backup og meta

ကပ္ပာယ်အိတ် က နီညိုရောင်အဖုလေးတွေက ဘာလေးတွေလဲ။

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


21/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကပ္ပာယ်အိတ် က နီညိုရောင်အဖုလေးတွေက ဘာလေးတွေလဲ။

    တချို့ အမျိုးသားတွေရဲ့ ကပ္ပာယ်အိတ် မှာ နီညိုရောင် အဖုလေးတွေ ရှိနေတတ်ပါတယ်။ တချို့တွေမှာဆို ကပ္ပာယ်အိတ်အနှံ့ ရှိနေတာပါ။ ဘာလက္ခဏာမှ မပြပေမယ့် ဒါတွေက လိင်ကတဆင့် ကူးစက်တာလား ဒါမှမဟုတ် ကင်ဆာဖြစ်ချင်နေတာလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။  ဒီအဖုလေးတွေကို Angiokeratoma : Of  Fordyce လို့ ခေါ်ပါတယ်။

    Angiokeratoma ဆိုတာ ဆံချည်မျှင်သွေးကြောတွေ ပုံမှန်မဟုတ်ဘဲ ထုံးဖွဲ့နေတာပါ။ ဒီသွေးကြောထုံးတွေက အဖုအနေနဲ့ အရေပြားပေါ်မှာ ရှိနေတာပဲ ဖြစ်ပါတယ်။ Angiokeratoma က အမျိုးအစားတွေ အများကြီး ရှိပြီး ကပ္ပာယ်အိတ်မှာ ရှိနေတာကိုတော့ Angiokeratoma : Of  Fordyce လို့ ခေါ်ပါတယ်။

    ၁၈၉၆ ခုနှစ်တုန်းက John Addison Fordyce ဆိုတဲ့ သူက အသက် ၆၀အမျိုးသားရဲ့ ကပ္ပာယ်အိတ်မှာ စပြီးတွေ့ခဲ့ရလို့ သူ့နာမည်ကို စွဲပြီး Angiokeratoma : Of  Fordyce လို့ ခေါ်တာဖြစ်ပါတယ်။ အမျိုးသမီး မိန်းမကိုယ်နှုတ်ခမ်းသားမှာလည်း တွေ့ရတတ်ပေမယ့် အမျိုးသားတွေမှာ တွေ့ရတာက ပိုများပါတယ်။

    ကပ္ပာယ်အိတ် မှာ Angiokeratoma ဘာကြောင့် ဖြစ်ရတာလဲ။

    ဘာကြောင့်ဖြစ်ရတာလဲဆိုတာကိုတော့ အတိအကျ မပြောနိုင်ကြသေးပါဘူး။ တချို့ကလည်း သွေးပြန်ကြောတွေထဲမှာ ဖိအားများလာလို့လို့ ယူဆကြပါတယ်။ တချို့စာတမ်းတွေမှာ ဝှေးစေ့သွေးပြန်ကြောထုံးတဲ့ရောဂါ၊ မျိုးပွားအင်္ဂါ သွေးပြန်ကြောဖိအားကို များစေတဲ့ အူကျတာ၊ ထိခိုက်ဒဏ်ရာကျတာ၊ အကျိတ်စတာတွေရှိရင် ဖြစ်တတ်တယ်လို့လည်း ပြောကြပါတယ်။

    တချို့ကလည်း ဝှေးစေ့သွေးပြန်ကြောထုံးတာနဲ့ ဒီနီညိုရောင်ဖုလေးတွေ ထွက်တာက တိုက်ဆိုင်မှုပဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီတော့ Angiokeratoma တွေက အကြောင်းအရင်းမရှိဘဲ သူ့အလိုလိုဖြစ်တတ်တယ်လို့ပဲ ပြောရမှာပါ။

    ကပ္ပာယ်အိတ် က နီညိုရောင် အဖုလေးတွေရဲ့ လက္ခဏာက

    • လူနာအများစုကတော့ ဒီအဖုလေးတွေက ဘယ်တုန်းက ထွက်လာမှန်းမသိဘူး။ တချို့တွေက ပိုပိုပြီး များလာတယ်လို့ ပြောကြပါတယ်။
    • ဘာလက္ခဏာမှလည်း ပြလေ့မရှိပါဘူး။ ဥပမာ နာတာ၊ ယားတာ။ ဒါကြောင့်လည်း အများစုက သတိမထားမိတတ်ကြပါဘူး။
    • များလာမှ ဒါမှမဟုတ် မတော်တဆ ကုတ်မိရင်းနဲ့ သွေးထွက်မှ သတိထားမိကြတာ ဖြစ်ပါတယ်။
    • ရှားရှားပါးပါး တချို့တွေမှာ နာတာ၊ ယားတာ ဖြစ်တယ်လို့တော့ ပြောကြပါတယ်။
    • အဖုလေးတွေက အမည်း၊ နက်ပြာ၊ နီညိုရောင် အဖုလေးတွေ ဖြစ်ပြီး ၃မီလီမီတာလောက် ရှိပါတယ်။ မျက်နှာပြင်မှာ အဖက်လေးတွေ ရှိနေတတ်ပါတယ်။

    ကပ္ပာယ်အိတ် က နီညိုရောင်အဖုလေးတွေက ဘာလေးတွေလဲ။

    ကပ္ပာယ်အိတ် က ဒီအဖုလေးတွေက ဒုက္ခပေးတတ်လား။

    တကယ်တော့ ဒီအဖုလေးတွေက လူကို ဒုက္ခပေးလေ့မရှိပါဘူး။ သူ့ရဲ့ အဓိက ပြဿနာက သွေးကြောထုံးလေးတွေ ဖြစ်တဲ့အတွက်  မတော်တဆ ထိခိုက်မိရင် သွေးထွက်တတ်တာပဲ ဖြစ်ပါတယ်။
    အများထင်နေကြသလို ကင်ဆာတို့၊ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေလည်း မဟုတ်ပါဘူး။

    ဒီအဖုလေးတွေကို ကုသလို့ရသလား။

    ဒီတိုင်းထားလည်း ဘာမှတော့ မဖြစ်ပေမယ့် တချို့တွေက မတော်တဆသွေးထွက်မှာ စိုးတာကြောင့်ရယ်၊ အမြင်အရ ကြည့်လို့မလှတာရယ်ကြောင့် ဖယ်ရှားဖို့ ဆန္ဒရှိကြပါတယ်။
    မကုသခင်မှာတော့ ဒီအဖုလေးတွေက Angiokeratoma ပဲ ဖြစ်ပြီး တခြားရောဂါ မဟုတ်ဘူးဆိုတာကို အတည်ပြုဖို့ လိုပါတယ်။ သေချာရင် အောက်ပါနည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ်။
    • ဖျက်ထုတ်တာ- ဒါက တစ်ခု၊ နှစ်ခုလောက်ဆိုရင် အဆင်ပြေပေမယ့် များရင်တော့ သုံးဖို့ မသင့်ပါဘူး။
    • Cryotherapy – နိုက်ထရိုဂျင်အရည်ကို သုံးပြီး ကုသတာ ဖြစ်ပါတယ်။ အဖုနေရာမှာ အရောင်ဖျော့သွားတာ၊ အမာရွတ်ကျန်တာ ဖြစ်တတ်ပါတယ်။
    • Electrocautery – အပူပေးပြီး အဖုလေးတွေကို ဖျက်ဆီးပစ်တာ ဖြစ်ပါတယ်။
    • လေဆာပစ်တာ
    • Sclerotherapy – သွေးကြောထုံးတွေကို ကျုံ့သွားအောင် ဆေးထိုးတာပဲ ဖြစ်ပါတယ်။

    ကပ္ပာယ်အိတ် က နီညိုရောင်အဖုလေးတွေက စိုးရိမ်စရာလား

    • နီညိုရောင်ဖုလေးတွေဆိုတာ သွေးကြောထုံးလေးတွေ ဖြစ်ပြီး Angiokeratoma  လို့ ခေါ်ပါတယ်။
    • ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို သေချာ မသိကြသေးပါဘူး။
    • ကင်ဆာ၊ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ မဟုတ်ပါဘူး။
    • တချို့တွေမှာ သွေးထွက်တာမျိုးရှိပေမယ့် အများစုမှာ လက္ခဏာလည်း မပြ၊ အန္တရာယ်လည်း မပေးပါဘူး။
    • ခွဲစိတ်နည်းတွေကို သုံးပြီး ဖယ်ရှားနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    21/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement