brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လိင်ဆက်ဆံချိန် ဘယ်လောက်ကြာ သင့်လဲ

လိင်ဆက်ဆံတဲ့အခါ မိနစ်ပိုင်းလောက်နဲ့ ပြီးသွားတာရှိသလို နာရီပိုင်းလောက် ကြာတဲ့သူလည်း ရှိမှာပါ။ ဒီမှာ မေးလာကြတာက လိင်ဆက်ဆံချိန် ဘယ်လောက်ကြာ သင့်လဲ ဆိုတာပါ။ လိင်ဆက်ဆံချိန် ကြာလွန်း ဒါမှမဟုတ် မြန်လွန်းတာက ကျန်းမာရေးအရ ဘယ်လိုသက်‌ရောက်မှုတွေ ဖြစ်လာနိုင်သလဲ။

လိင်ဆက်ဆံချိန် ဘယ်လောက်ကြာ သင့်လဲ

လိင်ဆက်ဆံချိန် ဘယ်လောက်ကြာ သင့်လဲ

လိင်ဆက်ဆံချိန် ဆိုတာက မိန်းမကိုယ် ဒါမှမဟုတ် စအိုထဲကို စပြီးထိုးသွင်းဆက်ဆံချိန်ကနေ ပြီးမြောက်ချိန်အထိပဲ ဖြစ်ပါတယ်။ ရှေ့ပိုင်းမှာ ကိုယ်လက်နှီးနှောတာတွေ မပါပါဘူး။

စုံတွဲ ၅၀၀ပါဝင်တဲ့ လေ့လာချက်တစ်ခုမှာ စတင်ထိုးသွင်းချိန်ကနေစပြီး ပြီးမြောက်ချိန်အထိကို တစ်လတိတိ မှတ်တမ်းပြုခိုင်းထားပါတယ်။ ရလဒ်ကတော့ သူတို့တွေရဲ့ လိင်ဆက်ဆံချိန်က ၃၃စက္ကန့်ကနေ ၄၄မိနစ်အထိ ကြာတာကို တွေ့ရပါတယ်။

မိန်းမကိုယ်နဲ့ ဆက်ဆံတာကတော့ အကြမ်းအားဖြင့် ၃မိနစ်ကနေ ၇မိနစ်အထိ ကြာတာကို တွေ့ရပါတယ်။

၂၀၀၈ခုနှစ်မှာ USနဲ့ ကနေဒါက လိင်ပိုင်းဆိုင်ရာပညာရှင်တွေကို‌ မေးမြန်းချက်အရ လိင်ဆက်ဆံတဲ့အခါ ကြာချိန်တဲ့ပတ်သက်ပြီး ဒီလိုမှတ်ချက်ပေးကြပါတယ်။

  • ၃မိနစ်နဲ့ ၇မိနစ်ကြား >> လုံလောက်
  • ၇မိနစ်နဲ့ ၁၃မိနစ်ကြား >> လက်ခံနိုင်
  • ၁၀မိနစ်ကနေ မိနစ်၃၀ >> အချိန်ကြာလွန်း

တစ်ခုရှိတာက ဒါက မိန်းမကိုယ်နဲ့ ဆက်ဆံတာကို ပြောထားတာ ဖြစ်ပြီး တခြားနည်းနဲ့ လိင်ဆက်ဆံတာကို ဆိုလိုခြင်း မဟုတ်ပါဘူး။

မြန်တာ ကောင်းသလား၊ နှေးတာ ကောင်းသလား

မြန်မြန်ပြီးလို့ မကောင်းဘူး။ ဖြည်းဖြည်းပြီးမှ ကောင်းတယ်ဆိုတဲ့ သတ်မှတ်ချက် မရှိပါဘူး။ ခုပြောတဲ့ အချိန်တွေကလည်း ပညာရှင်တွေရဲ့ မှတ်ချက်နဲ့ စုံတွဲတွေရဲ့ အတွေ့အကြုံပေါ် မူတည်ပြီး ထွက်လာတာ ဖြစ်ပါတယ်။

တကယ် လက်တွေ့မှာတော့ အတူနေမယ့် စုံတွဲတွေရဲ့ သဘောထားကသာ အရေးကြီးဆုံးပါ။ မိနစ်ပိုင်းလောက်ပဲ ကြာပေမယ့် နှစ်ဦးနှစ်ဖက်မှာ လိင်စိတ်ကျေနပ်မှု အပြည့်အဝရတယ်ဆိုရင် ပြဿနာမရှိပါဘူး။ အကြာကြီး နေပေမယ့် စိတ်မပါဘူး။ နာကျင်နေရမယ်ဆိုရင်လည်း မဟုတ်သေးပါဘူး။

ဒါကြောင့် လိင်ဆက်ဆံတဲ့ ကြာချိန်ထက်စာရင် အတူနေတဲ့အခါ နှစ်ဦးသား အဆင်ပြေမှု ရှိမရှိဆိုတာက ပိုအရေးကြီးပါတယ်။ တကယ်အဆင်ပြေမပြေဆိုတာကိုလည်း အချင်းချင်း ပွင့်ပွင့်လင်းလင်းဖွင့်ပြောဖို့ လိုပါတယ်။

လိင်ဆက်ဆံတဲ့ ကြာချိန်ကို ဒီအချက်တွေကလည်း လွှမ်းမိုးနေပါသေးတယ်

  • အသက်

အသက်ကြီးလာလေလေ သက်လုံကျလာလေလေ ဖြစ်တာကြောင့် ကြာကြာမဆက်ဆံနိုင်တော့တာ သဘာဝပါ။ အမျိုးသားတွေမှာဆိုရင် လိင်တံထောင်မတ်နိုင်စွမ်းကျလာနိုင်သလို အမျိုးသမီးတွေဆိုရင်လည်း မိန်းမကိုယ်‌ခြောက်သွေ့တာ၊ လိင်စိတ်နည်းတာတွေ ဖြစ်လာနိုင်ပါတယ်။

  • ပတ်ဝန်းကျင်အခြေအနေ

ဥပမာ ကလေးတွေ ရှိတာကြောင့် မြန်မြန်ဆန်ဆန် လုပ်လိုက်ရတဲ့သူတွေ ရှိသလို ဟန်းနီးမွန်းအချိန်မှာ တစ်ညလုံး အချိန်ရသူတွေလည်း ရှိပါတယ်။

  • လိင်ပိုင်းဆိုင်ရာ ပြဿနာများ

အတူနေတဲ့အချိန်မှာ လိင်အင်္ဂါကနာတာ၊ သုက်လွှတ်စောတာ၊ သုက်လွှတ်ဖို့ ကြာနေတာ စတဲ့ ပြဿနာတွေ ရှိနေရင်လည်း လိင်ဆက်ဆံချိန်ကြာတာ၊ မြန်တာ ဖြစ်နိုင်ပါတယ်။

လိင်ဆက်ဆံချိန် မြန်ချင်သူများအတွက်

အချိန်သိပ်မရလို့ မြန်မြန်ဆက်ဆံရမယ်။ ဒါပေမယ့် လိင်စိတ်ဆန္ဒလည်း ပြည့်ဝချင်တယ်ဆိုရင်

တစ်ကိုယ်ရည်အာသာဖြေပြီး ပြီးမြောက်ခါနီးကျမှ အဖော်နဲ့ဆက်ဆံတာ၊ ကိုယ့်စိတ်ဆန္ဒကို လှုံ့ဆော်ပေးနိုင်တဲ့ နေရာတွေကို ကြိုတင်နှိုးဆွထားတာက မြန်မြန်ပြီးနိုင်မယ့် နည်းလမ်းတစ်ခုပါ။

  • ပွင့်ပွင့်လင်းလင်း ရှိပါ

သင်ဘာလိုချင်လဲ၊ ဘယ်လိုလုပ်ရင် စိတ်ဆန္ဒတွေ ပိုဖြစ်လဲဆိုတာကို အဖော်ကို ပွင့်ပွင့်လင်းလင်း ပြောပြထားဖို့ လိုပါတယ်။

ဘယ်လိုပုံနဲ့ ဆက်ဆံရင် မြန်မြန်ပြီးမြောက်လဲဆိုတာ သင်အသိဆုံးပါ။ ခပ်နက်နက် ထိုးသွင်းဆက်ဆံတဲ့ ပုံစံမျိုးတွေ၊ သင်ရော သင့်အဖော်ရော စိတ်ပါပေမယ့် ပုံစံမျိုးတွေက မြန်မြန်ပြီးမြောက်ဖို့ အကူအညီဖြစ်ပါလိမ့်မယ်။

လိင်ဆက်ဆံချိန် ကြာချင်သူများအတွက်

ဒါဆိုရင်တော့ မြန်မြန်မပြီးမြောက်အောင် ထိန်းချုပ်ရမှာဖြစ်ပါတယ်။

  • The squeeze technique

ဒါက သုက်မလွှတ်အောင် လက်နဲ့ ထိန်းလိုက်တဲ့ နည်းလမ်းပါ။ သုက်လွှတ်ချင်လာပြီဆိုတာနဲ့ လိင်တံကို ညှစ်လိုက်တာ ဖြစ်ပါတယ်။

ဒီလိုလုပ်လိုက်တာက လိင်တံထောင်မတ်တာကို အနည်းငယ်ကျသွားစေပြီး ပြီးချင်စိတ် လျော့သွားပါတယ်။ ဒီနည်းလမ်းက သုက်လွှတ်မမြန်အောင် ချုပ်ထိန်းစေနိုင်ပါတယ်။

  • The stop-start method

ဒါက နောက်ထပ် နည်းလမ်းတစ်ခုပါ။ အမျိုးသား လိင်တံကို စိတ်ကြွပြီး ပြီးမြောက်ခါနီးပြီဆိုရင် ရပ်ပြီး သုက်လွှတ်ချိန်စိတ်ကို လုံးဝပျောက်သွားတဲ့အထိ စောင့်လိုက်တာပါ။

စိတ်ထဲမှာ ငြိမ်သွားပြီဆိုမှ အတူပြန်နေတာပဲ ဖြစ်ပါတယ်။

လိင်ဆက်ဆံချိန် ဘယ်လောက်ကြာရမလဲဆိုတဲ့ သတ်မှတ်ချက်တွေရှိပေမယ့် အရေးကြီးဆုံးက ကိုယ်နဲ့ ကိုယ့်အဖော် စိတ်ကျေနပ်ဖို့ပါ။ မြန်မြန်ပဲ ဆက်ဆံ၊ ကြာကြာပဲ ဆက်ဆံ နှစ်ဦးကြားမှာ ပြဿနာမရှိဘူးဆိုရင် အချိန်ဆိုတာ အရေးမကြီးတော့ပါဘူး။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/11/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။