backup og meta

ဝက်ခြံကပ်ခွာ တွေကို ဘယ်လိုအသုံးပြုကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံကပ်ခွာ တွေကို ဘယ်လိုအသုံးပြုကြမလဲ။

    ခုနောက်ပိုင်းမှာ မျက်နှာမှာ ဝက်ခြံထွက်လာပြီဆိုရင် အဝိုင်းလေးတွေ ကပ်ထားကြတာကို တွေ့ဖူးကြမှာပါ။ တချို့ဆို အသားရောင်နဲ့ တစ်ထပ်တည်းမို့လို့ သိပ်တောင် မသိသာပါဘူး။ ဒါလေးတွေကို ဝက်ခြံကပ်ခွာ လို့ ခေါ်ပါတယ်။ ဝက်ခြံကပ်ခွာက တကယ်ပဲ ဝက်ခြံသက်သာစေတာလား။ ဘယ်လိုမျိုး အသုံးပြုရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    ဝက်ခြံကပ်ခွာ ဆိုတာ

    ဝက်ခြံကပ်ခွာဆိုတာ တကယ်တော့ ပလာစတာတစ်မျိုးပါပဲ။ သူ့ထဲမှာ Hydrocolloid လို့ခေါ်တဲ့ Gelatinလို ပစ္စည်းပါဝင်ပါတယ်။ ခုနောက်ပိုင်းမှာတော့ ကပ်ခွာမှာ ဝက်ခြံအတွက် ပိုထိရောက်အောင်ဆိုပြီး salicylic acid လိုမျိုးတွေပါ ထည့်သွင်းလာတာကို တွေ့ရပါတယ်။

    ဝက်ခြံကပ်ခွာက ဝက်ခြံကို ဘယ်လိုမျိုး သက်သာစေတာလဲ။

    • ဝက်ခြံထဲက အဆံတွေကို ထွက်သွားစေတယ်။

    ဝက်ခြံကပ်ခွာက ဝက်ခြံပတ်လည်မှာ ရှိနေတဲ့ အရည်တွေ၊ အညစ်အကြေးတွေနဲ့ အဆီတွေကို စုပ်ယူနိုင်ပါတယ်။ စုပ်ယူထားတဲ့ အညစ်အကြေးတွေက ကပ်ခွာမှာ ရှိနေတဲ့ Gelatin မှာ သွားကပ်နေတဲ့အတွက် ကပ်ခွာလည်း ခွာလိုက်ရော အညစ်အကြေးတွေလည်း ပါသွားပါတယ်။

    ဒါကြောင့် ဝက်ခြံပိုးဝင်မှာကို ကာကွယ်ပေးနိုင်ပြီး နောက်ဆက်တွဲ နီရဲရောင်ရမ်းတာတွေ မဖြစ်တော့ပါဘူး။

    ဝက်ခြံမှာ လူတိုင်းလိုက်နာရမယ့် ရွှေရောင်စည်းမျဉ်းက မညှစ်ရ၊ မကုတ်ရတာပါပဲ။ ဒီတိုင်း ထားမယ်ဆိုရင် တစ်ချိန်ချိန်မှာ လက်က မျက်နှာကို ရောက်သွားပြီး ကုတ်မိမှာပါ။ ဝက်ခြံဆိုတာမျိုးက မြင်နေရလေ  ညှစ်ချင်လေပဲ ဖြစ်ပါတယ်။ ကပ်ခွာလေး ကပ်ထားလိုက်ရင် ကုတ်မယ်ဆိုရင်တောင် ကပ်ခွာကို အရင်စမ်းမိလို့ ကုတ်ဖြစ်မှာ မဟုတ်တော့ပါဘူး။

    ဒီတော့ ဝက်ခြံထဲ ပိုးဝင်မှာ၊ အမာရွတ်ကျန်မှာတွေကိုပါ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

    • ဝက်ခြံကို ကုသပေးနိုင်ပါတယ်။

    ရှေ့မှာပြောခဲသလို Salicylic acidပါတဲ့ ကပ်ခွာတွေဆိုရင် ချွေးပေါက်တွေကိုပါ သန့်စေလို့ ဝက်ခြံကို မြန်မြန်သက်သာစေပါတယ်။ Benzoyl peroxideပါ ပါတယ်ဆိုရင် ရုတ်တရက် ဝက်ခြံတွေ အများကြီး ထွက်လာတာကိုပါ သက်သာစေနိုင်ပါတယ်။

    နောက်ပိုင်းမှာ အရေပြားကို soothing ဖြစ်အောင်ဆိုပြီး ရှားစောင်းလက်ပပ်တို့၊ ဗီတာမင်အေတို့ပါ ထည့်သွင်းလာကြတာကို တွေ့ရပါတယ်။ ဒါ့ပြင် အထဲမှာ ခဲနေတဲ့ ဝက်ခြံတွေအတွက် microneedle ပါတာတွေ၊ ဝက်ခြံဖုအကြီးတွေအတွက် ဆေးဝါးတွေ ထည့်ထားတဲ့ ကပ်ခွာတွေလည်း ပေါ်လာတာကို တွေ့ရပါတယ်။

    ဝက်ခြံကပ်ခွာ နဲ့ ဘယ်လိုဝက်ခြံတွေကို ကုသနိုင်သလဲ။

    ဝက်ခြံကပ်ခွာကို အများဆုံးသုံးသင့်တာကတော့ အဆီဖုတွေ၊ အဆံထွက်ခါနီး ဝက်ခြံဖုတွေပါ။ ဒီလိုဝက်ခြံတွေကိုတော့ သိသိသာသာ သက်သာစေပါတယ်။ ဒါပေမယ့် ဆားဝက်ခြံကိုတော့ ဝက်ခြံကပ်ခွာ သုံးလို့မရပါဘူး။

    ဝက်ခြံတွေ များလွန်းတယ်၊ နီရဲရောင်ရမ်းနေမယ်၊ အထဲမှာ ခဲနေမယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ ပြသဖို့ သင့်ပါတယ်။ ဒီလိုဝက်ခြံတွေအတွက် ထုတ်ထားတဲ့ ကပ်ခွာတွေ ရှိတယ်ဆိုပေမယ့် ဒီလောက်အခြေအနေကတော့ ဆရာဝန်နဲ့ ပြသတာ ပိုသင့်တော်ပါတယ်။

    ဝက်ခြံကပ်ခွာကို ဘယ်သူတွေ သတိထားသုံးသင့်လဲ။

    များသောအားဖြင့်တော့ ဝက်ခြံကပ်ခွာတွေက အန္တရာယ် မရှိလှပါဘူး။ ကပ်ခွာကပ်လိုက်လို့ ပိုဆိုးသွားတယ်ဆိုတာ ရှားပါတယ်။ ဒါပေမယ့် ထိခိုက်လွယ် အသားအရေရှိသူတွေကတော့ သတိထားသုံးသင့်ပါတယ်။

    သူတို့တွေမှာ ကပ်ခွာမှာပါတဲ့ ပစ္စည်း ဒါမှမဟုတ် ကော်နဲ့ မတည့်ဘူးဆိုရင် အရေပြားရောင်ရမ်းတာ ဖြစ်လာနိုင်ပါတယ်။ ဒါ့ပြင် တချို့ကပ်ခွာတွေမှာ ဝက်ခြံသက်သာအောင် Salicylic acidတို့ Tea tree oilတို့ ပါဝင်ပါတယ်။ ဒါတွေက အသားခြောက်စေလို့ နဂို အသားခြောက်တဲ့သူ၊ ထိခိုက်လွယ် အသားအရေရှိသူတွေဆိုရင် သတိထားသင့်ပါတယ်။ အထူးသဖြင့် ကပ်ခွာကို နေရာများများ သုံးတဲ့အခါမှာပါ။

    ဝက်ခြံကပ်ခွာကို ဘယ်လိုသုံးကြမလဲ။

    ဝက်ခြံကပ်ခွာတွေ အာနိသင်ပြဖို့ နာရီအနည်းငယ်လောက် ကပ်ထားဖို့ လိုပါတယ်။ ဒါကြောင့် အကောင်းဆုံးက အိပ်ခါနီး အချိန်မှာ ကပ်လိုက်တာပါ။ တချိုု့ကပ်ခွာတွေက ကပ်ထားရင် မသိသာအောင်  အသားရောင်အတိုင်း ထုတ်ထားတဲ့အတွက် နေ့ဘက်မှာပါ သုံးလို့ရပါတယ်။

    ဝက်ခြံကပ်ခွာ မကပ်ခင်မှာ မျက်နှာကို သေချာသစ်ပြီး ခြောက်သွေ့အောင် သုတ်ပါ။ စိုနေရင် ကော်က ကပ်မှာ မဟုတ်ပါဘူး။ တကယ်လို့ ဝက်ခြံကို ညှစ်ထားတယ် ဒါမှမဟုတ် ပေါက်နေတယ်ဆိုရင် သေချာသန့်ရှင်းရေး လုပ်ပြီးမှ ကပ်သင့်ပါတယ်။

    ပြီးရင်တော့ ကပ်လိုက်ရုံပါပဲ။ ကိုယ်အသုံးပြုတဲ့ ပစ္စည်းပေါ် မူတည်ပြီး ဘယ်နာရီထားရမလဲဆိုတာကို လေ့လာပါ။ ကပ်ခွာကို ခွာလိုက်ချိန်မှာတော့ ဝက်ခြံက အရောင်ကျပြီး သေးလာရပါမယ်။

    ဝက်ခြံကပ်ခွာအကြောင်း တစေ့တစောင်း

    ဝက်ခြံကပ်ခွာတွေက ဝက်ခြံတွေကို သက်သာစေပြီး မညှစ်မိအောင် ကာကွယ်ပေးနိုင်ပါတယ်။ သာမန်ဝက်ခြံတွေ ဆိုရင်တော့ သိသိသာသာကို သက်သာစေပါတယ်။ ဒါပေမယ့် ခဲနေတဲ့ ဝက်ခြံတွေ၊ ဝက်ခြံဖုအကြီးတွေဆိုရင်တော့ ကပ်ခွာကပ်မယ့်အစား အရေပြားဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement