backup og meta

နှင်းခူရောဂါနောက်ဆက်တွဲပြဿနာများ

တခါတရံမှာ နှင်းခူဟာ အရေပြားပေါ်က စိတ်ညစ်စရာပြသနာတွေထက်ပိုတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်စေတတ်ပါတယ်။ အမြဲတစေ အနာကိုကုတ်ဖဲ့နေလို့ အရေပြားကိုပိုးဝင်တာဟာ နှင်းခူ ရဲ့အဖြစ်များတဲ့ နောက်ဆက်တွဲပြသနာပါ။ ဒီပြသနာတွေကို ကြိုသိထားမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေနည်းသွားအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ကြိုတင်ကာကွယ်ရန်နဲ့ ကုသရန်အတွက် သင့်ရဲ့ဆရာဝန်ကလည်း အကြံဉာဏ်ပေးနိုင်ပါတယ်။ ဒီတော့ နှင်းခူရောဂါနောက်ဆက်တွဲပြဿနာများ အကြောင်း လေ့လာလိုက်ရအောင်နော်။

နှင်းခူရောဂါနောက်ဆက်တွဲပြဿနာများ

နှင်းခူရောဂါနောက်ဆက်တွဲပြဿနာများ ကတော့

ပိုးဝင်ခြင်း

  • ဘက်တီးရီးယားပိုးဝင်ခြင်း။ အရေပြားရောင်ရမ်းလာရခြင်းရဲ့ အဓိကကျန်းမာရေးပြသနာကတော့ staphylococcus aureus ဆိုတဲ့ ပိုးဝင်လာပြီး အရေပြားထဲမှာ နယ်မြေချဲ့ထွင်လာတာပါပဲ။ အရေပြားရောင်ရမ်းလာသူတွေရဲ့ ၆၀ ကနေ ၉၀ ရာခိုင်နှုန်းခန့်ဟာ staph ဘက်တီးရီးယားပိုးကူးစက်ခံရတတ်ပါတယ်။ ပိုးဝင်တာပိုများတာနဲ့အမျှ အရေပြားတင်းမာရောင်ရမ်းတာလည်း ဆိုးရွားလာတတ်ပါတယ်။
  • ဗိုင်းရပ်စ်ပိုးဝင်ခြင်း။ အရေပြားရောင်ရမ်းလာသူများဟာ ဗိုင်းရပ်စ်ပိုးဝင်ရောက်နိုင်ခြေ များပါတယ်။ ဥပမာပေးရရင် ရေယုန်ပိုးဝင်ရောက်ပြီး နှင်းခူနာနဲ့ ရေယုန်နာတွဲဖြစ်ပြီး အရေပြားအခြေအနေဟာ အရမ်းဆိုးသွားတတ်ပါတယ်။ ဒါ့အပြင် နှင်းခူကြောင့်အရေပြားရောင်ရမ်းနေသူများဟာ လက်ရှိမှတ်ပုံတင်ထားတဲ့ ကျောက်ရောဂါကာကွယ်ဆေး မသုံးစွဲသင့်ပါဘူး။ ရောဂါသက်သာလာတယ်ထင်ရတဲ့တိုင်အောင် eczema vaccinatum လို့ခေါ်တဲ့ အလွန်ဆိုးရွားတဲ့ ကူးစက်ရောဂါ ဖြစ်တတ်ပါတယ်။ ဒါဟာ ကာကွယ်ဆေးမှာပါတဲ့ အသက်ဝင်နေတဲ့ ဗိုင်းရပ်စ်ဟာ ခန္ဓါကိုယ်အနှံ့ပြန့်သွားတတ်လို့ ဖြစ်ပါတယ်။ ၎င်းအပြင် နှင်းခူနာနဲ့ နီးနီးစပ်စပ်ထိတွေ့ဖူးသူတွေ၊ နှင်းခူနာ ဖြစ်ဖူးသူတွေဟာလည်း ကျောက်ကြီးရောဂါကာကွယ်ဆေးထိုးလိုက်ရင် နှင်းခူ ရောဂါသည်ဆီ ဗိုင်းရပ်စ်ရောက်သွားနိုင်တာမို့ မထိုးသင့်ပါဘူး။

ပိုးဝင်တဲ့လက္ခဏာတွေကို သတိပြုပါ။ အရေပြားကိုပိုးဝင်တယ်ထင်ရင် ဆရာဝန်ပြဖြစ်အောင်ပြပါ။ ပိုးဝင်တဲ့လက္ခဏာတွေကတော့ –

