backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကို ကာကွယ်ခြင်း

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


09/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကို ကာကွယ်ခြင်း

လိင်မှတဆင့်ကူးစက်တတ်သောရောဂါဆိုတာဟာ လူအချင်းချင်းလိင်ဆက်ဆံရာကနေ ရောဂါပိုး ကူးစက်ခြင်းကို ဆိုလိုပါတယ်။ ဒီနေရာမှာ ထိတွေ့ကိုင်တွယ်ခြင်းလည်း အကျုံးဝင်ပါတယ်။ အရေပြားပေါ် ထိတွေ့ခြင်းကနေလည်း ကူးစက်နိုင်လို့ ဖြစ်ပါတယ်။

ယေဘုယျအားဖြင့် လိင်မှတဆင့်ကူးစက်တဲ့ ရောဂါတွေဟာ ကာကွယ်နိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် နှစ်စဉ် သန်းနဲ့ချီပြီး ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လူတိုင်းဟာ မိမိတို့လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုပြုကြရင် ရောဂါဖြစ်ပွားခြင်းကို ကာကွယ်နိုင်ပါတယ်။

လိင်မှတဆင့်ကူးစက်တဲ့ရောဂါကို ကာကွယ်ဖို့ဆိုရင် အကောင်းဆုံးက ရောဂါပိုးရှိမယ်ထင်ရသူနဲ့ လိင်ဆက်ဆံထိတွေ့ခြင်းကနေ ရှောင်ရှားနိုင်ဖို့ပါပဲ။ ဒါဟာလည်း ပြောရခက်ပါတယ်။ လက်တွေ့မှာ ရောဂါပိုး ရှိမရှိ အပ်ကျမတ်ကျမပြောနိုင်တဲ့ အခြေအနေမှာ တခြားကာကွယ်စရာ နည်းလမ်းတွေ ထပ်မံကျင့်သုံးရပါမယ်။

လိင်ဆက်ဆံမှုမတိုင်မီ ကာကွယ်ခြင်း

ထိရောက်မှုရှိတဲ့ ကာကွယ်ခြင်းဟာ လိင်ဆက်ဆံမှုမတိုင်ခင်ကတည်းက စတင်ပါတယ်။ လိင်ဆက်ဆံခြင်းမတိုင်ခင် အောက်ပါအချက်တွေလုပ်ဆောင်ပြီး ကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

– တတ်နိုင်သလောက် လိင်ဆက်ဆံသည့် အဖော်အရေအတွက် လျှော့ချခြင်း

– မိမိဆက်ဆံမည့်အဖော်ကို မိမိ၏ အတွေ့အကြုံနှင့်ပတ်သက်ပြီး ပွင့်လင်းစွာပြောပြထားခြင်း

– ရောဂါရှိ၊မရှိကြိုတင်စစ်ဆေးခြင်း

– အရက်မူးနေချိန်၊ မူးယစ်ဆေးသုံးနေချိန် လိင်ဆက်ဆံမှုအား ရှောင်ရှားခြင်း

– human papillomavirus (HPV) ကာကွယ်ဆေးနှင့် hepatitis B (HBV) ကာကွယ်ဆေးထိုးထားခြင်း

လိင်မှုဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်ပြီး မိမိအဖော်နဲ့ ပွင့်လင်းစွာပြောဆိုခြင်းဟာ အဓိကအချက်ပါပဲ။ ဒါပေမယ့် ကူးစက်ရောဂါရှိနေတဲ့လူတိုင်းဟာ သူတို့ကူးစက်ခံထားရကြောင်း မသိကြပါဘူး။

တကယ်လို့ သင့်အနေနဲ့ ရောဂါရှိဖူးတယ်ဆိုရင် မိမိအဖော်ကို ပွင့်လင်းစွာပြောပြပါ။ တစ်ဖက်သားရဲ့ ဆုံးဖြတ်ချက်ကိုလည်း အလေးပေးပါ။

ဘေးကင်းစိတ်ချရသော လိင်ဆက်ဆံမှုပြုခြင်း

ဘေးကင်းစိတ်ချရတဲ့ လိင်ဆက်ဆံမှုအတွက် ရာဘာ ဒါမှမဟုတ် ပေါ်လီယူရီသိန်းနဲ့ ပြုလုပ်ထားတဲ့ အကာအကွယ်တွေ သုံးနိုင်ပါတယ်။ သုံးနိုင်တဲ့ အကာအကွယ်အမျိုးအစားတွေကတော့

– ပုံမှန်လိင်ဆက်ဆံခြင်းအတွက် အမျိုးသား/အမျိုးသမီး ကွန်ဒုံးသုံးခြင်း

– ပါးစပ်နှင့် လိင်ဆက်ဆံခြင်းအတွက် ပုံမှန်ကွန်ဒုံး (သို့) ပါးစပ်အကာအကွယ် (dental dam) သုံးခြင်း

– လက်ဖြင့်ထိတွေ့နှိုးဆွခြင်းအတွက် လက်အိတ်သုံးခြင်း စတာတွေ ဖြစ်ပါတယ်။

လိင်ဆက်ဆံပြီးချိန်မှာ ရေဆေးခြင်းဟာ အရေပြားပေါ်က ရောဂါပိုးတွေကို ဆေးကြောဖယ်ရှားရာ ရောက်ပါတယ်။ အမျိုးသမီးတွေဆိုရင် အတူနေပြီးချိန် ဆီးသွားသင့်ပါတယ်။ ဆီးလမ်းကြောင်းမှတဆင့် ပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ကွန်ဒုံးကို မှန်ကန်စွာ အသုံးပြုခြင်း

ကွန်ဒုံးအပါအဝင် အကာအကွယ်ပစ္စည်းများကို အသုံးပြုရာမှာ ညွှန်ကြားချက်တွေကို သေချာစွာ လိုက်နာဖို့ အရေးကြီးပါတယ်။ ကွန်ဒုံးအသုံးပြုရာမှာ အောက်ပါအချက်တွေကို သတိပြုသင့်ပါတယ်။

• ရက်လွန်ခြင်း ရှိမရှိစစ်ဆေးပါ

• ကွန်ဒုံးအိတ်အတွင်း လေခိုခြင်း၊ ပေါက်ပြဲခြင်း ရှိမရှိ စစ်ဆေးပါ

• မှန်ကန်စွာဝတ်ဆင်ပါ

• ထိပ်ဖျားမှာ လေခိုတဲ့နေရာလေး ချန်ထားပါ

• ကွန်ဒုံးကို သူ့အလိပ်လိုက်အတိုင်းဖြေချပါ

• ကွန်ဒုံးအတွက် အဆင်ပြေတဲ့ ချောဆီသုံးပါ

• ဆက်ဆံပြီးချိန် ပြန်ဆွဲထုတ်ချိန်မှာ ကွန်ဒုံးကို လက်နဲ့ထိန်းထားပါ။ ကျွတ်မထွက်အောင် ဖြစ်ပါတယ်

• ကွန်ဒုံးကို သေချာစွာ စွန့်ပစ်ပါ

• ကွန်ဒုံးတစ်ခုကို မသုံးရသေးခင်မှာလည်း ချွတ်ပြီး ပြန်ဝတ်ခြင်းမလုပ်ပါနဲ့

• နောက်တစ်ကြိမ် ပြန်မသုံးပါနှင့်

ကွန်ဒုံးအပါအဝင် အကာအကွယ်များဟာ ရောဂါပိုးရှိတဲ့ ကိုယ်ခန္ဓာကအရည်တွေကို အပြန်အလှန်ကူးစက်ခြင်း မဖြစ်ရအောင် ကာကွယ်ပေးပါတယ်။ အရေပြားအချင်းချင်း ထိတွေ့ကူးစက်ခြင်းကိုလည်း လျှော့ချပေးပါတယ်။ ဒါပေမယ့် လုံးဝတော့ စိတ်ချရခြင်း မရှိသေးပါဘူး။ အရေပြားကနေ ထိတွေ့ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကတော့

ကာလသားရောဂါပိုး

• ရေယုန်ရောဂါပိုး

• HPV ဗိုင်းရပ်စ်ပိုး စတာတွေ ဖြစ်ပါတယ်။

………………………………………

တိုက်တွန်းချက်

လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါဆိုတာ အဖြစ်များပေမယ့် ကာကွယ်နိုင်ပါတယ်။ ကူးစက်နိုင်ခြေကို လျှော့ချနိုင်ဖို့ ဘေးကင်းစိတ်ချရတဲ့ နည်းလမ်းတွေကို ကျင့်သုံးနိုင်ပါတယ်။ မိမိ မရှင်းလင်းတဲ့ အချက်တွေကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ မိမိရဲ့ အလေ့အထနဲ့ပတ်သက်ပြီး ပွင့်လင်းစွာ ပြောပြသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


09/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement