backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သုက်ရည်ကို မျိုချမိတဲ့အခါ HIV ပိုး ကူးစက်ခံရနိုင်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သုက်ရည်ကို မျိုချမိတဲ့အခါ HIV ပိုး ကူးစက်ခံရနိုင်လား

HIV ပိုးဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်နိုင်တယ်ဆိုတာတော့ လူတော်တော်များများ သိကြမယ် ထင်ပါတယ်။ လိင်တူဖြစ်စေ၊ လိင်ကွဲဖြစ်စေ အကာအကွယ် (ကွန်ဒုံး) အသုံးမပြုပဲ လိင်ဆက်ဆံရင် HIV ပိုး ကူးစက်နိုင်ခြေ ပိုများပါတယ်။

လူသိအများဆုံးသော လိင်ဆက်ဆံခြင်းနည်းလမ်းများ

၁။ ပါးစပ်၊ လျှာဖြင့် လိင်တံ၊ မိန်းမကိုယ်ကို နှိုးဆွခြင်း၊ စုပ်ယူခြင်း (Oral Sex)

၂။ လိင်တံဖြင့် မိန်းမကိုယ်ထဲသို့ ထိုးသွင်းဆက်ဆံခြင်း (Vaginal Sex)

၃။ လိင်တံဖြင့် စအိုအတွင်းသို့ ထိုးသွင်းဆက်ဆံခြင်း (Anal Sex) ဆိုပြီး ၃မျိုး ရှိပါတယ်။

ဘယ်လိုလိင်ဆက်ဆံခြင်းက HIV ပိုး ကူးစက်နှုန်း အမြင့်ဆုံးလဲ။

ကွန်ဒုံးအသုံးမပြုပဲ စအိုအတွင်း ထိုးသွင်းဆက်ဆံခြင်းဟာ ကူးစက်နိုင်ခြေအမြင့်ဆုံး ဖြစ်ပြီး ဒုတိယနေရာမှာတော့ ကွန်ဒုံးမပါပဲ မိန်းမကိုယ်တွင်း ထိုးသွင်းဆက်ဆံခြင်းကြောင့် ကူးစက်နိုင်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံတာကိုတော့ ကူးစက်နိုင်ခြေ အနည်းဆုံးလို့တော့ သုတေသီက လေ့လာတွေ့ရှိထားပါတယ်။ ဒါပေမယ့်လည်း လုံးဝမကူးစက်နိုင်တာ မဟုတ်တဲ့အတွက် အကောင်းဆုံးကတော့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုဖို့ အရေးကြီးပါတယ်။

သုက်ရည်မျိုချမိတဲ့အခါ HIV ပိုး ကူးစက်နိုင်ခြေရှိလား။

ဖြစ်နိုင်ခြေ နည်းပေမယ့် လုံးဝမကူးစက်နိုင်တာမျိုး မဟုတ်ပါဘူး။ ရောဂါပိုးရှိသူရဲ့ သွေး၊ သုက်ရည်၊ ရာသီသွေး၊ မိခင်နို့ရည်ဟာ ကိုယ်ခန္ဓာထဲရှိ သွေးလမ်းကြောင်းထဲ ဝင်ရောက်ခြင်းဖြင့် HIV ပိုး ကူးစက်တာ ဖြစ်ပါတယ်။ ကူးစက်နိုင်ခြေနည်းတဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှာလည်း သုက်ရည်ကို မျိုချမိရင် ကူးစက်နိုင်ခြေ ပိုမြင့်နိုင်ပါတယ်။

တခြားဘယ်လိုအခြေအနေတွေမှာ ကူးစက်နိုင်ခြေ ပိုများနိုင်လဲ။

ပါးစပ်ဖြင့် လိင်ဆက်ဆံရာမှာ သုက်ရည်မျိုချမိတာအပြင်

၁။ ပါးစပ်အတွင်း အနာပေါက်နေတာ

၂။ သွားခွဲစိတ်ထားတာ၊ အနာမကျက်သေးတာ

၃။ ခံတွင်းနဲ့ လျှာမှာ ပွန်းပဲ့ဒဏ်ရာ ရှိနေတာ

၄။ ရောဂါပိုးရှိတဲ့ အမျိုးသမီးရဲ့ ရာသီသွေး၊ မိန်းမကိုယ်မှ ထွက်တဲ့အရည်ကို မျိုချမိတာတွေကြောင့် ကူးစက်နိုင်ခြေ ပိုများနိုင်ပါတယ်။

လိင်ဆက်ဆံဖော်ဟာ တစ်ဦးတစ်ယောက်ထက် များနေမယ်ဆိုရင်လည်း HIV ပိုး ကူးစက်နိုင်ခြေမြင့်လာနိုင်ပါတယ်။

ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့ နေရာမှာ ဘာတွေသတိထားဖို့ လိုမလဲ။

၁။ ကိုယ့်ပါးစပ်ထဲမှာ အနာပေါက်နေတာ၊ သွားခွဲထားတာ၊ ဒဏ်ရာရှိရင် လုံးဝမပြုလုပ်သင့်ပါဘူး။

၂။ လိင်တံမှာ ပွန်းပဲ့ဒဏ်ရာ၊ မှိုအရေပြားရောဂါအပြင် လိင်အင်္ဂါကြွက်နို့ ရှိမရှိ မဆက်ဆံခင်မှာ စစ်ဆေးပါ။

၃။ လိင်ဆက်ဆံတဲ့အခါ ကြမ်းတမ်းစွာ ဆက်ဆံတာ၊ လိင်အင်္ဂါ သို့မဟုတ် မိန်းမကိုယ် သွားနဲ့ မခြစ်မိစေဖို့ သတိထားပါ။

၄။ ပါးစပ်ဖြင့် လိင်ဆက်ဆံမှု မပြုလုပ်ခင်မှာ သွားတိုက်တာ၊ သွားပွတ်ကြိုးနဲ့ သန့်ရှင်းရေးလုပ်တာ၊ အမာစာ စားတာမျိုး မလုပ်သင့်ပါဘူး။

၅။ အကောင်းဆုံးကတော့ ဘယ်လို လိင်ဆက်ဆံမှုမျိုး ပြုလုပ်ပါစေ ကွန်ဒုံးကို အမြဲအသုံးပြုပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement