backup og meta

ဗိုက်တစ်လုံးခြား ဆက်ဆံရေး

ဗိုက်တစ်လုံးခြား ဆက်ဆံရေး

ယောကျာ်းလေးတော်တော်များများကိုကြည့်လိုက်ရင် ဘီယာဗိုက်လေးတွေ ကိုယ်စီနဲ့နော်။ ဗိုက်အရွယ်အစား ကြီးတာသေးတာပဲ ကွာတယ် အနည်းနဲ့အများတော့ သောက်တတ်ကြတဲ့သူတွေချည်းပဲလေ။ ဘော်ဒါတွေ ဆုံကြမလား စကားလေးပြောရင်း မော့မယ်၊ အလုပ်တွေဖိစီးနေလား သွားဖြေလျှော့ကြမယ်၊သောကြာနေ့ရောက်ပြီလား TGIF ကြမယ်၊ အသည်းကွဲနေလား သောက်ရင်း ရင်ဖွင့်မယ်၊ ဘာမှအကြောင်းမရှိလည်း ဘားသွားထိုင်မယ် ဘာဖြစ်လဲ…အဲဒါမျိုးတွေဆိုတော့ ဘီယာဗိုက် ပိုင်ရှင်တွေ များလာရော။

ဘီယာဗိုက် ဆိုလို့ ဗိုက်ရွှဲနေတဲ့အဆင့်လောက်ကိုပဲ ရည်ရွယ်တာမဟုတ်ပါဘူး။ ဖရဲသီးဆိုဒ် မရောက်ခင် အစပျိုးကာစ သခွားမွှေးဆိုဒ်လောက် ဗိုက်အဆင့်တည်းက ကြိုတင်ကာကွယ်နိုင်ဖို့ရည်ရွယ်ပါတယ်။ ဒီဗိုက်တစ်လုံးကြောင့် လိင်ကိစ္စမှာ ထိခိုက်လာတာကိုသိရင် ကွီးတို့ ဘီယာဗိုက်ကို ဂုဏ်ယူနေမယ်မထင်တော့ပါဘူး။ ဒီတော့ ဗိုက်တစ်လုံးခြား ဆက်ဆံရေး ကြောင့် စိတ်မဆင်းရဲရအောင် ကြိုတင်ကာကွယ်လိုက်ပါတော့။

ဗိုက်တစ်လုံးခြား ဆက်ဆံရေး

ဗိုက်တစ်လုံးခြား ဆက်ဆံရေး ဆိုတာက ဘီယာဗိုက်ကြောင့် လိင်မှုကိစ္စမှာ ထိခိုက်နိုင်တဲ့ အခြေအနေကို ပြောချင်တာပါ။ ဒီတော့ ဘာတွေဖြစ်နိုင်လဲဆိုတာကို ဆက်ကြည့်လိုက်တော့နော်။

ဗိုက်အဆီနဲ့ ပန်းသေပန်းညှိုးဖြစ်ခြင်းကြားမှာ ဆက်နွယ်မှုရှိနေတယ်လို့ သုတေသနတွေကလေ့လာတွေ့ရှိထားပါတယ်။ ဘီယာဗိုက်ကြောင့် ဘယ်လိုထိခိုက်လဲဆိုတော့ လိင်တံဆီကိုသွေးရောက်ရှိမှုနည်းစေတာကြောင့်ဖြစ်ပါတယ်။ ပုံမှန်ဆို လိင်တံဆီကိုသွေးပို့တဲ့သွေးကြောတွေက ပြန့်ကားလာတဲ့အခါသွေးတွေနဲ့ပြည့်လာပြီး လိင်တံထောင်မတ်မှုဖြစ်လာတာပါ။ ထောင်မတ်မှုအတွက် လိင်တံကသွေးတွေကို ထိန်းထားပေးရမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသားတစ်ယောက်ရဲ့လိင်မှုစွမ်းဆောင်ရည်ဟာ သွေးကြောလုပ်ဆောင်ချက်စနစ်ကိုမူတည်နေတာပါ။

နောက်တစ်ချက်က သွေးကြောအားလုံးရဲ့အတွင်းဘက်မျက်နှာပြင်ဆဲလ်အမြှေးပါးလွှာ endothelium ကို ထိခိုက်စေတာပါ။ ဘီယာဗိုက်ရဲ့အဆီတွေကြောင့်endothelium ကို ထိခိုက်စေတဲ့အတွက် နိုက်ထရစ်အောက်ဆိုက်မထုတ်ပေးနိုင်တော့ပါဘူး။ နိုက်ထရစ်အောက်ဆိုက်ဆိုတာ သွေးကြောတွေပြန့်ကားစေဖို့နဲ့ထောင်မတ်မှုဖြစ်စေဖို့အတွက် ဘေးပတ်လည်ကြွက်သားတွေကို ဖြေလျှော့ပေးဖို့သတင်းပို့ရတဲ့ မော်လီကျူးတစ်မျိုးဖြစ်ပါတယ်။

ကိုယ်အလေးချိန်များနေတာကြောင့်လည်း ကျားဟော်မုန်း တက်စထရိုစတုန်းပမာဏကို လျော့စေပြီးထောင်မတ်မှုကို အားနည်းစေပါတယ်။ တက်စထရိုစတုန်းဟာ အမျိုးသားတွေမှာ အဓိကကျတဲ့ ကျားဟော်မုန်းဖြစ်ပြီး လိင်စိတ်ဖြစ်ပေါ်မှုနဲ့လိင်စွမ်းဆောင်ရည်မှာ အရေးပါပါတယ်။

  • အာရုံကြောပျက်စီးစေတယ်

လိင်ကျန်းမာရေးဟာ အာရုံကြောတွေရဲ့လုပ်ဆောင်ချက်မှာ တစ်စိတ်တစ်ပိုင်းမူတည်နေပါတယ်။ ဗိုက်ပူ၊ ဝိတ်တက်နေတဲ့အခါ ပထမတစ်ချက်က အာရုံကြောတစ်ရှူးအပေါ် ဖိအားများစေပြီး သာယာမှုအာရုံခံနိုင်စွမ်းတွေကို ဦးနှောက်ဆီသတင်းပို့နိုင်စွမ်းမှာ အကန့်အသတ်ဖြစ်စေပါတယ်။

ဒုတိယအချက်က အမျိုးအစား ၂ ဆီးချိုဖြစ်လာခဲ့ရင် အာရုံကြောတစ်ရှူးကိုထိခိုက်ပျက်စီးစေပြီး လိင်တံရဲ့ထိတွေ့အာရုံခံနိုင်စွမ်းကိုလျော့နည်းစေပြီး လိင်ဆက်ဆံတဲ့အခါ သာယာမှုခံစားနိုင်စွမ်း ပျက်ယွင်းစေပါတယ်။

  • အမောမခံနိုင်တော့ဘူး

ဗိုက်ထွက်နေတဲ့ အမျိုးသားတွေက လိင်ဆက်ဆံမှုမှာ စိတ်သွားတိုင်းကိုယ်ပါနိုင်ဖို့ အတော်ခက်ခဲလာမှာပါ။ အစပျိုးကာစ ဘီယာဗိုက်စူစူအဆင့်မှာတော့ သိပ်မသိသာပေမယ့် သတိထားကြည့်ရင် တဖြည်းဖြည်းသိလာမှာပဲ။ အဆီတွေကြောင့် နှလုံးသွေးကြောကျန်းမာရေးကို ထိခိုက်ထားတာကြောင့်မောပန်းမှုဒဏ်ကို မခံနိုင်တော့ပါဘူး။

  • ကိုယ့်အရွယ်အစားကိုယ် သံသယဖြစ်လာမယ်

ဗိုက်ထွက်နေတဲ့ကိုယ့်ပုံစံကိုယ်စိတ်ညစ်လာမယ်၊ ကြာလာရင် လိင်ဆက်ဆံဖို့ ဆန္ဒတွေလျော့လာမယ်။ အဆိုးဆုံးက ဗိုက်ပူပူနဲ့ယှဉ်လိုက်ရင် ကိုယ့်ရဲ့လိင်တံအရွယ်အစားကိုပါသေးတယ်လို့ စိတ္တဇဖြစ်လာတာပါပဲ။ ဒီအတွေးကြောင့်ပဲ လိင်စိတ်ကျဆင်းလာနိုင်ပါတယ်။

ဘီယာဗိုက်ကို ဘယ်လိုဖယ်ရှားမလဲ

ဘီယာဗိုက်ကို ကိတ်မုန့်လှီးသလို လှီးထုတ်လို့မရတော့လည်း အပင်ပန်းတော့ခံရပါမယ်။ ဗိုက်အဆီနဲ့ ကိုယ်အလေးချိန်များခြင်းက လိင်ကိစ္စအတွက်တင် မဟုတ်ဘဲ အဝလွန်ခြင်း၊ နှလုံးရောဂါ၊သွေးတိုးနဲ့ ဆီးချိုတို့လိုရောဂါကြီးတွေပါ ဖြစ်နိုင်ခြေသိပ်များတာမို့ အမြန်ဖြေရှင်းသင့်၊ ကြိုတင်ကာကွယ်သင့်တဲ့အချက်ဖြစ်ပါတယ်။ လူမကျန်းမာရင် ဒါမှမဟုတ် အသက်တိုရင် လိင်ကိစ္စဆိုတာထက် ပိုပြီးပြဿနာကြီးမှာ သိကြတယ်မလား။ အကောင်းဆုံးက –

  • အစားမှန်အောင်စားပါ။ မနက်စာမစားတာ၊ နေ့လယ်စာလွတ်တာ၊ ညစာမစားဘဲ သောက်ပဲသောက်တာမျိုးတွေ မလုပ်ပါနဲ့။ အာဟာရပြည့်တဲ့အစားအစာတွေကို ထိုက်သင့်တဲ့ပမာဏနဲ့ အချိန်မှန်စားပေးပါ။
  • အမြည်းတွေကို သတိထားပါ။ အာလူးကြော်၊ စားသောက်ဆိုင်က အမြည်းဟင်းပွဲတွေ၊ တခြားအစားအစာတွေအပါအဝင် အမြည်းလုပ်တဲ့အရာမှန်သမျှ ကယ်လိုရီ၊ အငန်နဲ့ အဆီတွေ ပါဝင်မှုများပါတယ်။
  • ပရိုတင်းနဲ့ အမျှင်ဓာတ်များတာစားပါ။ အမျှင်ဓာတ်များတဲ့အစားအစာတွေက ချေဖျက်ရလွယ်ပြီး ကြာကြာဗိုက်ပြည့်နေစေပါတယ်။ အသီးတွေ၊ အသီးအရွက်တွေနဲ့ အစေ့အဆန်တွေစားပါ။ ပရိုတင်းဓာတ်က ကြွက်သားတည်ဆောက်မှုနဲ့ ခွန်အားပြည့်ဝမှုအတွက် အဓိကအရေးပါပါတယ်။
  • လျှော့သောက်ပါ။ ဒါအဓိကအချက်ပေါ့။ ဘီယာဗိုက်မဖြစ်အောင် ဘီယာမသောက်ဘူး၊ တခြားဟာသောက်တယ်ဆိုလည်း ပူမှာပါပဲ။ အယ်လ်ကိုဟောပါတာတွေသောက်နေသမျှ ဗိုက်ချပ်လာဖို့ မမျှော်လင့်ပါနဲ့။ အယ်လ်ကိုဟော၊ အချိုရည် နဲ့ အစားများခြင်း တို့က ဗိုက်အဆီတက်စေတဲ့ အရာတွေဖြစ်ပါတယ်။
  • လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းမလုပ်နိုင်၊ ဂျင်မ်မသွားရင်တောင်မှ တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှားနေပေးပါ။ ကိုယ်လက်လှုပ်ရှားမှုက အဆီကျစေရုံမက endorphinဟော်မုန်းပမာဏကိုတိုးစေပြီး အမျိုးသားတွေကို စိတ်ပိုပျော်စေမယ်၊ ဆွဲဆောင်မှုပိုရှိစေနိုင်တယ်၊ လိင်မှုကိစ္စအတွက် ခွန်အားတိုးစေတယ်။ ဖြစ်နိင်ရင် တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက်တော့ လေ့ကျင့်ခန်းခပ်ပြင်းပြင်း လုပ်တာကောင်းပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.selfgrowth.com/articles/obesity-and-sexual-health-6-effects-of-belly-fat-on-sexual-function

Accessed Mar 15, 2019.

https://www.webmd.com/diet/obesity/features/the-risks-of-belly-fat

Accessed Mar 15, 2019.

 

ယခုပုံစံ

09/03/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘီယာသောက် တာက သင့်ရဲ့ကိုလက်စထရောထိန်းချုပ်မှုအပေါ် ဘယ်လိုသက်ရောက်စေလဲ

ဘီယာဗိုက်ကို ဘယ်လိုဖယ်ရှားကြမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 09/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement