backup og meta

လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ သွေးသားရင်းချင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း နဲ့ကိုယ်ဝန်ဖျက်ချမှု ပြဿနာ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ သွေးသားရင်းချင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း နဲ့ကိုယ်ဝန်ဖျက်ချမှု ပြဿနာ

    မုဒိမ်းကျင့်ခံရတာကြောင့်ရတဲ့ ဒါမှမဟုတ် သွေးသားချင်းရတဲ့ ကိုယ်ဝန်မျိုးကို ဖျက်ချတာ အကောင်းဆုံးလို့ လူအများအပြားက ယူဆကြပါတယ်(လိင်အကြမ်းဖက်ခံရတာနဲ့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခံရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ သူတွေတောင်အပါအဝင်ပေါ့)။

    ဒါပေမယ့် သုတေသနပြု လေ့လာချက်တွေအရ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာကြောင့် ကိုယ်ဝန်ရှိလာတဲ့ အမျိုးသမီး အများစုဟာ ကိုယ်ဝန်ကို မဖျက်ချချင်ဖူးလို့ ဆိုပါတယ်။ ဒီလို ကိုယ်ဝန်ကို ဖျက်ချတာဟာ သူတို့ရဲ့ စိတ်ဒါဏ်ရာကို ပိုလို့တောင်ဆိုးလာစေတယ်လို့ ပြောကြပါတယ်။

    ငြင်းကြခုန်ကြတဲ့ ဘက်နှစ်ဘက်လုံးက သဘောတူကြတာကတော့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကနေ ရလာတဲ့ ကိုယ်ဝန်ကို ဖျက်ချဖို့ လိုကောင်းလိုမှာဖြစ်ပြီး ဒီလို ဖျက်ချလိုက်တာဟာ သူတို့ကို အိပ်မက်ဆိုးကြီးထဲက(ဝါ) အရိပ်မည်းကြီးထဲက ရုန်းထွက်နိုင်အောင် အထောက်အကူပေးတယ်ဆိုတဲ့ ယေဘုယျ ကောက်ချက်ကိုပဲ ဖြစ်ပါတယ်။

    ဒါပေမယ့် တကယ်တမ်းကျတော့ မိခင်နဲ့ကလေးကို လုံလောက်တဲ့ ကျန်းမာရေး၊လူမှုရေး စောင့်ရှောက်မှုပေးနိုင်ဖို့ဆိုတာ တကယ်ကိုပဲ မလွယ်ပါဖူး(လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အနေအထားမျိုးမှာတောင် အထောက်အပံ့ လုံလုံလောက်လောက်ရဖို့ မလွယ်တာပါ)။

    အမျိုးသမီးအများအပြားရဲ့ အခြေအနေတွေအရ ပြောရမယ်ဆိုရင် မိခင်နဲ့ ကလေးကို ကူညီဖေးမဖို့အတွက် ရှင်သန်မှုကို အားပေးရမှာပါ။ အကြမ်းဖက်တာ၊သတ်ဖြတ်တာတွေကို ဆက်လုပ်ပြီး ကူညီရမှာ မဟုတ်ပါဖူး။ ဒါပေမယ့် လူတွေငြင်းကြခုန်ကြ ဆွေးနွေးကြတဲ့အခါ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာကတဆင့် ကိုယ်ဝန်တကယ်ရသွားတဲ့ အမျိုးသမီးတွေအကြောင်းကို များသောအားဖြင့် ထည့်မပြောကြပါဖူး။

    လူတွေဟာ ဒီဖျက်ချသင့်တယ်၊မဖျက်ချသင့်ဖူးဆိုတဲ့ ကိစ္စကို ငြင်းခုန်ကြတဲ့အခါ (မုဒိမ်းအကျင့်ခံရပေမယ့် ကိုယ်ဝန်မရခဲ့တဲ့ အမျိုးသမီးတွေတောင် ပါတတ်ပါသေးတယ်) ဒီလိုရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းတုတ်ဆိုတဲ့ မလူးသာမလွန့်သာ အခြေအနေကို တကယ်ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေရဲ့ လက်တွေ့အခြေအနေထက် ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေ၊အကြောက်တရားတွေကိုပဲ ရှေ့တန်းတင်အခြေခံပြီး ငြင်းခုန်နေကြတဲ့အတွက် အဖြေနဲ့ ပိုပြီးဝေးစေပါတယ်။

    ကိုယ်ဝန်မဖျက်ချသင့်တဲ့ တခြားအကြောင်းတရားတွေ ရှိပါသေးတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာကနေ ရလာတဲ့ကိုယ်ဝန်ကို ဖျက်ချတာဟာ သူမတို့ရဲ့ခန္ဒ္ဓါကိုယ်နဲ့ ဗိုက်ထဲက ကလေးကို နောက်တကြိမ် အကြမ်းဖက်စော်ကားခံရတာပဲလို့ မုဒိမ်းသားကောင်ဖြစ်ခဲ့ရတာကြောင့် ကိုယ်ဝန်ရှိလာခဲ့တဲ့ အမျိုးသမီး အများစုက ယုံကြည်ပါတယ်။ ကိုယ်ဝန်ဖျက်ချလိုက်တာနဲ့ အဆင်ပြေသွားမယ်လို့ သူတို့ မယုံပါဖူး။

    ဒါ့အပြင် ဗိုက်ထဲက ကလေးရဲ့ ဖြစ်တည်မှုဟာ မမြင်ရတဲ့၊သူတို့နားမလည်နိုင်တဲ့ နောက်ခံအကြောင်းတရားတွေ ရှိလိမ့်မယ်လို့လည်း ယူဆကြပါသေးတယ်။ ကလေးက သူတို့ရဲ့ ဗိုက်ထဲကို အရက်စက်ဆုံးသော၊အယုတ်မာဆုံးသော နည်းလမ်းနဲ့ ရောက်လာတာမှန်ပေမယ့် ဒါဟာ အကြောင်းရှိလို့ အကျိုးထင်တာပဲလို့ သူတို့ခံယူကြပါတယ်။

    ကံတရားက ဒီလိုစီမံပြီဆိုမှတော့ ဒီကလေးဟာ ကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ရောက်လာတဲ့ ကလေးလည်း ဖြစ်နိုင်တာပဲလို့ တွေးတတ်ကြတာပါ။ ညစ်နွမ်းနေတဲ့ ရွှံ့နွံထဲကနေ ဖြူစင်သန့်ရှင်းတဲ့ ကြာဖြူပန်းလေးတွေတောင် ပေါက်ပွားလာတတ်တာပဲ မဟုတ်လား။

    ပြီးတော့ သူတို့ခံယူထားတတ်ကြတာက တကယ်လို့သာ ဒီကလေးကို အောင်အောင်မြင်မြင် မွေးလိုက်နိုင်ပြီဆိုရင် သူတို့အနေနဲ့ အတိတ်ကအကြမ်းဖက်ခံခဲ့ရတဲ့ အရိပ်မည်းကြီးကို အောင်နိုင်လိုက်ပြီဆိုတာပါပဲ။ ကလေးလေးကို အခက်အခဲတွေကြားထဲက မရရအောင် မွေးလိုက်တာဟာ ပျောက်ဆုံးသွားတဲ့ သူမတို့ရဲ့ ယုံကြည်မှုအားမာန်တွေကို တဖန်ပြန်ပြီး ရလိုက်သလိုပဲ ဖြစ်ပါတယ်။

    ကလေးမွေးတယ်ဆိုတာ (အထူးသဖြင့် မလိုချင်တဲ့ ကိုယ်ဝန်) တကယ်တမ်းကျတော့ လုံးဝ ကိုယ်ကျိုးမကြည့်တဲ့၊ရဲရင့်တဲ့ အပြုအမူတခုဖြစ်ပြီး သတ္တိအားမာန်၊ကြံ့ခိုင်မှု နဲ့ ဂုဏ်သိက္ခါရှိမှုတို့ရဲ့ ပြယုဂ်ပဲ ဖြစ်ပါတယ်။

    စိတ်အနာကို သက်သာစေတာလား၊ဗူးလေးရာ ဖရုံဆင့်ပေးလိုက်တာလား။

    မုဒိမ်းကျင့်ခံရပြီး ကိုယ်ဝန်ရှိလာလို့ ဖျက်ချပေးလိုက်မယ်ဆိုရင် ဒီအမျိုးသမီးအနေနဲ့ သူ့ရဲ့စိတ်ဒါဏ်ရာတွေကနေ ရုန်းထွက်နိုင်ပြီး ဘဝကို ပုံမှန်ပဲ ဆက်လက်ဖြတ်သန်းသွားနိုင်လိမ့်မယ်လို့ လူအများစုက ယုံကြည်ကြပါတယ်။

    ဒါပေမယ့် သိထားရမှာက ကိုယ်ဝန်ဖျက်ချတယ်ဆိုတာ ပုံပြင်ထဲမှာ ဂါထာရွတ်လိုက်သလို နာရီကိုပြန်လှည့်ပြီး အပျိုပြန်ဖြစ်သွားစေတာ မဟုတ်ဘဲ ဖိစီးမှုတွေ၊အနာတရတွေ၊အသက်အန္တရာယ်တွေနဲ့ ရင်ဆိုင်ရတဲ့ လက်တွေ့အဖြစ်အပျက်တခု ဖြစ်ပါတယ်။ သာမန်အမျိုးသမီးတယောက် ကိုယ်ဝန်ဖျက်ချတာတောင် အဲဒီအမျိုးသမီးရဲ့ ဘဝမှာ နက်ရှိုင်းကျယ်ပြန့်တဲ့ အကျိုးဆက်တွေရှိတယ်ဆိုတာ လက်ခံထားကြသေးရင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အမျိုးသမီးတယောက် ကိုယ်ဝန်ဖျက်ချဖို့အတွက်ဆိုရင် ဘယ်လိုအခြေအနေ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။

    သက်သေသာဓကတွေအရ သိရတာကတော့ ကိုယ်ဝန်ဖျက်ချတာဟာ စိတ်အနာကို မသက်သာစေတဲ့အပြင် ဗူးလေးရာ ဖရုံဆင့်လိုက်သလိုသာဖြစ်စေမယ်ဆိုတာပါပဲ။

    ဒါပေမယ့် ဒီကိစ္စကို ဆက်မဆွေးနွေးခင် အရင်မေးသင့်တဲ့ မေးခွန်းတခုက “လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာကြောင့် ကိုယ်ဝန်ရှိလာတဲ့ အမျိုးသမီး အများစုဟာ ကိုယ်ဝန်ဖျက်ချလိုသလား” ဆိုတာပါပဲ။

    ကာယကံရှင်က ဖျက်ချချင်လို့ မဟုတ်ဘဲ ဘေးပတ်ဝန်းကျင် ဖိအားတွေ၊အကြံပေးချက်တွေကြောင့် ကိုယ်ဝန်ဖျက်ချတာတွေ ဖြစ်နေရပါတယ်။ လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ အမျိုးသမီးတွေကို နှစ်သိမ့်အားပေးဖို့ အဓိကရည်ရွယ်တဲ့ ကျန်းမာရေးလုပ်သားတွေ၊နှစ်သိမ့်ဆွေးနွေးသူတွေကိုယ်တိုင်က ကိုယ်ဝန်ဖျက်ချဖို့ တိုက်တွန်းနေကြတာတွေကိုလည်း အတော်များများတွေ့နေရပါတယ်။

    မိသားစုက ဖိအားပေးတာတွေ၊ကိုယ်ဝန်ဆောင်ဖို့ လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေပေးဖို့ ငြင်းဆန်ခြင်းခံရတာတွေ၊ နှစ်သိမ့်ဆွေးနွေးပေးရမယ့်သူတွေက တလွဲတွန်းပို့နေတာတွေနဲ့ တခြားသော ပြဿနာတွေအားလုံးဟာ ကိုယ်ဝန်ဖျက်ချဖို့ကို ဦးတည်စေပါတယ်(ကာယကံရှင်က တကယ်တမ်း ဖျက်မချချင်ဖူးဆိုရင်တောင်ပေါ့)။

    သွေးသားရင်းချင်း ဖြစ်တဲ့ကိစ္စမျိုးတွေမှာလည်း မိန်းကလေးရဲ့ မိဘ ဒါမှမဟုတ် ကျူးလွန်တဲ့သူက ဆုံးဖြတ်ချက်ချပြီး ဖျက်ချစေပါတယ်။ မိန်းကလေးခမျာ ဝင်ပြီး ဆုံးဖြတ်ပိုင်ခွင့်တောင် မရှိပါ။ တခြားသူတွေရဲ့ ဆုံးဖြတ်ချက်ကိုပဲ လက်ခံရတာပါ။

    တချို့သော ဖြစ်ရပ်တွေမှာ ကာယကံရှင် မိန်းကလေးကိုယ်တိုင်က ကိုယ်ဝန်ကို ဆက်လွယ်ထားပါမယ်လို့ ရှင်းရှင်းလင်းလင်းပြောထားရက်နဲ့ကို ကိုယ်ဝန်ဖျက်ချခံလိုက်ရတာမျိုးတွေ ရှိနေပါတယ်။ ရှားရှားပါးပါး ဖြစ်ရပ်တွေမှာဆိုရင် မိန်းကလေးအနေနဲ့ ကိုယ်ဝန်ရှိခဲ့မှန်းတောင်မသိတာမျိုး၊ဖျက်ချခံလိုက်ရတာကို မသိတာမျိုးတွေတောင် တွေ့ရပါတယ်။

    “ဆေးပညာနဲ့မုဒိမ်းကျင့်ခြင်း”တဲ့လား။

    ဒုတိယအချက်—–ကိုယ်ဝန်ဖျက်ချလိုက်ခြင်းဟာ အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းစိတ်ဒါဏ်ရာကနေ ပိုပြီးမြန်မြန် ရုန်းထွက်လာနိုင်မယ် ဒါမှမဟုတ် အနည်းဆုံးတော့ စော်ကားအနိုင်ကျင့်ခံခဲ့ရတာကို ဒီကိုယ်ဝန်က တချိန်လုံး သတိပေးမနေတော့ဖူးလို့ လူအများစုအနေနဲ့ ယူဆကြပေမယ့် ကိုယ်ဝန်ဖျက်ချခဲ့ကြတဲ့ အမျိုးသမီးအများအပြားကတော့ ကိုယ်ဝန်ဖျက်ချခြင်းဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရတဲ့ စိတ်ဒါဏ်ရာ ခံစားချက်ကို ပိုပြီးတော့ဆိုးစေရုံပဲရှိတယ်လို့ ဖွင့်ဟခဲ့ကြပါတယ်။

    အမျိုးသမီး အများအပြားက ကိုယ်ဝန်ဖျက်ချတာဟာ မုဒိန်းကျင့်တာနဲ့ သိပ်မထူးဖူးလို့ ပုံဖော်ကြပါတယ်(တချို့များဆို “ဆေးပညာနဲ့ မုဒိန်းကျင့်ခြင်း” လို့တောင် နာမည်တပ်လိုက်သေးတယ်)။ ကိုယ်ဝန်ဖျက်ချတာဟာ အစောပိုင်းက လိင်ပိုင်းဆိုင်ရာ စော်ကားခံထားရတဲ့ စိတ်ဒါဏ်ရာကို ထပ်ဆွ၊ထပ်ပေါင်းထည့်ပေးသလို ဖြစ်လိမ့်မယ်ဆိုတာ မြင်ဖို့သိပ်လွယ်ပါတယ်။

    ကိုယ်ဝန်ဖျက်ချတဲ့အခါ မျက်နှာဖုံးတပ်ထားတဲ့ တခါမှမသိမမြင်ဖူးတဲ့ လူစိမ်းကြီးတယောက်က သူ့ရဲ့ မိန်းမကိုယ်ထဲကို ပစ္စည်းကိရိယာတွေထည့်ပြီး နာကျင်အောင် လုပ်တာပဲလေ။ သူမအနေနဲ့ ခွဲစိတ်ခုံပေါ်မှာ လဲလျောင်းနေရတဲ့အချိန်မှာ သူမခန္ဓါကိုယ်ကို သူမထိန်းချုပ်လို့မရတော့တဲ့အပြင် အခုလုပ်နေတာကို ရပ်ပေးဖို့ ပြောလည်း သူမကိုလျစ်လျူရှုတာ ဒါမှမဟုတ် အခုမှ ရပ်ဖို့တော့ အရမ်းနောက်ကျသွားပြီလို့ပဲ ပြန်ပြောခံရမှာပါ။

    ကိုယ်ဝန်ဖျက်ချခံရတာနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခံရတာကြားမှာ အင်မတန် ဆင်တူတဲ့ ခံစားမှုအတွေ့အကြုံ ရှိပါတယ်။ အထူးသဖြင့် အရင်တခါကလည်း စော်ကားခံရဖူးတဲ့ အမျိုးသမီးတွေမှာဆိုရင် တူညီမှုကို ပိုပြီးတော့ ခံစားရပါတယ်(အရင်တခါတုန်းက ကိုယ်ဝန်ရရမရရပေါ့)။

    ဒါဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့ အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန်ဖျက်ချနေတုန်းနဲ့ ကိုယ်ဝန်ဖျက်ချအပြီးမှာ စိတ်ဓါတ်ကျဆင်းဖိစီးမှုကို တခြားအမျိုးသမီးတွေထက် ဘာလို့ပိုခံစားရလဲဆိုတဲ့ အကြောင်းရင်းခံတွေထဲက တချက်မျှသာဖြစ်ပါတယ်။ ကိုယ်ဝန်ဖျက်ချထားဖူးတဲ့ အမျိုးသမီးတွေနဲ့ မုဒိန်းကျင့်ခံရဖူးတဲ့ အမျိုးသမီးတွေဟာ စိတ်ဓါတ်ကျဆင်းဖိစီးတာ၊အပြစ်ရှိတဲ့ခံစားချက်၊မိမိကိုယ်ကို ယုံကြည်တန်ဖိုးထားမှုနည်းတာ၊ အကြမ်းဖက်ချင်တဲ့ စိတ်တွေရှိလာတာ၊ယောက်ျားတွေကို ခါးခါးသီးမုန်းတာ စတဲ့ ခံစားချက်တွေကို တူညီစွာ ခံစားရတယ်လို့ ယုံကြည်ရပါတယ်။

    လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုကပေးတဲ့ စိတ်ဒါဏ်ရာကို ကုစားပေးရမယ့်အစား ကိုယ်ဝန်ဖျက်ချခြင်းဟာ ဒီဒါဏ်ရာကို ပိုလို့တောင် ဆိုးစေပါတယ်။

    ကိုယ်ဝန်ဖျက်ချဖို့ တိုက်တွန်းတဲ့၊အားပေးအားမြှောက်အကြံပေးတဲ့၊အတင်းခိုင်းတဲ့သူတွေဟာ အများအားဖြင့် ဒီလိုလိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အမျိုးသမီးတွေနဲ့ ပြောဆိုဆက်ဆံရတာ မသတီလို့ ဒါမှမဟုတ် ဒီအမျိုးသမီးကပါ အလိုတူအလိုပါနဲ့မို့ ဖြစ်တာတောင် နည်းသေးတယ် ဆိုတဲ့ သဘောမျိုးနဂိုထဲက တွေးထားသူမျိုးတွေ ဖြစ်လေ့ရှိပါတယ်။

    သွေးသားရင်းချင်း အနိုင်ကျင့်စော်ကားခံရတဲ့ ကိစ္စမျိုး

    ဒီလိုအခြေအနေက ရတဲ့ကိုယ်ဝန်ဆို ပိုလို့တောင် အရေးကြီးပါသေးတယ်။ သိထားရသလောက် သွေးသားရင်းချင်းစော်ကားခံရလို့ ကိုယ်ဝန်ရသွားတဲ့သူတွေဟာ ကိုယ်ဝန်ဖျက်ချချင်တာ အရမ်းရှားတယ်လို့ ဆိုပါတယ်။

    မလိုချင်တဲ့ ကိုယ်ဝန်လို့ စဉ်းစားမယ့်အစား ဒီကိုယ်ဝန်ဟာ သွေးသားရင်းချင်းစော်ကားခံနေရတဲ့ အဖြစ်ကနေ လွတ်မြောက်နိုင်မယ့် ထွက်ပေါက်လို့ သူတို့က မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကိုယ်ဝန်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရခြင်းရဲ့ သက်သေအထုတ်အထည်ဖြစ်တဲ့အပြင် မွေးဖွားလာမယ့် ကလေးနဲ့ သူမဟာ မေတ္တာစစ်မေတ္တာမှန်နဲ့ တည်ဆောက်ထားတဲ့ မိသားစုလေးတခုကို ဖန်တီးနိုင်မယ်လို့ ယူဆခံယူပါတယ်(အခု သူမ ပိတ်မိနေတဲ့ ဒီလူမဆန်တဲ့ အသိုင်းအဝိုင်းနဲ့ဆန့်ကျင်ဖက်ပေါ့)။

    ဒါပေမယ့် ပြဿနာက သွေးသားရင်းချင်းစော်ကားနေတဲ့ တရားခံက ဒီလိုမတွေးတာပါပဲ။ ဒီကိုယ်ဝန်ဟာ အမျိုးသမီးအတွက် ထွက်ပေါက်ဖြစ်ပေမယ့် သူ့အတွက်ကတော့ ခြိမ်းခြောက်မှုပါ၊အန္တရာယ်ပါ။ မသိချင်ယောင်ဆောင်ဖုံးကွယ်ထားတဲ့ တခြားမိသားစုဝင်တွေအတွက်လည်း သတင်းဆိုးပါ။ ဒီလို အနေအထားတွေကြောင့် တရားခံနဲ့ မိသားစုဝင်တွေဟာ အမျိုးသမီးကို ကိုယ်ဝန်ဖျက်ချဖို့ တွန်းအားပေးအတင်းစေခိုင်းကြပါတော့တယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement