backup og meta

ကျော နဲ့ ခါးမှာ ပေါက်တဲ့ ဝက်ခြံ ဘယ်လိုကုသကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 30/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျော နဲ့ ခါးမှာ ပေါက်တဲ့ ဝက်ခြံ ဘယ်လိုကုသကြမလဲ

    ဝက်ခြံ မှန်သမျှဟာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာ၊ ဘယ်အစိတ်အပိုင်းမှာပဲ ပေါက်နေပါစေ၊ အဆီပိုတွေ ထွက်ရှိခြင်း၊ ချွေးပေါက်ပိတ်ဆို့ခြင်း၊ ဘက်တီးရီးယားပိုးတွေ ရှိခြင်း၊ အရေပြားရောင်ရမ်းခြင်း တို့ကြောင့် ဖြစ်ရတာ များပါတယ်။

    ဆားဝက်ခြံ ၊ ဝက်ခြံဖု အားလုံးက အကြောင်းရင်းတွေက တူတူပါပဲ။ လေ့လာမှုတွေအရ ခန္ဓာကိုယ်မှာ ချွေးပေါက်တွေ ပိတ်နေတာ၊ ဆဲလ်သေတွေ ရှိနေတာနဲ့ ခန္ဓာကိုယ်က ထွက်တဲ့ သဘာဝအဆီတွေက ချွေးပေါက်တွေထဲ ပိတ်မိနေတာတွေက ဘက်တီးရီးယား ပေါက်ဖွားလွယ်စေပြီး ဝက်ခြံတွေ ဖြစ်လာစေပါတယ်။

    ခန္ဓာကိုယ် အနှံ့က ဝက်ခြံ

    ဒီတော့ ဝက်ခြံဆိုတာ မျက်နှာ မှာပဲ ထွက်တတ်တာ မဟုတ်ဘူး ဆိုတာ ရှင်းနေပါပြီ။ မဖြစ်တဲ့သူလည်း မဖြစ်ဘူး ဆိုပေမယ့် တချို့မှာတော့ ကျော သို့မဟုတ် ခါး မှာ အနည်းဆုံး ဆားဝက်ခြံလေးတွေ လောက်တော့ ရှိတတ်ပါတယ်။ တချို့ကျတော့ ဝက်ခြံဖု အကြီးတွေ ဖြစ်လာတတ်တာပေါ့။

    ဝက်ခြံကို ပံ့ပိုးပေးတဲ့ အကြောင်းရင်းတချို့

    အပေါ်မှာ ပြောခဲ့သလို ဝက်ခြံဖြစ်စေမယ့် အနေအထားမျိုး ကို ပံ့ပိုးပေးတဲ့ အချက်တချို့ ရှိနေပါတယ်။ နေ့စဉ်ဘဝ နဲ့ တိုက်ရိုက် ဆက်နွှယ်နေတဲ့ အချက်တွေမို့  သတိထားဆင်ခြင်လိုက်ပါနော် –

    အဝတ်အစား

    ခန္ဓာကိုယ်မှာ ဝက်ခြံထွက်စေတဲ့ အကြောင်းရင်း တစ်ချက်ကတော့  ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်လွန်း၊ ကျပ်လွန်းတဲ့ အဝတ်အစားတွေ ဝတ်တာကြောင့်ပါ။ အင်္ကျီတွေ ကျပ်လွန်းတာကြောင့် အရေပြားဟာ လေကောင်းကောင်း မရဘဲ ယားယံကာ ဝက်ခြံတွေ ထွက်စေပါတယ်။

    ကိုယ်လက်လေ့ကျင့်ခန်း

    အားကစား သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုတွေကြောင့် ချွေးများများထွက်လာတဲ့အခါ အရေပြား ပေါ်က အဆီတွေ၊ ဖုန်မှုန့်အညစ်အကြေးတွေနဲ့ ရောနှောပြီး ချွေးပေါက်တွေမှာ ပိတ်ဆို့စေတယ်၊ ဘက်တီးရီးယားတွေ ကပ်တွယ်စေတယ်။ အဲဒီကနေ ဝက်ခြံတွေ ဖြစ်လာစေနိုင်ပါတယ်။

    ဒါ့ကြောင့် ချွေးများများထွက်ပြီးတိုင်း အဝတ်အစားလဲပါ၊ သန့်စင်ပါ။ အားကစားလုပ်ထားရင် ရေချိုးသန့်စင်ပါ။

