backup og meta

အိပ်ချ်အိုင်ဗီ ကူးစက်မှု ယုံတမ်းစကားများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ချ်အိုင်ဗီ ကူးစက်မှု ယုံတမ်းစကားများ

    အိပ်ချ်အိုင်ဗီပိုး ကူးစက်တာနဲ့ပတ်သက်ပြီး အမှတ်မှားနေကြတဲ့ ယုံတမ်းစကားတချို့ကို ရှင်းပြပေးချင်ပါတယ်။

    ဆေးပညာတိုးတက်မှုကြောင့် အခုချိန်မှာ အိပ်ချ်အိုင်ဗီပိုး ရှိမရှိအချိန်တိုတိုနဲ့ စမ်းသပ်နိုင်နေပြီဖြစ်သလို ရောဂါပိုး ထိန်းချုပ်မှုမှာလည်း အများကြီးတိုးတက်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ လုံးဝပျောက်ကင်းအောင်မကုသနိုင်သေးတဲ့ အတွက် ရောဂါကူးစက်မခံရအောင်ကာကွယ်ဖို့အတွက် မှန်ကန်တဲ့အသိရှိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် အခုတစ်ခေါက်တော့ အိပ်ချ်အိုင်ဗီပိုးကူးစက်မှုနဲ့ပတ်သက်တဲ့ ယုံတမ်းစကားတွေကို ဖြေရှင်းပေးချင်ပါတယ်။

    ၁ – အိပ်ချ်အိုင်ဗီပိုးရှိသူနဲ့ ထိတွေ့မိလိုက်ရုံနဲ့ရောဂါပိုးကူးစက်သွားတယ်

    အိပ်ချ်အိုင်ဗီပိုးရှိသူနဲ့ လက်ဆွဲနှုတ်ဆက်တာ၊ ပွေ့ဖက်တာ လိုထိတွေ့မှုတွေလုပ်ရုံနဲ့ ရောဂါမကူးပါဘူး။ ရောဂါပိုး ရှိသူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေမှာတော့  (သွေး၊ နို့ရည်၊ မစင်ရည်၊ လိင်ဆက်ဆံတဲ့အခါထွက်တဲ့ အရည်များ၊ သုက်ရည်) မှာတော့ အိပ်ချ်အိုင်ဗီပိုးပါဝင်တယ်။ ဒီလိုအရည်တွေက နောက်လူတစ်ယောက်ရဲ့ စအို၊ လိင်အင်္ဂါ၊ ပါးစပ် လိုနေရာတွေနဲ့ ထိတွေ့မိရင်တော့ အိပ်ချ်အိုင်ဗီ ပိုးကူးစက်ခံရနိုင်ပါတယ်။ တံတွေးကနေ အိပ်ချ်အိုင်ဗီပိုးမကူးစက်ပါဘူး။

    ၂ – အိပ်ချ်အိုင်ဗီပိုးက ခြင်ကနေတဆင့် ကူးစက်နိုင်တယ်

    မကူးစက်ပါဘူး။ လူအတော်များများက ခြင်ကနေ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါပိုးတွေ ကူးစက်သလို အိပ်ချ်အိုင်ဗီပိုးလည်း ကူးစက်နိုင်မယ်လို့ ထင်ကြပေမဲ့ ဒါဟာမမှန်ပါဘူး။ ခြင်နဲ့လူရဲ့ ဗီဇတည်ဆောက်ပုံမတူတာ ကြောင့် အိပ်ချ်အိုင်ဗီပိုးကခြင်ကိုယ်ထဲမှာ အသက်မရှင်နိုင်ပါဘူး။

    ၃ – ရောဂါပိုးရှိသူနဲ့ အစားအသောက်တွေအတူတူစားသုံးမိရင် ရောဂါကူးစက်ခံရနိုင်တယ်

    အိပ်ချ်အိုင်ဗီပိုးက လူ့ ခန္ဓာကိုယ်အပြင်မှာအချိန်ကြာကြာအသက်မရှင်နိုင်သလို ရေထဲမှာလည်းမရှင်သန် နိုင်ပါဘူး။ ဒ့ါကြောင့်မို့ ရေကူးတာ၊ ရေသောက်တာ၊ ရေချိုးတာလိုကိစ္စမျိုးတွေကနေ အိပ်ချ်အိုင်ဗီ ပိုးမကူးစက် နိုင်ပါဘူး။ နောက်ပြီး အိပ်ချ်အိုင်ဗီပိုးရှိသူနဲ့အစားအတူတူစားတာ၊ ရေချိုးခန်း၊အိမ်သာမျှဝေသုံးစွဲတာ၊ ရောဂါပိုး ရှိသူရဲ့ ချွေး၊ တံတွေး၊ မျက်ရည် စတာတွေနဲ့ထိတွေ့မိတာမျိုးတွေကနေလည်း မကူးစက်နိုင်ပါဘူး။

    ၄ – ပါးစပ်နဲ့လိင်ဆက်ဆံရင် အိပ်ချ်အိုင်ဗီမကူးစက်နိုင်ဘူး

    ပါးစပ်နဲ့လိင်ဆက်ဆံခဲ့ရင် အိပ်ချ်အိုင်ဗီပိုးကူးစက်နိုင်ချေအလွန်နည်းပါးပေမဲ့ ကူးနိုင်ချေနည်းနည်းတော့ရှိနေပါ တယ်။ ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါ လိင်တံ၊ မိန်းမကိုယ် ဒါမှမဟုတ် စအိုဝနဲ့ ထိတွေ့တဲ့အတွက် ပါးစပ်ပေါ်က mucous membrane  ကနေတစ်ဆင့် ရောဂါပိုးဝင်ရောက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ပါးစပ်နဲ့လိင်ဆက်ဆံ တော့မယ်ဆို ရောဂါမကူးစက်နိုင်အောင် dental dam ဒါမှမဟုတ် ကွန်ဒုံးအသုံးပြုပြီး ဆက်ဆံဖို့ တိုက်တွန်းချင်ပါတယ်။

    ၅ – နမ်းရှုံ့ခြင်းကနေ အိပ်ချ်အိုင်ဗီပိုးကူးစက်နိုင်တယ်

    အိပ်ချ်အိုင်ဗီပိုးက တံတွေးကနေ မကူးစက်တဲ့အတွက် နမ်းရှုံ့ခြင်းကနေ ရောဂါမကူးစက်နိုင်ပါဘူး။ ဒါပေမဲ့ ရောဂါရှိသူရဲ့ပါးစပ်နဲ့နှုတ်ခမ်းမှာ အနာတွေရှိနေပြီး ဒီအနာတွေကနေ သွေးထွက်နေမယ်ဆိုရင်တော့ နမ်းလိုက် တဲ့အခါ ရောဂါကူးစက်သွားနိုင်ပါတယ်။

    ၆ – ဆေးထိုးအပ်မျှဝေသုံးရင် အိပ်ချ်အိုင်ဗီပိုးမကူးနိုင်ဘူး

    လေ့လာမှုတွေအရ အိပ်ချ်အိုင်ဗီပိုးက ဆေးထိုးအပ်ထဲမှာ ၄၂ ရက်အထိ အသက်ရှင်နိုင်တာကို တွေ့ရှိထားတာ ကြောင့် ဆေးထိုးအပ်မျှဝေသုံးစွဲတာမျိုး လုံးဝမလုပ်ဖို့အကြံပြုချင်ပါတယ်။ တက်တူးထိုးတဲ့အခါဖြစ်ဖြစ်၊ အကြောဆေးထိုးတဲ့အခါဖြစ်ဖြစ် အကြိမ်တိုင်းမှာ တစ်ခါသုံးဆေးထိုးအပ်သာ သုံးစွဲဖို့ အကြံပြုလိုက်ပါရစေ။

    ၇ – စုံတွဲတစ်တွဲမှာ ၂ ယောက်စလုံး အိပ်ချ်အိုင်ဗီရှိနေရင် လိင်ဆက်ဆံတဲ့အခါ အကာအကွယ်သုံးစရာမလိုဘူး

    အိပ်ချ်အိုင်ဗီပိုးမှာ strain အမျိုးမျိုးရှိပြီး strain တွေကအချိန်နဲ့အလိုက်ပြောင်းလဲနေပါတယ်။ တကယ်လို့ စုံတွဲတစ်တွဲမှာ ယောင်္ကျားလေးက strain တစ်ခု မိန်းကလေးက strain  တစ်ခုဖြစ်နေရင် ၂ ယောက်အပြန် အလှန်ကူးစက်သွားပြီး ကုသရတာပိုခက်ခဲသွားနိုင်ပါတယ်။ နောက်ပြီး လိင်ဆက်ဆံမှုကနေ အိပ်ချ်အိုင်ဗီပိုးအပြင် တခြားကူးစက်တဲ့ရောဂါတွေ ကူးစက်နိုင်ချေ ရှိသေးတဲ့အတွက် လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးဖို့တော့ လိုအပ်ပါသေးတယ်။

    ရေးသားသူ – Dr.Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement