လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် စိုးရိမ်စိတ်တွေ၊ စိတ်ဖိစီးမှုတွေက တကယ့် အကြီးမားဆုံး ရန်သူတွေပါပဲ။ စိတ်ညစ်နေတဲ့အချိန်ဆိုရင် လူတိုင်းက ဘာမှ လုပ်ချင်ကိုင်ချင်စိတ်တွေ မရှိတော့ဘဲ၊ အိပ်ရာထဲမှာပဲ ခွေခွေလေးနေပြီး ဘဝကြီးကို စိတ်ကုန်နေတတ်တာ သဘာဝပါ။ အထူးသဖြင့် ခုလိုမျိုး ကပ်ဘေးကာလမှာ လူတိုင်းက ရောဂါပိုးကူးစက်ခံရမှာ ကြောက်တဲ့စိတ်တွေ၊ မိသားစုအတွက် ပူပန်ရတဲ့ စိုးရိမ်စိတ်တွေ၊ အလုပ်အကိုင်ပျက်၊ ဝင်ငွေမရှိတော့လို့ ညစ်နေတဲ့ စိတ်တွေဟာ လိင်ဆက်ဆံဖို့ စိတ်ပျောက်ဆုံးသွားလောက်တဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ လိင်စိတ် ပျောက်ဆုံးသွားတာမျိုးပေါ့။
ကပ်ဘေးကာလ စိုးရိမ်မှုတွေကြောင့် လိင်စိတ်ပျောက်ဆုံးသွားခြင်း
တစ်ကိုယ်တည်းနေပြီး ချစ်သူရည်းစား၊ အိမ်ထောင်ဖက် မရှိတဲ့ ယောက်ျားလေး အများစုကတော့ ဒါကို လက်ခံချင်မှ လက်ခံပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေရဲ့ သဘာဝက လုပ်စရာမရှိ၊ ကိုယ့်အခန်းထဲမှာပဲ တစ်ယောက်တည်း ဖြစ်နေတဲ့အချိန် လိင်စိတ်ပိုထန်တတ်တာ သဘာဝပဲကိုး။ လူငယ်တွေ ဖြစ်နေပြန်တော့ အချိန်တန်ရင် ပြီးသွားမှာပဲ ဆိုပြီး အပူအပင်မရှိ၊ အနားရတဲ့အချိန်လေးပဲဆိုပြီး ဒီအချိန်မှာ လုပ်ချင်တာ အကုန်လုပ်တတ်တာကြောင့်လည်း ပါမှာပါ။ မိသားစုလိုက် နေရတဲ့သူတွေ၊ မိသားစုဘက်ကို အမြဲတွေးပူနေရတဲ့သူတွေအတွက်တော့ ဒီလို စိတ်လွတ်လက်လွတ် ဖြစ်ချင်မှ ဖြစ်မှာပါ။
အဓိက လိင်စိတ်နည်းသွားရတဲ့၊ လိင်မဆက်ဆံဖြစ်တော့တဲ့ အကြောင်းရင်းတွေကို ပြောရမယ်ဆိုရင်
၁။ Covid-19 ကို စိုးရိမ်ပူပန်ရတဲ့ စိတ်တွေက ကိုယ့်ရဲ့ လိင်စိတ်ကို ကျော်သွားပြီး အနိုင်ယူလိုက်တာက အဓိကပါ။ ကိုယ့်ကိုယ်ကိုယ်ထက် ကိုယ့်မိသားစု၊ ကိုယ်ချစ်ရတဲ့ ဇနီး၊ ခင်ပွန်း၊ ကလေးတွေကို ပြန်ကူးမလား၊ အထူးသဖြင့် စားဝတ်နေရေးကြောင့် အပြင်ထွက် ဈေးဝယ်နေရတဲ့သူတွေ၊ ရုံးတက်နေရသေးတဲ့ သူတွေဆိုရင် ပိုပြီးတောင် ခံစားနေရနိုင်ပါတယ်။
၂။ အပြင်မထွက်၊ လေ့ကျင့်ခန်းမလုပ်၊ အစာအာဟာရကို ဂရုမစိုက်ဖြစ်တဲ့အခါ လိင်စိတ်ဆန္ဒကို ဖြစ်ပေါ်စေတဲ့ လိင်ဟော်မုန်းတွေ ထုတ်လုပ်မှု နည်းသွားပါတယ်။ ဒီ ဟော်မုန်းတွေ နည်းလာတဲ့အခါ လိင်စိတ်ကျသွားတာအပြင် အိုမင်းရင့်ရော်လာခြင်း၊ ကြွက်သားထု ဆုံးရှုံးခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ စိတ်ဖိစီးမှုတွေ ပိုများလာခြင်း၊ စိတ်မတည်ငြိမ်တော့ခြင်းတွေ ဖြစ်နိုင်ပါတယ်။
၃။ ပုံမှန်အချိန်တွေမှာ မိသားစု စုံလင်ကြတာ မနက်ခင်း အစောပိုင်း၊ ညနေဘက်နဲ့ ပိတ်ရက်တွေလောက်ပဲ ရှိတတ်ကြတာပါ။ ဒီလို ကပ်ဘေးကာလမှာတော့ အကုန်လုံးက အိမ်မှာပဲ နေနေရတာဖြစ်တဲ့အတွက် မိသားစု၊ လင်မယား ပဋိပက္ခ ပိုဖြစ်နိုင်ပါတယ်။ လူများရင် ပိုပြီးစိတ်ရှုပ်တတ်တဲ့သူတွေဆိုရင် အပြင်လည်း မသွားရဘဲ အိမ်ထဲမှာ ဒီလူတွေကိုပဲ နေ့တိုင်း မြင်နေရတဲ့အခါ ပိုပြီးတောင် စိတ်အနှောင့်အယှက်ဖြစ်ပြီး လိင်ဆက်ဆံလိုစိတ်တွေ နည်းသွားနိုင်ပါတယ်။
၄။ သားသမီး မလိုချင်သေးတာ၊ မလိုချင်တော့တဲ့ စုံတွဲတွေ၊ အိမ်ထောင်သည်တွေ ဆိုရင် အပြင်ထွက်ပြီး လိုအပ်တဲ့ အကာအကွယ် ကွန်ဒုံးတွေ ဝယ်လို့ မရတာကြောင့်လည်း လိင်ဆက်ဆံဖို့ မရဲတော့တာ ဖြစ်နိုင်ပါတယ်။ တချို့ဆေးခန်း၊ ဆေးဆိုင်တွေဆိုရင် ခုလိုအချိန်ထိတောင် ဆိုင်မဖွင့်သေးတာမျိုးတွေ ရှိတဲ့အတွက် ဝေးဝေးမသွားလိုတဲ့ သူတွေဆိုရင် ဆေးတွေ၊ လိုအပ်စရာတွေ ဝယ်ခြမ်းဖို့တောင် အခက်အခဲ ဖြစ်နေနိုင်ပါတယ်။
၅။ နေရောင်ခြည်နဲ့ ထိတွေ့မှုက နည်းသွားတဲ့အခါ ခန္ဓာကိုယ်က ဗီတာမင် ဒီဓာတ် လုံလောက်စွာ မရတော့တာကြောင့် အရေပြားနဲ့ စိတ်ကျန်းမာရေးက ထိခိုက်နိုင်ပါတယ်။ စိတ်က မကြည်ရင် ဘယ်သူကမှ လိင်ဆက်ဆံချင်စိတ် ဖြစ်နေမှာ မဟုတ်ပါဘူးနော်။
ငြိမ်းမလိုဖြစ်နေတဲ့ ကာမစိတ်တွေကို ဘယ်လို ပြန်နှိုးဆွပေးမလဲ။
၁။ အိမ်ထောင်သည်၊ အတူနေ စုံတွဲတွေအနေနဲ့ နှစ်ဦးသား အတူ စာဖတ်တာ၊ ရုပ်ရှင်ကြည့်ပြီး ရယ်မောတာ၊ စကားပြောတာတွေကို လုပ်ပေးလို့ ရပါတယ်။
၂။ စိတ်ညစ်တာတွေအတွက် အိမ်ထဲမှာပဲ လမ်းလျှောက်တာ၊ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ တရားထိုင်တာမျိုးနဲ့ ကိုယ့်ရဲ့ ညစ်နေတဲ့ စိတ်တွေကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားကြည့်ပါ။
၃။ ကပ်ဘေးကြောင့် အရမ်းကြီး စိတ်ညစ်နေမယ့်အစား ကိုယ့်မိသားစုနဲ့ အတူ သံယောဇဉ်လေးတွေ တည်ဆောက်လို့ ရတယ်၊ အတူ ထမင်းလက်စုံ စားလို့ ရတယ်၊ စကားပြောလို့ ရတယ် စသဖြင့် အကောင်းဘက်ကနေ ပြန်တွေးကြည့်ပါ။
၄။ အာဟာရ မဖြစ်တာထက် နေ့စဉ်အာဟာရကို လုံလုံလောက်လောက် ရနိုင်စေလောက်မယ့် အချိန်သိပ်မကုန်၊ အလုပ်မရှုပ်တဲ့ ဟင်းလျာတွေကို ရွေးချက်ပေးပါ။
၅။ ကိုယ်ချစ်ရတဲ့ ဇနီး၊ ခင်ပွန်းနဲ့ ပွေ့ဖက်တာ၊ နမ်းရှုံ့တာ၊ နှိပ်ပေးတာ၊ ကြင်နာတဲ့ စကားလေးတွေ ပြောတာ အစရှိသဖြင့် လက်ပွန်းတသီး နေပေးပါ။
၆။ အပြာရုပ်ရှင်တွေကို အတူကြည့်တာမျိုး၊ ထိုးသွင်းဆက်ဆံခြင်း မပါဘဲ နှစ်ဦးသား အတူ အာသာဖြေတာ၊ လိင်အင်္ဂါကို နှိုးဆွပေးတာမျိုးလည်း လုပ်ပေးလို့ ရပါတယ်။
ကပ်ဘေးကာလကြောင့် လိင်စိတ်နည်းပါးခြင်းဟာ ရေရှည်ပြဿနာ မဟုတ်ဘူးဆိုပေမယ့် ဒီအတိုင်း အမှုမဲ့ အမှတ်မဲ့ ထားလိုက်လို့တော့ အဆင်မပြေပါဘူးနော်။ အိမ်ထောင်ရေး သာယာဖို့အတွက် လိင်မှုကိစ္စသည် အထိုက်အလျောက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့အတွက် ကိုယ့်ရဲ့ စိတ်ကလေးကို တစ်နေရာတည်းမှာ စုစည်းဖို့ သေချာဂရုစိုက် လေ့ကျင့်ကြည့်ပါ။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
[embed-health-tool-ovulation]