    ရေချိုးချိန်

    ရေချိုးတဲ့ အခါ ကျောပြင်ဘက် အခြမ်းက ပွတ်တိုက်သန့်စင်ဖို့ မလွယ်တာကြောင့် ဆပ်ပြာသေချာ မတိုက်မိတာ၊ ချေးမပြောင်တာ တွေ ရှိနိုင်ပါတယ်။ အဲဒီကနေ ချွေးပေါက်မှာ ဘက်တီးရီးယားတွေ ကပ်တွယ်ပြီး ဝက်ခြံထွက်စေနိုင်တယ်။ ဒါ့ကြောင့် ကျောဘက် ဝက်ခြံပေါက်တတ်သူတွေ ရေချိုးတဲ့အခါ ကျောဘက်ကို တိုက်ဖို့ ချေးတွန်းဝတ် သုံးဖို့ သင့်ပါတယ်။

    အိပ်ရာ အခင်းများ

    ဝက်ခြံတွေ ဖြစ်စေတဲ့ အကြောင်းရင်းထဲမှာ သိပ်သတိမထားမိကြတဲ့ အချက်က အိပ်ရာ အခင်းတွေပါ။ ခေါင်းအုံးစွပ်၊ အိပ်ရာခင်း၊ စောင်တွေမှာ အညစ်အကြေးတွေ၊ ချွေးအဆီတွေ ကပ်နေတတ်ပြီး အိပ်တဲ့အခါ ခန္ဓာကိုယ်ကို ထိတွေ့မိနေတာကြောင့် ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။

    ဘယ်လို ကုစားကြမလဲ

    ဒီအတွက် အလွယ်ဆုံးနဲ့ ပါဝင်ပစ္စည်း ရှာရအလွယ်ဆုံး နည်းလမ်းလေးတွေ ပြောပြပေးမယ်နော် –

    (၁) မုန့်ဖုတ်ဆိုဒါ

    မုန့်ဖုတ်ဆိုဒါက အသားအရေကို ရေဓာတ် ထိန်းညှိပေးပြီး ဝက်ခြံတွေကို ပျောက်ကင်းစေပါတယ်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း (၄) ဇွန်းကို ရေလေး နည်းနည်း နဲ့ ရောပြီး ခပ်ပျစ်ပျစ်လေး မွှေပါ။ နောက်တော့ ဝက်ခြံရှိတဲ့ နေရာတဝိုက်မှာ တို့လိမ်းထားပေးပြီး မိနစ်အနည်းငယ် ကြာမှ ရေဆေးချပါ။

    (၂) ပန်းသီးရှာလကာရည်

    ပန်းသီးရှာလကာရည်က ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး အသားအရေကို ကြည်လင်အောင် အားဖြည့်ပေးနိုင်တာမို့ ကျောဘက်က ဝက်ခြံတွေ ပျောက်ကင်းစေပါတယ်။ ကျောဘက်ရှိ ဝက်ခြံတွေနေရာမှာ ပန်းသီးရှာလကာရည်နဲ့ ရေကိုဆတူရောပြီး သုတ်လိမ်းထားပေးပါ။ ညမအိပ်ခင် လိမ်းရင် ပိုကောင်းပါတယ်။ နောက်မှ ရေဆေးချပါ။ တပတ်ကို (၃) ကြိမ်လောက်လုပ်မယ်ဆိုရင် ပျောက်ကင်းသွားမှာပါ။

    (၃) ပျားရည်

    ပျားရည် ကတော့ အစိုဓာတ်ကို ထိန်းပေးတာမို့ အသားအရေကို ချောမွေ့စေပါတယ်။ ပျားရည်ကို အုတ်ဂျုံမှုန့်လေး နည်းနည်းနဲ့ ရောပြီး ဝက်ခြံ ရှိတဲ့ နေရာမှာ လိမ်းပြီး အအေးခံပါ။ ခြောက်သွားမှ ရေအေးလေးနဲ့ ဆေးပါ။ မိနစ်(၂၀) လောက်တော့ ကြာအောင် ထားပါ။

    (၄) ရှားစောင်းလက်ပပ်

    ရှားစောင်းလက်ပပ်ကို အပြင်ခွံတွေ လှီးပြီး အတွင်းပိုင်း ဂျယ်လ်လေးနဲ့ ယူလိုက်ပါ။ နောက်တော့ ဝက်ခြံ ရှိတဲ့ နေရာမှာ ကပ်ထားပါ။ ခြောက်သွားမှ ရေအေးအေးလေး ဆေးချပါ။

    ဒီဆောင်းပါးလေး ဖတ်ပြီးရင်တော့ ကျော နဲ့ ခါး မှာ ပေါက်တဲ့ ဝက်ခြံတွေကို နှုတ်ဆက် တာ့တာပြလိုက်တော့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 30/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement