backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ံHuman Papilloma virus ဗိုင်းရပ်စ်ပိုးဝင်ခြင်းလက္ခဏာ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ံHuman Papilloma virus ဗိုင်းရပ်စ်ပိုးဝင်ခြင်းလက္ခဏာ

Human papillomavirus လို့ ခေါ်တဲ့ HPV ပိုး (လိင်အင်္ဂါကြွက်နို့ပိုး) ဟာ အရွယ်ရောက်ပြီးတဲ့ အမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရများပါတယ်။ HPV ဟာ အန္တရာယ်များပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်စေရုံသာမက နောက်ဆုံးမှာ ကင်ဆာတောင် ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကြွက်နို့ရောဂါပိုးရဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

•HPV ပိုးအကြောင်း ဘာသိပါသလဲ။

Human papilloma virus လို့ ခေါ်တဲ့ HPV (လိင်အင်္ဂါကြွက်နို့ပိုး )ရောဂါပိုးဟာ လိင်အင်္ဂါ အတွင်းပိုင်းနဲ့ အနီးတစ်ဝိုက်မှာ ရောဂါဖြစ်စေပါတယ်။ ဒီရောဂါပိုးဟာ အရွယ်ရောက်ပြီးသူ အမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရများတတ်ပါတယ်။ တကယ်တော့ လိင်ဆက်ဆံမှု များတဲ့သူတွေရဲ့ ထက်ဝက်လောက်ဟာ HPV ရောဂါပိုးကို သူတို့ဘဝမှာ တစ်ခါတော့ ရရှိမှာပဲဖြစ်ပါတယ်။ အံ့သြဖို့ကောင်းတာကတော့ HPV ဟာ သိသာထင်ရှားတဲ့ လက္ခဏာတွေ မပြတတ်တာကြောင့် သူတို့ဟာ သူတို့မှာ ရောဂါပိုးရှိကြောင်းကို သိကြမှာမဟုတ်ပါဘူး။

ရောဂါလက္ခဏာတွေကတော့ အစပထမ ကူးစက်ခံရတဲ့ HPV အမျိုးအစားပေါ်မူတည်ပါတယ်။ HPV ရောဂါပိုး အမျိုးအစားပေါင်း ၁၀၀ ကျော်ရှိပြီး အချို့မှာ မျက်လုံးနဲ့ အမြဲ မမြင်နိုင်တဲ့ လိင်အင်္ဂါကြွက်နို့တွေ ဖြစ်စေနိုင်ပါတယ်။

အခြားတစ်ဘက်မှာတော့ HPV ပိုးဟာ သားအိမ်ခေါင်းနဲ့ အခြားကင်ဆာတွေကို ဖြစ်စေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာတော့ ကြွက်နို့ရော အခြားလက္ခဏာတွေပါ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခြား HPV ရောဂါပိုးတွေဟာ ကြွက်နို့တွေကို ကိုယ်ခန္ဓါရဲ့ ခြေထောက်နဲ့ လက်တွေမှာလည်း ဖြစ်စေနိုင်ပါတယ်။HPV ရောဂါပိုးရရှိသူ အများစုဟာ ကုသစရာမလိုပဲ ဘယ်လိုကျန်းမာရေး ပြဿနာမှလည်း မဖြစ်ပွားပဲ ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမယ့် ကုသမှုမရှိပဲ HPV ရောဂါပိုးဟာ ကိုယ်ခန္ဓါထဲမှာ နေလေလေ သားအိမ်ခေါင်းကင်ဆာ နဲ့ စအို ကင်ဆာ စတဲ့ ဆိုးဝါးတဲ့ အကျိုးဆက်တွေ ဖြစ်နိုင်ခြေများလေလေဆိုတာကိုလဲ ဂရုပြုဖို့ လိုအပ်ပါတယ်။

•လိင်အင်္ဂါကြွက်နို့ရောဂါလက္ခဏာများ

HPV (လိင်အင်္ဂါကြွက်နို့ပိုး) ဟာ အရေပြား (သို့) လိင်အင်္ဂါတို့နဲ့ ဆင်တူတဲ့ အမြှေးပါး တွေထဲမှာ နေတတ်ပါတယ်။ တကယ်လို့ လိင်အင်္ဂါ ကြွက်နို့ ပေါ်လာပြီဆိုရင် HPV ရောဂါပိုးရရှိပြီလို့ ဆိုလိုတာဖြစ်ပါတယ်။ လိင်အင်္ဂါ ကြွက်နို့တွေဟာ ပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုး ရှိတတ်ပါတယ်။ သူတို့ဟာ ပန်းရောင်၊ အသားရောင်၊ အသားနဲ့တစ်ပြေးတည်း (သို့) ဖေါင်းနေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ပန်းဂေါ်ဖီပုံစံတောင် ရှိနိုင်ပါသေးတယ်။ ကြွက်နို့ကို တစ်လုံးတည်း (သို့) အများကြီး တစ်ပြိုင်နက်လည်း ကြုံရနိုင်ပါတယ်။ လိင်အင်္ဂါ ကြွက်နို့တွေကို သားအိမ်ခေါင်း၊ ပေါင်ခြံ၊ လိင်တံ၊ ကပ်ပယ်အိတ်၊ စအိုနဲ့ ပေါင်တို့မှာ တွေ့ရတတ်ပါတယ်။

သူတို့ဟာ ခန့်မှန်းရ ခက်ခဲပါတယ်။ လိင်အင်္ဂါကြွက်နို့ ရောဂါရှိတဲ့သူနဲ့ လိင်ဆက်ဆံပြီး ရက်သတ္တပတ်ပေါင်းများစွာ (သို့) လပေါင်းများစွာ ကြာမှ ပေါ်လာတတ်ပါတယ်။ ဒီလူဟာ သူတို့မှာ HPV ရှိမှန်းတောင် သိမှာမဟုတ်ပဲ HPV ပြန့်ပွားခြင်းအတွက် တာဝန်ရှိတယ်ဆိုတာကိုလည်း သိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆေးရုံ၊ ဆေးခန်းတွေကို ပုံမှန်သွားပြသင့်ပြီး ကိုယ်ခန္ဓါဟာ ကောင်းကောင်းလည်ပတ်နေပြီး ဆိုးဝါးတဲ့ အကျိုးဆက်မရှိဘူးဆိုတာ သေချာစေသင့်ပါတယ်။

သင့်ကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းကို သွားရောက်ပြီး အနည်းဆုံးတစ်နှစ်တစ်ခါ အပြည့်အဝ စမ်းသပ်စစ်ဆေးမှု ခံယူသင့်ပါတယ်။ လိင်အင်္ဂါကြွက်နို့ ရောဂါ လက္ခဏာတွေ ရှိခဲ့ရင်တော့ အမြန်ဆုံးဆေးကုသသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr . Phyu Mon Latt မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement