နောက်ပြီး OCD ကြောင့် ဖြစ်လာတဲ့ ဝက်ခြံတွေက သိသာပါတယ်။
- အရွယ်မျိုးစုံ ဖြစ်မယ်။ ဝက်ခြံမြင်တာနဲ့ ညှစ်တာကြောင့် သေးတာရော၊ ကြီးတာရော ရှိတတ်ပါတယ်။
- ပုံစံကလည်း မျိုးစုံပါပဲ။
- လက်လှမ်းမီတဲ့ နေရာက ဝက်ခြံတွေမှာ အတွေ့ရများပါတယ်။ ညှစ်ဖို့၊ ကုတ်ဖဲ့ဖို့ လက်လှမ်းမီလို့ပါ။
- အတွေ့ရအများဆုံးကတော့ မျက်နှာပါ။ ပြီးရင် ဦးရေပြား၊ ကျောဆိုရင်လည်း လက်လှမ်းမီတဲ့ အပေါ်ပိုင်း၊ လက်မောင်း စတာတွေမှာ တွေ့ရတတ်ပါတယ်။
- ခဏခဏ ကုတ်ဖဲ့နေတာကြောင့် အနာတွေ၊ ရုပ်ဆိုးဆိုး အမာရွတ်တွေ၊ ဝက်ခြံချိုင့်ခွက်တွေ၊ အသားရောင် မညီဘဲ အမည်းစက်တွေ ထွက်လာတတ်ပါတယ်။
ဝက်ခြံမညှစ်ရမနေနိုင်တဲ့ ပြဿနာကို ဘယ်လိုကုသနိုင်မလဲ။
ကုသတဲ့ နေရာမှာ ဝက်ခြံကိုလည်း ကုသရမှာ ဖြစ်သလို မညှစ်ရမနေနိုင်တဲ့ စိတ်ပြဿနာကိုပါ ကုသရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပြဿနာရှိတဲ့ လူနာတွေက ရှက်လို့ ဒါမှမဟုတ် မသိလို့ ကုသမှု ခံယူဖို့ ဝန်လေးကြပါတယ်။
သူတို့ကို စကုမယ်ဆိုရင် အရင်ဆုံး စိတ်ရောဂါအခံရှိနေလားဆိုတာကို ရှာဖွေရပါတယ်။ ဥပမာ OCD လိုမျိုး မလုပ်ရမနေနိုင်တာမျိုးပေါ့။ ဒါမှမဟုတ် စိတ်ကျရောဂါ ရှိနေတာလား။ စိုးရိမ်ပူပန်မှုတွေ များနေတာလား စသဖြင့် အကြောင်းရင်းပေါ် မူတည်ပြီး ကုသပေးရပါတယ်။
နောက်တစ်ခုက ဝက်ခြံပြဿနာပါ။ အရင်က ဝက်ခြံကို ကုတ်ဖဲ့ထားတာကြောင့် အနာတွေ၊ အမာရွတ်တွေ ကျန်ခဲ့ရင် ကုသရပါမယ်။ တစ်ဆက်တည်းမှာပဲ နောက်ထပ် ဝက်ခြံမပေါက်အောင် ထိန်းရပါမယ်။ မဟုတ်ရင် စိတ်မနိုင်ဘဲ သွားသွားညှစ်မိနေပါလိမ့်မယ်။ ဝက်ခြံတွေကို လွယ်လွယ်ကူကူ သတိမထားမိအောင် acne patch ကပ်တာမျိုး၊ မှန်ခဏခဏ မကြည့်တာမျိုးတွေလည်း လုပ်နိုင်ပါတယ်။
လတ်တလောမှာ စိတ်ဖိစီးပြီး စိုးရိမ်ပူပန်မှုများတာကြောင့်ဆိုရင်တော့ ကုသရလွယ်ပါတယ်။ ဒီလိုပဲ အကျင့်တစ်ခုလို ဖြစ်နေတာဆိုရင်တော့ အချိန်လိုပါတယ်။ ပြန်ပြီးလည်း ဖြစ်တတ်ပါတယ်။ ကုသပြီးရင်တောင် ဝက်ခြံတွေ့ရင် မသိလိုက်ဘဲ သွားပြီး ကုတ်ဖဲ့ချင်စိတ်လေး ရှိနေတတ်ပါသေးတယ်။ ဒါကြောင့် အကျင့်ကိုပါ ပြင်ပေးဖို့ လိုပါတယ်။
အနှစ်ချုပ်
Acne excoriee ဆိုတာ ဝက်ခြံမညှစ်ရ မနေနိုင်တဲ့ စိတ်ရောဂါကြောင့် ဖြစ်လာတဲ့ ဝက်ခြံတွေပါ။ ကုသတဲ့ နေရာမှာ ဝက်ခြံရော၊ စိတ်ရောဂါကိုပါ ကုသရမှာပါ။ လူနာအများစုက ရှက်ပြီး ကုသမှု ခံယူဖို့ ဝန်လေးတတ်ပါတယ်။ ဒီဝက်ခြံပြဿနာက သေချာအချိန်ပေးပြီး ကုတ်ဖဲ့တတ်တဲ့ အကျင့်ကိုပါ ကုသရမှာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။