  • နီရဲခြင်း
  • ပြည်တည်ဖုများဖြစ်လာခြင်း
  • ပါးစပ်တဝိုက်တွင် အနာများဖြစ်လာခြင်း
  • ရေယုန်နာများပေါက်လာခြင်း စတာတွေပဲဖြစ်ပါတယ်။

    ပိုးဝင်တာကို မကုသမိရင် တခြား နောက်ဆက်တွဲပြသနာတွေလည်း ဖြစ်လာစေပါတယ်။ နာမကျန်းဖြစ်ပြီး ဆေးရုံတက်ရနိုင်တ့အထိ ဖြစ်တတ်ပါတယ်။

အာရုံကြောအရေပြားရောင်ရမ်းခြင်း

အာရုံကြောအရေပြားရောင်ရမ်းခြင်းဟာ မကြာခဏကုတ်ဖဲ့နေခြင်းကြောင့် ဖြစ်တတ်ပါတယ်။ အဲဒီအခြေအနေမှာ အရေပြားဟာ နီရဲ ထူအမ်း တောင့်တင်းလာပြီး တခြားနေရာက အရေပြားတွေထက် အရောင်ပိုရင့်နေတတ်ပါတယ်။ အန္တရာယ်သိပ်မရှိပေမယ့် နှင်းခူပျောက်သွားသည့်တိုင်အောင် အရေပြားဟာ အမြဲ ထူပြီး အကွက်လိုက်ဖြစ်သွားတတ်ပါတယ်။

အမာရွတ်ဖြစ်ခြင်း

အရေပြားကိုအမြဲကုတ်ဖဲ့နေရင် အမာရွတ်ကျန်သွားနိုင်ပါတယ်။ အမာရွတ်မထင်စေတဲ့ တခုတည်းသောနည်းလမ်းကတော့ မကုတ်ဖို့ပါပဲ။ မကုတ်မိဖို့တော့ ခက်ပါလိမ့်မယ်။ အရေပြားပေါ်မှာ ကွဲနေတာတွေ ပျောက်သွားရင် အမာရွတ်ဖြစ်လာနိုင်ပါတယ်။ တခါရောင်ထားဖူးတဲ့ အရေပြားနေရာမှာ ဖောင်းပြီး အမှတ်တခု အမြဲတမ်း ကျန်သွားတတ်ပါတယ်။

နေထိုင်မှဆိုင်ရာ နောက်ဆက်တွြဲပသနာများ

မိမိကိုယ်ကိုယုံကြည်မှု

နှင်းခူဖြစ်ဖူးသူ လူကြီးလူငယ်မရွေးဆီကနေ ကြားသိရတာကတော့ သူတို့ဟာ ဒီအရေပြားကို အမြဲသတိထားနေမိပြီး ရှက်ရွံ့နေတတ်ပါတယ်။ အရေပြားပေါ်က အကွက်တွေဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုကို ထိခိုက်စေပါတယ်။ သင့်တော်တဲ့ဆေးကုသမှုနဲ့ ဖိအားတွေကို လျှော့ကျခြင်းတွေက အရေပြားအခြေအနေကို သက်သာစေနိုင်ပါတယ်။

ကူညီဖေးမတဲ့အဖွဲ့တွေကတော့ ဒီဝေဒနာရှင်တွေကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ ကူညီဖေးမကြပါတယ်။ အမျိုးသားနှင်းခူရောဂါအဖွဲ့ (NEA) ကတော့ နိုင်ငံတဝှမ်းမှာ ကူညီပေးတဲ့အဖွဲ့အစည်းတွေအကြောင်း သတင်းပေးပါတယ်။ ဖုန်းကနေတဆင့်လည်း ကူညီတတ်ပါတယ်။

ကိုယ်ကာယလှုပ်ရှားမှုကြောင့် မသက်မသာဖြစ်ရခြင်း

နှင်းခူဟာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရခက်စေပါတယ်။ ချွေးထွက်လာရင် ယားတတ်တာကြောင့်ပါ။ ဒါကြောင့် တချို့တွေဟာ ဒီရောဂါဖြစ်လာရင် သူတို့နှစ်သက်တဲ့ လှုပ်ရှားမှုတွေတောင် မလုပ်ကြတော့ပါဘူး။

လေ့ကျင့်ခန်းလုပ်စဉ်မှာ သက်သက်သာသာဖြစ်မယ့် အဝတ်တွေ ဝတ်ဆင်သင့်ပါတယ်။ ချွေးထွက်သက်သာအောင် အခန်းတွင်း သို့ လေအေးစက်ဖွင့်ထားတဲ့ နေရာမှာ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

နှင်းခူရောဂါ ဖြစ်နေချိန်မှာ စိတ်ရောကိုယ်ပါ မသက်မသာ မဖြစ်ရအာင် ပြင်းထန်တဲ့ကိုယ်ကာယလေ့ကျင့်ခန်းတွေ ရှောင်ရပါမယ်။

နှင်းခူရောဂါရဲ့ နောက်ဆက်တွဲပြသနာအများစုကို မဖြစ်အောင် ကုသမှုခံယူခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ရောဂါဆိုးမသွားအောင် ကာကွယ်ရင် ပိုးဝင်ဖို့လည်း အခွင့်လမ်းလျော့နည်းသွားမှာမို့ ကိုယ့်ကိုကိုယ်ယုံကြည်မှုမပျက်စီးအောင် ကာကွယ်နိုင်ပါတယ်။

လှောင်ပြောင်အနိုင်ကျင့်ခံရခြင်း။

နှင်းခူဝေဒနာရှင် ကျောင်းသူကျောင်းသားများဟာ စနောက်လှောင်ပြောင်ခြင်း ခံရနိုင်ပါတယ်။ ဘယ်လိုစနောက်လှောင်ပြောင်ခြင်းဖြစ်စေ ကလေးများအတွက်တော့ စိတ်ဒဏ်ရာဖြစ်စေပြီး ပြေပျောက်ဖို့ ခက်ခဲပါတယ်။ ကလေးများဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး ပတ်ဝန်းကျင်နဲ့ ကင်းကွာသွားတတ်ပါတယ်။

ဒီလိုဖြစ်လာရင် ကလေးရဲ့ ဆရာဆရာမနဲ့ ဆွေးနွေးသင့်ပြီး ကလေးကိုလည်း သူဘယ်လိုခံစားနေရတယ်ဆိုတာ ပြောပြဖို့ စည်းရုံးတိုက်တွန်းရပါမယ်။ အမျိုးသားနှင်းခူအဖွဲ့ (NES) အနေနဲ့လည်း ဒေသခံအကူအညီပေးရေးအဖွဲ့တွေကို သတင်းအချက်အလက်တွေ ဝေမျှထောက်ပံ့ပါတယ်။ အဲဒီအဖွဲ့တွေမှာ အခြား နှင်းခူ ဝေဒနာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ပါတယ်။

အိပ်စက်ခြင်းပြဿနာများ

နှင်းခူ ဝေဒနာသည်တွေမှာ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ ပြဿနာတွေလည်း ရှိတတ်ပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့် စိတ်အနေအထားကိုရော အပြုအမူပေါ်မှာ အကျိုးသက်ရောက်တတ်ပါတယ်။ ကျောင်းမှာ သို့ အိမ်မှာ အာရုံစိုက်နိုင်ဖို့ ခက်ခဲလာနိုင်ပါတယ်။ အကယ်၍ သင့်ကလေးဟာ နှင်းခူရောဂါကြောင့် မအိပ်နိုင်ဖြစ်နေပြီဆိုရင် ကျောင်းစာတွေမှာလည်း နောက်ရောက်လာတတ်ပါတယ်။ သူတို့အကြောင်းနဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းစားနိုင်အောင် ဆရာဆရာမတွေကို ပြောပြထားသင့်ပါတယ်။

နှင်းခူ ရောဂါအခြေအနေဆိုးရွားနေချိန်မှာ ကျောင်းမတက်ခိုင်းဖို့ လိုအပ်ပါတယ်။ ဒီရောဂါဟာ သူတို့ရဲ့ သင်ယူနိုင်စွမ်းကို သက်ရောက်မှုရှိတတ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Atopic dermatitis (eczema). Mayo Clinic. http://www.mayoclinic.com/health/eczema/DS00986. Accessed August 22, 2015
NEA Support Network. National Eczema Association. from http://www.nationaleczema.org/support/nea-support-network. Accessed August 22, 2015
Atopic dermatitis. National Institutes of Health. http://www.ncbi.nlm.nih.gov/pubmedhealth/PMH0001856/. Accessed August 22, 2015
http://www.niaid.nih.gov/topics/eczema/understanding/Pages/relatedConditions.aspx. Accessed August 22, 2015
Complications of atopic eczema. NHS. http://www.nhs.uk/Conditions/Eczema-(atopic)/Pages/Complications.aspx. Accessed August 22, 2015

ယခုပုံစံ

13/03/2023

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မွေးကင်းစကလေးလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာများ

အရေပြားထိန်းသိမ်းမှုဆိုင်ရာဗဟုသုတများ


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/03/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။