backup og meta

စအို နဲ့ လိင်ဆက်ဆံခြင်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စအို နဲ့ လိင်ဆက်ဆံခြင်း

    မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ၉၀% သော အမျိုးသား အချင်းချင်း လိင်ဆက်ဆံတဲ့ အမျိုးသားတွေနဲ့ ၅% ကနေ ၁၀% သော လိင်ဆက်ဆံတဲ့ အမျိုးသမီးတွေဟာ စအိုအဝအတွင်း ထိုးသွင်းဆက်ဆံခံရမှုကို နှစ်သက်ကြပါတယ်။ ဒီလို စအို နဲ့ လိင်ဆက်ဆံခြင်း ပြုလုပ်တဲ့အခါ သတိထားရမယ့် ကျန်းမာရေးပြဿနာလေးတွေ ရှိပါတယ်။

    စအို နဲ့ လိင်ဆက်ဆံခြင်း

    Anal sexလို့ အလွယ်ခေါ်ကြတဲ့ စအို နဲ့ လိင်ဆက်ဆံခြင်း  ဟာ လိင်တံကို စအိုအတွင်းကို ထိုးသွင်းတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူကို ဆိုလိုပါတယ်။ စအိုဟာ အာရုံခံနိုင်စွမ်းမြင့်မားတဲ့ အာရုံကြောတွေနဲ့ ပြည့်နှက်နေတာကြောင့် ခံစားမှု ကောင်းနိုင်ပါတယ်။

    ထိုးသွင်းခံရသူအတွက် စအိုဟာ လိင်လှုံ့ဆော်မှုကို တုံ့ပြန်တဲ့ ရမ္မက်ကြွလွယ်တဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။ သူဟာ လိင်တံ တင်းကျပ်မှုကိုလည်း ပေးစွမ်းပါတယ်။

    လူအချို့က စအိုဖြင့် လိင်ဆက်ဆံခြင်းကို သာယာဖွယ်ကောင်းတယ်လို့ ယူဆပေမယ့် ဒီလိုလုပ်ခြင်းမှာ ဆိုးကျိုးတွေ ရှိပြီးတော့ လုံခြုံစိတ်ချရဖို့အတွက် အထူးကြိုတင်ကာကွယ်မှုတွေ လိုအပ်ပါတယ်။

    စအိုဖြင့် လိင်ဆက်ဆံခြင်းဟာ လုံခြုံစိတ်ချရပါသလား။

    စအို နဲ့ လိင်ဆက်ဆံခြင်း နဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာ အများအပြား ရှိပါတယ်။

    အောက်ဖော်ပြပါ အချက်တွေ အပါအဝင် အခြားအကြောင်းရင်းများစွာကြောင့် စအို နဲ့ လိင်ဆက်ဆံခြင်း ဟာ အန္တရာယ် အကြီးမားဆုံး လိင်ဆက်ဆံနည်း ဖြစ်ပါတယ်။

    (၁) စအိုဟာ မိန်းမကိုယ်လိုမျိုး သဘာဝကပေးထားတဲ့ ချောဆီ မပါရှိပါဘူး။ ထိုးသွင်းမှုဟာ စအိုထဲရှိ တစ်ရှူးတွေကို ပျက်စီးစေပြီးတော့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို သွေးကြောထဲ ဝင်ရောက်စေပါတယ်။

    ဒါဟာ ကူးစက်ရောဂါ (အထူးသဖြင့် HIV) တွေကို ပြန့်ပွားစေပါတယ်။ လေ့လာမှုတွေက စအိုဝကို လိင်ထိုးသွင်းဆက်ဆံခံရသူတွေဟာ ပုံမှန် မိန်းမကိုယ်နဲ့ လိင်ဆက်ဆံသူတွေထက် HIV ဖြစ်ပွားနှုန်း အဆ ၃၀စာ ပိုမိုများပြားပါတယ်။

    (၂) ချောဆီအသုံးပြုခြင်းဟာ အချို့အခြေအနေတွေမှာ အသုံးဝင်ပေမယ့် အရေပြားပြဲခြင်းကို အပြည့်အဝ ကာကွယ် မပေးနိုင်ပါဘူး။

    အပြင်က အရေပြားနဲ့ မတူတာက စအိုအတွင်းဘက်က တစ်ရှူးတွေဟာ အကာအကွယ် နည်းပါးပါတယ်။ အပြင်ဘက်ကတစ်ရှူးတွေဟာ ဆဲလ်သေ အထပ်ပေါင်းများစွာ ကာရံထားပြီးတော့ ရောဂါပိုးကူးစက်ခံရမှုကို ကာကွယ်ပေးပါတယ်။

    (၃) စအိုထဲက တစ်ရှူးကတော့ ဒီလိုအကာအကွယ်မျိုး မရှိဘဲ ပြဲထွက်ခြင်းနဲ့ ရောဂါကူးစက်ခံရခြင်းကို ပိုမိုဖြစ်စေနိုင်ပါတယ်။

    စအိုဟာ မစင်တွေကို သိမ်းထားပေးပါတယ်။ အကွင်းပုံရှိတဲ့ ကြွက်သားကို စအိုဝကြွက်သားလို့ ခေါ်ပြီး သူဟာ ဝမ်းသွားပြီးရင် ပြန်တင်းပြီး စအိုကို ကာကွယ်ပေးပါတယ်။ ဒီကြွက်သားဟာ မာနေရင် ထိုးသွင်းခြင်းဟာ သာယာဖွယ်မကောင်းဘဲ ခက်ခဲတတ်ပါတယ်။

    ဒါကြောင့် အခန့်မသင့်ရင် စအိုကြွက်သားတွေ ပြဲတတ်ပါတယ်။ စအိုဆိုတာ အမြဲတမ်း မစင်တွေ ရှိနေတဲ့နေရာဆိုတော့ ပေါက်ပြဲဒဏ်ရာတွေကနေ ပိုးဝင်လွယ်ပါတယ်။

    (၄) စအိုနဲ့ လိင်ဆက်ဆံခြင်းကို အခါပေါင်းများစွာပြုလုပ်တဲ့အခါ ဒီကြွက်သားကို အားနည်းစေပြီးတော့ သင်အိမ်သာထဲရောက်တဲ့အထိ မစင်တွေကို ထိန်းသိမ်းထားပေးဖို့ ခက်ခဲနိုင်ပါတယ်။ တင်ပဆုံ အတွင်းပိုင်း လေ့ကျင့်ခန်း (ကီဂယ် လေ့ကျင့်ခန်း) ဟာ ဒီပြဿနာကို ကာကွယ်ဖြေရှင်းပေးနိုင်ပါတယ်။

    စအိုဟာ ဘက်တီးရီးယားတွေနဲ့ ပြည့်နှက်နေပါတယ်။ သင့်မှ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ မရှိရင်တောင်မှ စအိုအတွင်းက ဘက်တီးရီးယားတွေကို ထိုးသွင်းသူကို ရောဂါကူးစက်နိုင်ပါတယ်။

    (၅) စအို နဲ့ လိင်ဆက်ဆံပြီး မိန်းမကိုယ်နဲ့ လိင်ဆက်ဆံခြင်းဟာ သင့်မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းကို ရောဂါကူးစက်စေနိုင်ပါတယ်။

    စအိုနဲ့ လိင်ဆက်ဆံခြင်း ပြုလုပ်ပြီးချိန်မှာ သန့်ရှင်းရေး မလုပ်ဘဲ မိန်းမကိုယ်ထဲကို ထိုးသွင်းဆက်ဆံမယ်ဆိုရင် စအိုထဲက ပိုးတွေက မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းကို ရောက်သွားနိုင်ပါတယ်။

    (၆)  စအို နဲ့ လိင်ဆက်ဆံပြီး ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းဟာ အသည်းရောင်ရောဂါ၊ ရေယုန်၊ HPV နဲ့ အခြားရောဂါပိုးတွေ ကူးစက်ခံရနိုင်ပါတယ်။

    ပါးစပ် ဒါမှမဟုတ် စအိုမှာ ပေါက်ပြဲဒဏ်ရာတွေ ရှိပြီး တစ်ယောက်ယောက်မှာ အသည်းရောင်အသားဝါပိုး၊ ရေယုန်ပိုး၊ လိင်အင်္ဂါရေယုန်ပိုးတွေရှိနေရင် နောက်တစ်ယောက်ဆီကို ကူးစက်နိုင်ပါတယ်။

    စအိုနဲ့ လိင်ဆက်ဆံပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရခြင်းဟာ အဖြစ်မများပေမယ့် ဖြစ်တော့ ဖြစ်နိုင်ပါတယ်။ စအိုနဲ့ လိင်ဆက်ဆံပြီး သွေးထွက်ခြင်းဟာ လိပ်ခေါင်း၊ စအိုပြဲခြင်းနဲ့ တခြားပိုဆိုးတဲ့ ပြဿနာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒါဟာ အရေးကြီးပြီး အရေးပေါ် ဆေးကုသမှု ယူသင့်ပါတယ်။ ဆေးကုသမှုဟာ ဆေးရုံတက်ခြင်း၊ ခွဲစိတ်ကုသခြင်းနဲ့ ရောဂါပိုးကာကွယ်ဖို့ ပိုးသတ်ဆေး အသုံးပြုခြင်းတို့ဖြစ်ပါတယ်။

    စအို နဲ့ လိင်ဆက်ဆံခြင်းကြောင့် ဖြစ်လာတဲ့ ပြဿနာတွေက ဘယ်လိုကာကွယ်မလဲ။

    တစ်ခုတည်းသော ပြဿနာ ရှောင်ရှားခြင်းဟာတော့ စအိုနဲ့ လိင်ဆက်ဆံမှု မပြုခြင်းဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက လက်တွေ့မကျပါဘူး။ ဒါကြောင့် စအိုနဲ့ ဆက်ဆံမယ်။ ရောဂါလည်း မကူးချင်ဘူးဆိုရင် ရောဂါကူးစက်မှုကို ကာကွယ်ဖို့ ကွန်ဒုံး အသုံးပြုသင့်ပါတယ်။

    အောက်ဖော်ပြပါအချက်တွေနဲ့ စအိုနဲ့လိင်ဆက်ဆံခြင်းရဲ့ အန္တရာယ်ကို ရှောင်ရှားနိုင်ပါတယ်။

    ၁။ စအိုနဲ့ လိင်ဆက်ဆံတိုင်းမှာ ကွန်ဒုံးသုံးပါ။

    ၂။ သင့်လိင်ဆက်ဆံဖက်ဟာ လိင်တံကို စအိုတွင်းထိုးသွင်းပြီးပြီဆိုရင် ပါးစပ်ထဲသော်လည်းကောင်း၊ မိန်းမကိုယ်ထဲသော်လည်းကောင်း ထပ်ပြီး မထိုးသွင်းပါနဲ့။ ထိုးသွင်းမယ်ဆိုရင် ကွန်ဒုံး အသစ် လဲပါ။

    ၃။ အရေပြားအပြဲအရှတွေ လျှော့ချဖို့ ချောဆီက အရေးကြီးပါတယ်။ ရာဘာ ကွန်ဒုံးတွေဝတ်ရင် ရေကိုအခြေခံထားတဲ့ ချောဆီကို အမြဲ အသုံးပြုပါ။

    ၄။ လိင်တံကို ထိုးသွင်းခြင်းမပြုမီ အပြဲအရှ သက်သာစေဖို့ စိတ်လျှော့ထားပါ။ လိင်မဆက်ဆံမီ ရေပူနဲ့ ရေချိုးခြင်း (သို့) လဲလျောင်းခြင်းဟာလည်း ထိုးသွင်းမှုကို လွယ်ကူစေပါတယ်။

    ၅။ စအိုနဲ့ လိင်ဆက်ဆံမှုဟာ သင့်သောင့်သက်သာ မရှိဘူးဆိုရင် ရပ်လိုက်ပါ။

    ၆။ လိင်ဆက်ဆံဖော် မများပါစေနဲ့။ လိင်ဆက်ဆံဖော် များတယ်ဆိုရင် ကူးစက်ရောဂါတွေအတွက် ပုံမှန်ဆေးစစ်ပါ။ HIV clinicတွေမှာ PrEPယူဖို့ ဆွေးနွေးပါ။

    စအိုနဲ့ လိင်ဆက်ဆံပြီး သွေးထွက်ရင် (သို့) စအိုပတ်ပတ်လည်မှာ အနာ၊ အဖု၊ တစ်ခုခုထွက်လာရင်၊ သင့်ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement