backup og meta

ဆံပင်တွေကျိုးတာ၊ ပြတ်တာ ဘာတွေလုပ်မိလို့လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 18/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံပင်တွေကျိုးတာ၊ ပြတ်တာ ဘာတွေလုပ်မိလို့လဲ

    ဆံပင်တွေပျက်စီးနေပြီလို့ စပြီးသိလာတာ ဘယ်တုန်းကလဲ။ ဘီးဖြီးရတာ အဆင်မပြေတော့ လို့လား။ ခြောက်သွေ့၊ ဖွာပြီး ဖြီးလိုက်တိုင်း ပြတ်ထွက်ကုန်တာလား၊ ဆံပင် အဖျား နှစ်ခွ ကွဲတာလား။ အလိုလိုနေရင်းကို အလယ်ကနေ ကျိုးပြတ်ကုန်တဲ့ ဆံပင်တွေ ဖြစ်လာရင်တော့ ဆံသားပျက်စီးတာ သေချာနေပါပြီ။ အဖျားမှာလည်း ထက်ပိုင်းတွေကျိုးလို့။ ဒါဆို ဆံပင်တွေကျိုးတာ၊ ပြတ်တာ ဘာတွေလုပ်မိလို့လဲ ဆိုတာ ဆန်းစစ် လိုက်ရအောင်နော်။

    ဆံပင်တွေကျိုးတာ၊ ပြတ်တာ ဘာတွေလုပ်မိလို့လဲ

    ဆံပင်တွေကျိုးတာ၊ ပြတ်တာ ဘာတွေလုပ်မိလို့လဲ ဆိုတော့ ဆံသားတွေ ကျိုးပြတ်တာဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ ကိုယ့်မှာ ရှိနေလို့ပဲဖြစ်ရမယ်။ ဒီလို ဖြစ်နေတာကို ကုစားဖို့အတွက် အကြောင်းရင်းကို သိမှ ဖြစ်မယ်လေ။ ဘာတွေကြောင့် ဖြစ်နိုင်လဲဆိုတော့ –

    (၁) ဆံသား အလှအပ ပစ္စည်းတွေအသုံးများတာ

    ဆံပင်ကို ဆေးဆိုး၊ ကောက်၊ ဖြောင့်တာတွေ အတွက် ဆေးတွေ အသုံးများရင် ဆံသား ကျန်းမာရေးကို အားနည်းစေပြီး ကျိုးပြတ်တာတွေ၊ နှစ်ခွကွဲတာတွေ ဖြစ်နိုင်ခြေ ပိုများစေနိုင်ပါတယ်။ တချို့ခေါင်းလျှော်ရည်တွေ (ဓာတုပစ္စည်းများလွန်းတဲ့)ကတောင် ဆံသားကို ကျိုးပြတ်စေ၊ ကြွပ်ဆတ်စေ၊ ကောက်လိမ်ရှုပ်ထွေးလာစေနိုင်ပါတယ်။ ဓာတုပစ္စည်းသိပ်မများတဲ့ သဘာဝဆန်ဆန်ခေါင်းလျှော်ရည်တွေ၊ ပျော့ဆေးတွေသုံးသင့်ပါတယ်။

    (၂) ခေါင်းခဏခဏဖြီးတာ

    ခေါင်းဖြီးတာက တော်ရုံလောက်ပဲ ကောင်းပါတယ်။ ခဏနေတိုင်း တစ်ကြိမ်ဖြီးနေရင် ဆံပင် ပိုပျက်စီးပါတယ်။ လိုအပ်မှ ဖြီးပါ။

    (၃) အပူဒဏ်ထိတာနဲ့ အစိုဓာတ်မရှိတာ

    ဆံသားကို အပူဒဏ်မကြာခဏထိတွေ့စေတာက ဆံသားအပေါ်ယံလွှာကို ပျက်စီးစေပြီး သဘာဝအဆီဓာတ်ကို ခမ်းခြောက်စေပါတယ်။ ဒီလို ခမ်းခြောက်ရင် ဆံပင်တွေ ကြွပ်ဆတ်ပြီး ကျိုးပြတ်လွယ်ပါတယ်။ ဆံပင်အခြောက်ခံစက်(hair dryer) သုံးတာ၊ ဖြောင့်စက်ဆွဲတာ၊ ကောက်စက်နဲ့ လိပ်တာတွေက နေ့တိုင်းသုံးတာ ကြာလာရင် ဆံသားကိုထိခိုက်စေမှာပါပဲ။ နေပူထဲ ဒီတိုင်းသွားတာလည်း ဒီအန္တရာယ်ရှိနိုင်ပါတယ်။

    (၅) တဘက်နဲ့သုတ်တာ

    ဆံပင် အစိုကို တဘက်နဲ့သုတ်တဲ့အခါ ခပ်ကြမ်းကြမ်းပွတ်သုတ်တာ ဆံပင်ကို ပျက်စီးစေနိုင်ပါတယ်။ စိုနေတဲ့ ဆံပင်ဟာ ခြောက်သွေ့တဲ့ ဆံသားထက် ပိုထိခိုက်လွယ်ပါတယ်။

    ဒါ့ကြောင့် ပွတ်သုတ်မယ့်အစား ရေစုပ်အောင် ဆံပင်ကို တဘက်နဲ့ ဆုပ်ဆုပ်ပြီးသုတ်ပါ။ ပြီးရင် သဘာဝ လေနဲ့သာ ခြောက်အောင်ဖြန့်ထားလိုက်ပါ။ ဒါမှမဟုတ် အပူမပါတဲ့ hair dryerနဲ့ အခြောက်ခံပါ။

    (၆) အစားအသောက်ကြောင့်

    ဆံသား ကျန်းမာရေးမှာ အစာအာဟာရကလည်း အရေးပါတဲ့အပိုင်းပါ။ အာဟာရဓာတ်တွေ ချို့တဲ့နေမယ်ဆိုရင် ဆံသားတွေလည်း အားနည်းလာပြီးခြောက်သွေ့တာ၊ အရောင်မွဲတာ၊ ကြွပ်ဆတ်တာတွေဖြစ်လာနိုင်ပါတယ်။ ချို့တဲ့တာ သိပ်ဆိုးမယ်ဆို ဆံပင်တွေ ကျွတ်လာနိုင်တယ်။

    ကြက်ဥနဲ့ ငါးတွေမှာ ဆံသား ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ biotin ပါရှိပြီး အစေ့အဆန်မှာ ဆံပင် သန်စေတဲ့ selenium ပါရှိပါတယ်။ အကောင်းဆုံးက omega-3fatty acids ၊ ပရိုတင်း၊ ဗီတာမင် ဒီ၊ သံဓာတ်နဲ့ ဇင့်တို့ လုံလောက်အောင်စားသုံးပါ။

    (၇) စိတ်ဖိစီးမှုကြောင့်

    စိတ်ဖိစီးမှုဆိုးရွားလွန်းရင် ဆံသား ကိုပါ ထိခိုက်စေပြီး telogen effluvium လို့ခေါ်တဲ့ ဆံပင်ကျွတ်ရောဂါတစ်မျိုးဖြစ်စေနိုင်ပါတယ်။ ရုတ်တရက် စိတ်ဆင်းရဲစရာ အခြေအနေသို့မဟုတ် စိတ်ဖိစီးမှုကြောင့် ဆံသား အမြစ်တွေကိုအချိန်မတန်ခင် resting stage (ဖွံ့ဖြိုးမှုရပ်တဲ့အဆင့်) ကိုရောက်စေပြီး ဆံပင်တွေ ကျွတ်စေနိုင်ပါတယ်။

    စိတ်ဖိစီးမှုသက်သာသွားရင် ဆံပင် ပြန်ပေါက်လာလေ့ရှိပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ကုသမှုတော့လိုအပ်ပါတယ်။

    (၈) သိုင်းရွိုက်ပြဿနာရှိနေလို့

    သိုင်းရွိုက်ပြဿနာကြောင့်လည်း ဆံပင် ကျိုးပြတ်တာတွေဖြစ်စေနိုင်တယ်။ သိုင်းရွိုက်ရောဂါတစ်ခုခုရှိနေရင် ဆံပင်တွေ ပိုကြွပ်ဆတ်လာပြီးခြောက်သွေ့မယ်၊ အရောင်မွဲမယ်။ ဆံပင်တွေ ပါးလာနိုင်တယ်။ ထိပ်ပြောင်တော့မလိုဖြစ်လာတာတွေရှိတယ်။

    ဒါ့ပြင် သိုင်းရွိုက်ကြောင့်ဆိုရင် တခြားလက္ခဏာအနေနဲ့ လက်သည်းတွေ ကျိုးလွယ်တာ၊ စိတ်တိုစိတ်ဆတ်တာ၊  အမျိုးသမီးတွေမှာ ရာသီမမှန်တာတွေ ကြုံရတတ်ပါတယ်။

    ဖြစ်နိုင်ခြေများတာတွေ ပြောပြပြီးပြီဆိုတော့ ဆံပင် ကျိုးပြတ်တာတွေအတွက် အမြန်ဆုံးကုသဖို့ ကြိုးစားပါတော့။ ဒီအတိုင်းပစ်မထားပါနဲ့။ ဆံပင်ကြောင့် အလှပျက်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 18/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement