျိုးသားတွေမှာ ဒီကုထုံးနဲ့ဆို ဆံပင်ကျွတ်သက်သာတဲ့အပြင် ပိုတောင်ပေါက်လာသေးတယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

ကိုယ့် သွေးရည်ကြည် ပြန်အသုံးပြုတဲ့ ကုထုံးနဲ့ ဆံပင်ပြန်ပေါက်စေနိုင်

၂၀၁၈ ခုနှစ်က ပါဝင်သူ ၃၉ ဦးကို လေ့လာခဲ့တဲ့ သုတေသနတစ်ခုအရ PRP သွေးရည်ကြည် ထိုးနှံမှု လေးကြိမ်ခံယူပြီးသူတွေမှာ ခြောက်လတာအတွင်း ဆံပင်ပိုသန်ပြီး ထူထဲလာတာတွေ့ရပါတယ်။ တခြားသုတေသနတွေမှာလည်း မျိုးဗီဇကြောင့် ထိပ်ပြောင်ပြီး ဘာဆေးသုံးသုံး မရတဲ့သူတွေမှာတောင် ဒီနည်းက အောင်မြင်မှုနှုန်းမြင့်မားကြောင်းဖော်ပြခဲ့ပါတယ်။

ဒီနည်းက ကိုယ့်သွေးရည်ကြည် ကို ပြန်အသုံးပြုရတာဖြစ်လို့ သဘာဝပစ္စည်းဆိုတော့ ဘေးကင်းတယ်၊ အပ်စိုက်ကုသလောက်လေးပဲ နာကျင်မှုကလည်း နည်းမှာဖြစ်ပါတယ်။

“PRP ကုထုံးက ထိပ်ပြောင်မှမဟုတ်ဘူး၊ ဆံပင်နည်းနည်းပါးတဲ့သူတွေအတွက်လည်း အကောင်းဆုံးကုသနည်းဖြစ်ပါတယ်။” လို့Zeichner ကပြောပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/06/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။